မြိတ်-ထားဝယ် ကားလမ်းဖွင့်ပြီးနှစ်ရက်အကြာ ပုလောမှာ တိုက်ပွဲပြန်ဖြစ်
မြိတ်-ထားဝယ် ကားလမ်းဖွင့်ပြီးနှစ်ရက်အကြာ ပုလောမှာ တိုက်ပွဲပြန်ဖြစ်
မြိတ်-ထားဝယ်ကားလမ်းဖွင့်ပြီးနှစ်ရက်အကြာ ပုလောမြို့နယ်၊ သင်္ကန်းတောရွာ အနီးတိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် ၇ နာရီခန့်က ပုလော-မြိတ်ကားလမ်းပေါ်မှာရှိတဲ့ သင်္ကန်းတောရွာအနီး တိုက်ပွဲဖြစ်ပြီးနောက် နှစ်နာရီခန့် ကားလမ်းပိတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ဒီမနက်ဖြစ်တာက အကြီးအကျယ်ကိုဖြစ်တာ။ အရင်ရက်တွေတုန်းက ပလမြို့ပေါ်မှာ သေနတ်နဲ့ခြောက်ပစ်တာမျိုးပဲ ရှိခဲ့တာဒီမနက်ပွဲက အရမ်းကြမ်းတယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ကားလမ်းတွေပြန်သွားလို့ရနေပြီဖြစ်ပေမယ့် ဒေသတွင်းစစ်ရေးတင်းမာနေတဲ့အတွက် လုံခြုံရေးအရ ပုလော-မြိတ်လမ်းပိုင်းကို အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောဆိုထားပါတယ်။
ပုလောမြိုနယ်၊ ကြဲကျေးရွာအုပ်စုအတွင်း အခု ၁၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်နေတာကြောင့် မြိတ်-ထားဝယ်ကားလမ်း ရှစ်ရက်အကြာပိတ်မိခဲ့ပြီး အခုလ ၂၃ ရက်နေ့ကမှ ဖြတ်သန်းခွင့်ပြန်ရခဲ့တာပါ။
ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြားဖြစ်တဲ့ တိုက်ပွဲအတွင်းအရပ်သားဖမ်းဆီးခံရတာနဲ့ အိမ်မီးရှို့ခံရတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇရပ်ဆိပ်ရွာကို စစ်ကောင်စီတပ်ရောက်တဲ့အခုလ ၂၃ ရက်နေ့ကစလို့ ရွာခံငါးဦးထက်မနည်းကို ဖမ်းဆီးထားပြီး အိမ်တချို့ကိုလည်း မီးရှို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့လိုချင်တဲ့အိမ်လောက်ပဲရှို့တယ် တစ်ရွာလုံးရှို့တာမျိုးတော့မဟုတ်ဘူး။ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်းမို့ အတိအကျပြောဖို့ခက်တယ်။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လွန်ခဲ့တဲ့တပတ်ခန့်ကလည်း ကြဲရွာက အိမ်တချို့ကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့တယ်လို့ သိရပြီး အရေအတွက်ကိုတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်သားတွေ ပလမြို့ထဲနေရာတော်တော်များများမှာရှိနေပြီး ရွာသားတွေကိုခြိမ်းခြောက်တာတွေရှိနေတာကြောင့် ဒေသခံထောင်ချီအလုံးအရင်းထွက်ပြေးနေရတယ်လို့ သိရပါတယ်။
“pdf တွေနဲ့ဆက်သွယ်ရှိတဲ့သူတစ်ယောက်ယောက်ကိုမိရင် လူတွေရှေ့မှာ ပစ်သတ်ပြမယ်ဆိုပြီး စစ်ဗိုလ်ကပြောတယ်။ ရွာထဲမှာပဲ ထမင်းလာတောင်းရင်းနဲ့ပြောခဲ့တာ။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပလမြို့ထဲကအိမ်တွေမှာ ထမင်း၊ဟင်း၊ စားသုံးဆီနဲ့ကုန်ခြောက်တွေလိုက်တောင်းနေတယ်လို့လည်း အဲဒီအမျိုးသားက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အခုလ ၁၇ ရက်နေ့လောက်ကစပြီး ပလမြို့၊ တို ရွာတွေကို တပ်သားအင်အားဖြည့်တင်းပြီး ကင်းပုန်းတွေဖြန့်ကျက်နေတာပါ။ ပုလောပင်လယ်ပြင်မှာလည်း စစ်သင်္ဘောတွေအပြင် လှေငယ်တွေနဲ့ စစ်ကောင်စီတပ်တွေ ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။
The Tanintharyi Times
