မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့ ကျေးရွာ ၈ ရွာက ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရ

ပုံစာ - သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်က စစ်ရှောင်တွေ။(ပုံဟောင်း)

စစ်ကောင်စီစစ်ကြောင်းထိုးတာနဲ့အတူ တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် သရက်ချောင်းမြို့နယ်ထဲက ထားဝယ်-မြိတ်ကားလမ်းမပေါ်မှာရှိတဲ့ကျေးရွာတွေက ဒေသခံ ထောင်နဲ့ချီ နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထွက်ပြေးနေရတဲ့ဒေသခံတွေကတော့ ဆင်ကူး၊ ဘုတ်ကိုင်း၊ ကျွဲဇပ်၊ ဆင်ကြန်း၊ လဘ၊ ပိတိုင်၊ ပြင်းဖြူကြီး၊ ပြင်းဖြူသား ရွာတွေကဖြစ်ပြီး အဲဒီရွာတွေမှာ စုစုပေါင်း အိမ်ထောင်စုပေါင်း နှစ်ထောင်ဝန်းကျင်ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ရက်( ဧပြီလ ၂၂) ရက် စစ်ကောင်စီတပ်သားတွေ ဆင်ကြန်းရွာကိုကားနဲ့ရောက်လာပြီး နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မီးရှို့ခံရတဲ့နေအိမ်ကနေမီးကူးပြီးနောက်ထပ်နေအိမ်နှစ်ဆောင်လည်းမီးလောင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ မြိတ်-ထားဝယ်ကားလမ်းပေါ်က အဲဒီကျေးရွာတွေမှာ ကင်းပုန်းဝတ်နေတာတွေရှိသလို ပြင်းဖြူကြီးရွာနဲ့ ချောက်ချောင်းရွာတွေဘက်ကို အင်အား ၃၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်နေတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလ ၂၃ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီလောက်ကလည်း ဆင်ကြန်းရွာနဲ့ ကျွဲဇပ်ရွာကြားမှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသအခြေစိုက် တော်လှန်းရေးတပ်ဖွဲ့တွေအပြန်အလှန်ပစ်ခတ်မှု နှစ်နာရီနီးပါး ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ရွာပေါင်း ရှစ်ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

“(စစ်ရှောင်သူတွေ)တဖွဲဖွဲရောက်လာတာ မနည်းဘူး။ မှီတဲ့ထုတ်ဆွဲပြီးထွက်ပြေးလာရတာဆိုတော့ စားစရာသောက်စရာတွေလည်းမပါလာကြဘူး။ အခုလည်းခြံထဲက ကြက်တွေနဲ့ ချက်ကျွေးနေတယ်။” လို့ စစ်ဘေးရှောင်လာသူတွေကို အကူအညီပေးနေတဲ့ အသက် ၅၂ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရောက်နေလို့ ရွာမှာ လူတစ်ယောက်မှ မရှိဘူးလို့ ဆင်ကူးရွာသူ CDM ကျောင်းသူတစ်ဦးက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေးတင်းမာနေတဲ့ နယ်မြေဟာ မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိတဲ့အတွက် ပစ်ခတ်မှုဖြစ်တဲ့အချိန်တိုင်း နာရီနဲ့ချီပြီး လမ်းပိတ်မိတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထားဝယ်ခရိုင်ထဲက ထားဝယ်အရှေ့တောဒေသမှာလည်း အခုလ ၂၂ ရက်က စစ်ကောင်စီတပ်သားတွေနဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

The Tanintharyi Times