စစ်တပ်ရဲ့ မဆင်မခြင်တိုက်ခိုက်မှုကြောင့် မသန်စွမ်းဦးရေ မြင့်တက်လာခဲ့တယ်လို့ ဦးကျော်မိုးထွန်း ပြော

စစ်တပ်ရဲ့ မဆင်မခြင်တိုက်ခိုက်မှုကြောင့် မသန်စွမ်းဦးရေ မြင့်တက်လာခဲ့တယ်လို့ ဦးကျော်မိုးထွန်း ပြော

မြန်မာပြည်မှာ အာဏာသိမ်းထားတဲ့ စစ်တပ်ဟာ နိုင်ငံတဝှမ်းပြည်သူတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ မဆင်မခြင်တိုက်ခိုက်မှုတွေကြောင့် မသန်စွမ်းသူ ဦးရေ မြင့်တက်လာခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂဌာနချုပ်မှာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံတွေရဲ့ (၁၇) ကြိမ်မြောက် အစည်းအဝေးကို ဇွန်က ၁၁ ကနေ ၁၃ အထိ (၃) ရက်ကြာ ကျင်းပခဲ့ပြီး အဲဒီအစည်းအဝေးမှာ ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဦးကျော်မိုးထွန်း ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ ကလေးငယ်တွေ၊ လူငယ်လူရွယ်တွေ အထူးသဖြင့် ပဋိပက္ခအတွင်း ရောက်နေသူတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆုံးရှုံးလို့ မသန်စွမ်းသူတွေ ဖြစ်လာခဲ့ရပြီး ဒီအခြေအနေဟာ စစ်တပ်က ဖန်တီးနေတဲ့ အခြေအနေဖြစ်တယ်လို့ ထည့်သွင်းပြောဆိုပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းသူတွေရဲ့ အခွင့်အရေး မြင့်တင်ကာကွယ်ပေးတာတွေ ဆိတ်သုဉ်းသွားသလို မသန်စွမ်းသူတွေ အခွင့်အရေးချိုးဖောက်ခံရမှုလည်း အဆမတန် ဆိုးရွားလာခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

မသန်စွမ်းသူတွေဟာ လုံလောက်တဲ့ ထောက်ပံ့မှုတွေလည်း မရရှိသေးသလို စစ်အာဏာသိမ်းမှုကြောင့် လူမှုအသိုက်အဝန်းမှာ မသန်စွမ်းသူတွေ ပါဝင်ရေး၊ ပညာရေး၊ အလုပ်အကိုင်ဖန်တီးရေး စတဲ့ ကိစ္စရပ်တွေလည်း နောက်ကျကျန်ရစ်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ စစ်ကောင်စီက အသုံးပြုနေတဲ့ ပေါက်ကွဲမှု ပြင်းထန်သော မြေမြှုပ်မိုင်းတွေကို ဖယ်ရှားနိုင်ရေး ပူးပေါင်းလုပ်ဆောင်နေတဲ့အပြင် စစ်ကောင်စီကြောင့် မသန်စွမ်းဖြစ်သွားရသူတွေကို ထောက်ပံ့ကူညီပေးတဲ့ထဲမှာ ခြေတုလက်တု တပ်ဆင်ပေးတာတွေလည်း ပါဝင်တယ်လို့ ကုလအစည်းအဝေးမှာ ဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရှိ မသန်စွမ်းသူတွေ အပါအဝင် ပြည်သူတွေဟာ ဒုက္ခအခက်အခဲတွေ ကြုံတွေ့နေရပေမယ့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ပါဝင်ဆောင်ရွက်နေကြတယ်လို့ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့လည်း မသန်စွမ်းသူတွေရဲ့ အခွင့်အရေးကို မြှင့်တင်ကာကွယ်နိုင်ရန်အတွက် ထိရောက်တဲ့ အကူအညီတွေ ပေးအပ်ကြဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

The Tanintharyi Times