မန္တလေးကောင်စစ်ဝန်ရုံးပစ်ခတ်တိုက်ခိုက်ခံရမှု တရုတ်အစိုးရ ရှုတ်ချ

မန္တလေးကောင်စစ်ဝန်ရုံးပစ်ခတ်တိုက်ခိုက်ခံရမှု တရုတ်အစိုးရ ရှုတ်ချ

ကိုးကား - ရိုက်တာ ပုံစာ - တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian

မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပစ်ခတ်တိုက်ခိုက်ခံရမှု နဲ့ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ပြောရေးဆိုခွင့်ရှိသူကအောက်တိုဘာလ ၂၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

တရုတ်အစိုးရအနေနဲ့ ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုအပေါ် အပြင်းအထန်ရှုတ်ချပြီး မြန်မာစစ်ကောင်စီ အနေနဲ့ ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်ရေးအတွက်အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တိုက်တွန်းတယ်လို့ လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

အောက်တိုဘာလ ၁၉ ရက် ညနေ ၅ နာရီခန့်မှာ မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး သေဆုံးထိခိုက်မှုမရှိခဲ့ပေမယ့် ကောင်စစ်ဝန်ရုံးအဆောက်အဦ တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတယ်လို့ သူကဆက်ပြောပါတယ်။

“ တရုတ်အစိုးရ အနေနဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စေ့စေ့စပ်စပ်စုံစမ်းပေးဖို့ မြန်မာအာဏာပိုင်တွေကို အလေးအနက်ထားတိုက်တွန်းထားပါတယ်။ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန်အရေးယူပေးဖို့လည်း တောင်းဆိုထားပါတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian ကပြောပါတယ်။

တရုတ် ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က လည်းကန့်ကွက်ရှုံ့ချတယ်လို့ အောက်တိုဘာလ ၁၉ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရအနေနဲ့ အခုလို အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပျက်ပြားစေမယ့် အကြမ်းဖက်လုပ်ရပ်တွေ၊ အကာအကွယ်ပေးရမယ့် သံတမန်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်တဲ့လုပ်ရပ်တွေကို ကန့်ကွက်ရှုံ့ချတယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်‌ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမှာကိုလည်း NUGအစိုးရအနေနဲ့ အထူးစိုးရိမ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမယ့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဥ်တစိုက်ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက အမျိုးသားရေးလှုပ်ရှားမှု အမည်ခံ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲတွေ၊ ဆန့်ကျင်လှုပ်ရှားမှုတွေ ဆောင်ရွက်နေသလို တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်တယ်လို့လည်း NUGအစိုးရက သတိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ သဘောထားမတူကွဲပြားမှုတွေ ရှိခဲ့ရင်လည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့သာ ဆောင်ရွက်မှာဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ ပုံရိပ်ကို ထိခိုက်စေမယ့် ကိစ္စရပ်တွေ၊ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားဖြစ်ပွားစေမယ့် ကိစ္စရပ်တွေ၊ ဆောင်ရွက်ချက်တွေကို ကန့်ကွက် ရှုံ့ချတယ်လို့ ထုတ်ပြန်ထားပါတယ်။

(ယခုဘာသာပြန်သတင်း ကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times