ထားဝယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်က စာသင်ကျောင်းမှာ အရေးပေါ်စစ်ရှောင်ဖို့ သရုပ်ပြလေ့ကျင့်

ထားဝယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်က စာသင်ကျောင်းမှာ အရေးပေါ်စစ်ရှောင်ဖို့ သရုပ်ပြလေ့ကျင့်

ပုံစာ - အရေးပေါ်စစ်ရှောင်ဖို့ သရုပ်ပြလေ့ကျင့်ခဲ့တဲ့ ဘောတိရွာက အထက်တန်းကျောင်း။

ထားဝယ်မြို့နယ် အရှေ့တောဒေသတစ်ဖက်ခြမ်းက ထိုင်းနိုင်ငံ၊ ဘောတိရွာမှာရှိတဲ့ စာသင်ကျောင်းမှာ စစ်မြေပြင်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနည်းလမ်းတွေနဲ့ အရေးပေါ်စစ်ဘေးရှောင်တိမ်းနိုင်ရေးအတွက် သရုပ်ပြလေ့ကျင့်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မွန်းလွဲပိုင်းမှာ ကန်ချနဘူရီခရိုင်၊ ဘောတိရွာက အထက်တန်းကျောင်းမှာ တစ်ကျောင်းလုံးကို စုဝေးပြီး မြန်မာဘက်မှာ တိုက်ပွဲဖြစ်ချိန် အရေးပေါ်ရှောင်တိမ်းနိုင်ဖို့ နဲ့ အကာကွယ်ယူတဲ့နည်းလမ်းတွေကို လေ့ကျင့်ခဲ့တာလို့ သိရပါတယ်။

“မွန်းလွဲနှစ်နာရီလောက်ကနေ ကျောင်းပြန်ချိန် လေးနာရီလောက်အထိ လေ့ကျင့်ခိုင်းတယ်။ အုံးဒိုင်းအသံတွေကြားရင် ဘယ်နေရာကိုပြေးကြ၊ စုကြဆိုပြီးလည်း ကြိုလေ့ကျင့်ပေးထားတယ်” လို့ ဘောတိရွာမှာနေထိုင်တဲ့ ကရင်တိုင်းရင်းသားတစ်ဦးက ပြောပါတယ်။

ဘောတိရွာဟာ ထိုင်း-မြန်မာနယ်စပ်မျဥ်းနဲ့အနီးမှာရှိပြီး ရွာနဲ့တစ်မိုင်ခန့်အကွာ နယ်စပ်မျဥ်းပေါ်က တောင်ပေါ်မှာတော့ စစ်ကောင်စီရဲ့ ဘောတိနယ်စပ်စခန်းရှိနေတာပါ။

KNU တပ်မဟာ ၄ နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဧပြီလနဲ့ အခုလတွေမှာ ထားဝယ်မြို့နယ် နယ်စပ်က စစ်ကောင်စီရဲ့ ထီးထဗျူဟာစခန်းနဲ့ ထီးခီးနယ်စပ်စခန်းတွေကို ဆက်တိုက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက် ထီးခီးနယ်စပ်စခန်းရဲ့ မြောက်ဘက်က ဘောတိစခန်းကိုလည်း KNU နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်လာနိုင်တယ်လို့ ထိုင်းနိုင်ငံဘက်ခြမ်းက ခန့်မှန်းနေကြတာဖြစ်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲကလည်း တနင်္သာရီတစ်လျှောက်လုံးနဲ့ တပ်မဟာ(၄)နယ်မြေ တခုလုံးမှာရှိနေတဲ့ စစ်ကောင်စီတပ်အားလုံးကို မောင်းထုတ်ပြီး မှန်ကန်တဲ့ အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ရမယ်လို့ အခုလအတွင်းမှာ ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဘားအံခရိုင်နဲ့ ညောင်လေးပင်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်က စစ်ကောင်စီစခန်းတွေကိုလည်း KNLA၊ KNDO နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အခုလအတွင်းမှာ တစ်ခုပြီးတစ်ခု ဆက်တိုက် တိုက်ခိုက်သိမ်းပိုက်နေပါတယ်။

နယ်စပ်မျဥ်းတစ်လျှောက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်မျဉ်းတလျောက်မှာ စစ်အင်အားတိုးမြင့် တပ်ဖြန့်ထားပြီး မြန်မာဘက်ခြမ်းက အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

The Tanintharyi Times