ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ရဲ့ပဋိပက္ခအပေါ် သူတို့အမြင်

ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ရဲ့ပဋိပက္ခအပေါ် သူတို့အမြင်

ထားဝယ် အရှေ့တောဒေသမှာ KNU တပ်မဟာ ၄၊ KNLA တပ်ဖွဲ့တွေနဲ့ ကော်သူးလေတပ်မတော် KTLA တပ်ဖွဲ့ တို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နှစ်စပိုင်းကတည်းက ထိတွေ့မှုတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်နေတာ လက်ရှိအချိန်ထိပါပဲ။ အခုနှစ်ပွင့်လင်းရာသီမှာတော့ အရင်ကထက် ပိုမိုတင်းမာတဲ့ အခြေအနေကို ရောက်ရှိလာတာကို တွေ့ရပါတယ်။

ကရင်တော်လှန်ရေးအဖွဲ့နှစ်ဖွဲ့ရဲ့ ပဋိပက္ခနဲ့တိုက်ပွဲတွေဟာ ဘာကြောင့် မပြီးနိုင်ဘဲ ဆက်ရှိနေတာလဲ။ အဲဒီလို အချင်းချင်းတိုက်ပွဲတွေကြောင့် ဒေသခံတွေမှာ ဘယ်လိုသက်ရောက်မှုတွေရှိနေလဲ၊ ဒီပဋိပက္ခကို ဒေသခံတွေက ဘယ်လိုဖြစ်စေချင်လဲ ဆိုတာတွေကို ဒီတစ်ပတ်ရဲ့ တောင်ပိုင်းသားတို့အသံ အစီအစဥ်ကနေ မေးမြန်းတင်ဆက်ထားပါတယ်။

(တောင်ပိုင်းသားတို့အသံ)

▪️အရှေ့တော ဒေသခံ ကရင်တိုင်းရင်းသူတစ်ဦး

မေး - မကြာသေးခင်က KNU တပ်မဟာ ၄ နဲ့ ကော်သူး‌‌လေတပ်မတော်တပ်ဖွဲ့တွေ ထားဝယ် အရှေ့တောဒေသမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ခဲ့တာရှိတယ်။ လက်ရှိမှာရော အရှေ့တောဒေသမှာ ဘယ်လို အခြေအနေရှိနေပါလဲ။

ဖြေ - ရက်ဆက်တိုက်ပွဲတုန်းက ကျွန်မတို့ရွာသားတွေ အရမ်းကြောက်ခဲ့ရပါတယ်။ ဒေသအတွင်းရှိနေတဲ့ လက်နက်ကိုင်အဖွဲ့တွေလည်းဖြစ်တော့ စွပ်စွဲပြီးအသတ်ခံရမှုတွေ ရှိလာမှာလည်း အရမ်းကြောက်ခဲ့ရတယ်။ကွမ်းသီးရာသီဆိုတော့ သယ်ယူပို့ဆောင်ရေးအခက်ခဲတွေ ဖြစ်တယ်။ လက်ရှိမှာလည်း လမ်းပိတ်ထားတာကြောင့် အသွားအလာခက်ခဲပါတယ်။ ဝင်ငွေလည်း ထိခိုက်တယ်လေ။

မေး - KNU တပ်မဟာ ၄ နဲ့ ကော်သူး‌‌လေတပ်မတော် တပ်ဖွဲ့တွေက ဘာကြောင့် အခုလို တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ ထင်ပါလဲ။

ဖြေ - ကရင်လက်နက်ကိုင်အချင်းချင်းပစ်ခတ်မှုရဲ့ အဓိကအကြောင်းအရင်းက နယ်မြေလုကြတာပါ။ မှောင်ခိုလုပ်ငန်းအမျိုးမျိုးနဲ့ အကောက်အခွန်အရမ်းရကြတဲ့ နယ်မြေလမ်းကြောင်းတစ်ခု ဖြစ်တာကြောင့် ငွေရလွယ်တဲ့ ဒီနယ်မြေကို လိုချင်ကြတယ်။ တချို့အဖွဲ့ဝင်တွေကလည်း အပြစ်သားကနေ စစ်သားဖြစ်လာကြတဲ့ လူမိုက်တွေဖြစ်လို့ မိုက်ကြေးခွဲနေကြတာလည်း ပါတာပေါ့။

မေး - အဲဒီလို အချင်းချင်းတိုက်ပွဲတွေဖြစ်နေတာက ဒေသခံကရင်တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲ။

ဖြေ - အခုလို ကရင်လက်နက်ကိုင်ချင်းချင်းပစ်ခတ်မှုက ကရင်လူမျိုးတွေအတွက် အရှက်ရစရာတစ်ခုပါ။ အဲဒီလိုရှက်စရာတစ်ခုဖြစ်တဲ့အတွက် ဖုံးဖိခံရတဲ့မတရားမှုတွေလည်း ရှိတယ်။ တခြားဒေသမှာဆို အာဏာရှင်နဲ့ တော်လှန်ရေးသမားပဲရှိလို့ ရွာသားတွေက တစ်ဖက်တည်းကို ရဲရဲနင်းရဲကြတယ်။ ကျွန်မတို့ ဒေသခံတွေက ဘယ်အဖွဲ့ကိုမှ ခိုလှုံကိုးစားလို့ မရဲဘူး။ လာတဲ့အဖွဲ့တိုင်းက ပြောတဲ့အတိုင်းမလုပ်ပေးရင် ထုမယ်ထောင်းမယ် ဆိုတာချည်းပဲ။ လမ်းဆိုလည်း တစ်ဖွဲ့ကပိတ်ရင်တောင် ဒေသခံတွေခမျှာ တုတ်တုတ်တောင်မလှုပ်ရဲကြဘူး။ ဒေသခံတွေရဲ့ အခက်ခဲကို မဖြေရှင်ပေးတဲ့အပြင် လမ်းကြောင်းတွေကိုလည်း သူတို့လိုသလိုချယ်လှယ်ပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အာဏာပြတော့ ဒေသခံတွေခမျှာ လုံခြုံမှုမရှိဘဲ တော်တော်ဒုက္ခရောက်တယ်။

မေး - ပြီးခဲ့တဲ့ နှစ်အတွင်းမှာ ကော်သူးလေတပ်မတော်ဘက်က အရပ်သားတွေကို သက်သေမခိုင်လုံဘဲ စွပ်စွဲသတ်ဖြတ်တာတွေရှိခဲ့တယ်။ အဲဒီလို ဖြစ်စဥ်တွေကြောင့် ဒေသခံတွေကြားမှာ‌ရော စိုးရိမ်တာ၊ စိတ်မလုံခြုံတာမျိုးရှိနေလား။

ဖြေ - ကော်သူးလေတပ်မတော်က သက်သေမခိုင်လုံဘဲနဲ့ သတ်ဖြတ်မှုအပေါ် ကျွန်မတို့ဒေသခံတွေ အခုထိတော်တော်လေး ကြောက်လန့်မှုရှိနေဆဲပါပဲ။ အခု အရှေ့တောဒေသဘက်က ကော်သူးလေတပ်မတော် ခေါင်းဆောင် ကော်လာဖိုးဆိုရင် အရင်က လူသတ်၊ ဓားပြတိုက်၊ အသက်ငယ်မှုဒိန်းမှုတွေနဲ့ မုဒိန်းမှုတွေကို ဒီနေ့ထိလူအများကြီး စိတ်ဒဏ်ရာရအောင် ကျွမ်းကျွမ်းကျင်ကျင် ထားဝယ်မြို့အရှေ့ဘက်တခွင်လုံးမှာလုပ်ခဲ့သူပါ။ ပါးစပ်က ဘုရားအကြောင်းပြောပေမဲ့ သူ့ရဲ့ပင်ကိုယ်စရိုက်ဖျောက်ခဲ့ရဲ့ဆိုတာကို အခုလိုသက်သေမဲ့သတ်ဖြတ်မှုက သက်သေပဲ။ ကျွန်မတို့ဒေသခံတွေကြားမှာ ကျီးလန့်လန့်စာနေနေရတယ်။

မေး - အခု မေတ္တာ-ထီးခီးလမ်းကို ပိတ်ထားတာနဲ့ ပတ်သက်ပြီး ထိုင်းကိုသွားနေတဲ့သူတွေကြားမှာ အခက်အခဲဖြစ်ကြတာရှိတယ်။ အဲဒီအပေါ်မှာရော ဘာများပြောချင်ပါသလဲ။

ဖြေ - မေတ္တာ - ထီးခီးလမ်းကို မပိတ်စေချင်ဘူး။ ထားဝယ်သွားတဲ့လမ်း ခက်ခဲတဲ့ကြားက ထီးခီးလမ်းကိုပါ ထပ်ပိတ်မယ်ဆိုရင် စားသောက်ကုန်နဲ့ပတ်သက်ပြီး ဒေသခံတွေတော်တော်ဒုက္ခရောက်ကြမယ်။

မေး - ဒေသခံကရင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ အခုအခြေအနေကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ။

ဖြေ - မျက်နှာချင်းဆိုင်ပြီး ညှိနှိုင်းကြစေချင်တယ်။ ဒီမိုကရေစီလမ်းကြောင်းသွားနေကြတာပဲလေ။

▪️တော်လှန်ရေးမှာပါဝင်နေတဲ့ ကရင်တိုင်းရင်းသားလူငယ်တစ်ဦး

မေး - ထားဝယ်၊ အရှေ့တောဒေသမှာ KNU တပ်မဟာ ၄ နဲ့ ကော်သူး‌‌လေတပ်မတော်တပ်ဖွဲ့တွေ ဘာကြောင့် အခုလို တိုက်ပွဲတွေမကြာခဏဖြစ်နေတယ်လို့ ထင်ပါသလဲ။

ဖြေ - ခံယူချက်၊ ထင်မြင်ယူဆချက် မိမိအကျိုးစီးပွားနဲ့ အများပြည်သူအကျိုးစီးပွား ကြည့်တာ ကွာခြားတာကြောင့်ပါ။ နောက်တစ်ခုက စစ်ရေးနဲ့ နိုင်ငံရေး နည်းဗျူဟာတွေ မတူကွဲပြားနေတာကြောင့်လို့ ထင်ပါတယ်။

မေး - အဲဒီလို အချင်းချင်းတိုက်ပွဲတွေဖြစ်နေတာက ကရင်တိုင်းရင်းသားတွေအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲ။

ဖြေ - ကရင်တိုင်းရင်းသားတွေအတွက် ကောင်းတဲ့အရာတွေမရှိလာဘဲ စားဝတ်နေရေးအတွက် ပိုမိုကြပ်တည်းလာမှာပါ။ အထူးသဖြင့် လူငယ်တွေရဲ့ ပညာရေးနဲ့ ရေရှည်ရည်မှန်းချက် ရပ်တန့်တာတွေ ဖြစ်ပေါ်လာမှာပါ။ တိုင်းတပါးကို ရွှေ့ပြောင်းလုပ်ကိုင်တာတွေ များပြားလာပြီး ကရင်လူမျိုးအနာဂတ် ခေါင်းဆောင်တွေ မရှိတော့တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

မေး - တနင်္သာရီတိုင်းကို စစ်ကောင်စီကထိန်းချုပ်ခွင့်ရနေသေးတာဟာ အချင်းချင်းဖြစ်နေတဲ့ ပဍိပက္ခတွေကြောင့်လား။ အဲဒီပဋိပက္ခတွေက တော်လှန်ရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိတယ်လို့ ထင်ပါလဲ။

ဖြေ - တော်လှန်ရေးလုပ်ငန်းတွေအပေါ် ကရင်လူမျိုးတွေရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ စောဘဦးကြီးရဲ့ စကား ကရင်တစ်ကျပ် ဗမာတစ်ကျပ် ရာစုနှစ်တစ်ခုကြာတဲ့အထိ မရသေးဘူး။ ကိုယ်ပိုင် အုပ်ချုပ် ပြဌာန်းခွင့် ရာနှုန်းပြည့် မရှိနေသေးတာနဲ့ တော်လှန်ရေး မျိုးဆက်သစ် လက်နက်ကိုင်တွေ အင်အားစည်းရုံးမှုမရှိနေတာတွေကြောင့် စစ်အာဏာက ဆက်လက်တည်မြဲနေဦး ပါဦးမယ်။

မေး - ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကော်သူးလေတပ်မတော်ဘက်က အရပ်သားတွေကို သက်သေမခိုင်လုံဘဲ စွပ်စွဲသတ်ဖြတ်တာတွေရှိခဲ့တယ်။ အဲဒီလို ဖြစ်စဥ်တွေက ကရင့်တော်လှန်ရေးအတွက် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲ။

ဖြေ - ကရင်လူမျိုးအချင်းချင်း သဘောထားများ ခံယူချက်များ ကွဲပြားလာပြီး ဖားစည်သံ၊ ကျွဲချိုသံ ကြားသည့်တိုင်အောင် အမျိုးသားအလံတစ်ခုတည်းအောက်တွင် ရှိမနေနိုင်တော့တဲ့ အခြေများဖြစ်ပေါ်လာနိုင်ပါတယ်။ ကရင်လူမျိုးတွေ တော်လှန်ရေးမှာ စိတ်အားထက်သန်မှူ ကျဆင်းလာပြီး တော်လှန်ရေးကပဲ ဆက်လက်အသက်ရှည်နေပါဦးမယ်။

မေး - တော်လှန်ရေးမှာပါဝင်နေတဲ့ ကရင်တိုင်းရင်းသားတစ်ယောက်အနေနဲ့ အခုအခြေအနေတွေကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ။

ဖြေ - အတူတကွ စည်းရုံးပြီး မိမိတို့လိုလားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ပြဌာန်းခွင့်ကို ရည်မှန်းချက်တူတဲ့လူတွေနဲ့ အတူတကွ အဆုံးသတ်စေလိုပါတယ်။

▪️ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်

မေး - ထားဝယ် အရှေ့တောဒေသမှာ တပ်မဟာ ၄ နဲ့ ကော်သူး‌‌လေတပ်မတော်တပ်ဖွဲ့တွေ ဘာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်နေတယ်လို့ ထင်ပါသလဲ။

ဖြေ - ထားဝယ် အရှေ့တောဒေသအနေနဲ့ပဲပြောရရင် ကော်သူးလေအာမီဘာကြောင့်ပေါ်လာလဲဆိုတာက စရမယ်ထင်တယ်။ အရင်က တပ်မဟာ ၄ ကတော်လှန်‌ရေးဘက်ကို သိသိသာသာမရပ်တည်တဲ့ ကိစ္စတွေ ရှိခဲ့တာပေါ့။ အဲတော့ အထဲမှာ တပ်မှူးအချင်းချင်း အဆင်မပြေတာတွေဖြစ်ကြတာပေါ့။ အဲဒီကနေ အချိန်ကိုက် ကော်သူးလေတပ်မတော်လည်း အဲဒီဘက်မှာပေါ်လာတာပေါ့။ ပုဂ္ဂိုလ်ရေး ကိစ္စတွေလည်း ပါတာပေါ့ဗျ။ အစကတည်းက အဆင်မပြေတာတွေ နှစ်ဖွဲ့ကွဲသွားတာတွေက ပိုပေါ်လာတာပေါ့။ နောက်ကွယ်မှာ စီးပွား‌ရေးဂွင်တွေလည်းရှိတယ်။ ကျနော်သိသလောက်ကတော့ အစကတည်းက ပုဂ္ဂိုလ်ရေးမကြည်တာတွေကနေ တိုက်ပွဲတွေ ဖြစ်လာတာပါ။ ၂၀၂၃နဲ့ ၂၀၂၄ မှာ‌တော့ KNU က ပြောင်းလဲလာတာပေါ့နော်။ စောမှူးဂေ (တပ်မဟာ ၆၊ တပ်ရင်း ၂၇ နဲ့ တပ်မဟာ ၄ တပ်ရင်း ၁၂ ပူးတွဲတပ်ရင်းမှူး) ရောက်လာပြီးနောက်မှာ သိသိသာသာပဲ တော်လှန်ရေး ဘက်ခြမ်းက ရပ်တည်တာပေါ့။ အဲတော့ KTLA ကပဲ ဆိုးနေတာဖြစ်နေတာပေါ့။

မေး - ကရင်တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပဋိပက္ခကြောင့် တော်လှန်ရေးမှာ ဘယ်လိုသက်ရောက်မှုတွေရှိနိုင်လဲ။

ဖြေ - သက်ရောက်မှုကတော့ အကုန်လုံးကိုရိုက်ခတ်တာပေါ့။ ပြည်သူတွေမှာလည်း များတာပေါ့ဗျာ။ ကော်သူးလေတပ်မတော်က ကျောက်လုံးကြီးရွာနဲ့ အရှေ့တောမှာ အရပ်သားတွေကို သတ်တဲ့ကိစ္စတွေလိုပေါ့။ အဓိကကတော့ ပြည်သူတွေမှာ လုံခြုံစိတ်ချရမှုနည်းလာတာပေါ့။

မေး - လက်နက်ကိုင်တော်လှန်ရေးဖြစ်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပါအဝင် တနင်္သာရီတိုင်းသားတွေက ကရင်တော်လှန်ရေးအဖွဲ့တွေကို အားကိုးကြတယ်ပေါ့နော်။ အခု အချင်းချင်း ပဋိပက္ခတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အပေါ်မှာရော ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲ၊ ဘယ်လို အခက်အခဲတွေဖြစ်စေလဲ။

ဖြေ - နွေဦးတော်လှန်ရေးဖြစ်တော့ ကျနော်တို့ ထားဝယ်သားတွေမှာက ထားဝယ်တပ်မရှိဘူး‌ပေါ့။ ချချင်လို့လည်း ကျနော်တို့မှာ သင်တန်းတွေမရှိဘူး။ ဒါကြောင့် ကျနော်တို့ဆိုလည်း KNU ကို အားကိုးခဲ့ရတယ်။ အဲဒီမှာ ဝင်ပြီးပြန်ထွက်လို့ မရတာတွေလည်းရှိတာပေါ့ဗျာ။ ကော်သူးလေတပ်မတော်မှာဆိုလည်း အဲဒီဘက်ကိုသွားတဲ့ သူတွေရှိတာပေါ့။ ဥပမာ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနဲ့ နွေဦးပြောက်ကျားပေါ့နော်။ တဖြေးဖြေး ကရင်တပ်အချင်းချင်းကိစ္စတွေမှာ ပါလာတော့ သူတို့လည်းခွဲထွက်လာကြပေါ့။ အခုနှစ်ဖက်ဖြစ်နေကြတော့ လမ်းကြောင်းအခက်အခဲဖြစ်တာပေါ့။ ကျနော်တို့ဆိုလည်း KNU နားရောက်ရင် KTLA လားမေးခံရတာပေါ့။ KTLA ‌‌‌ရောက်ရင်လည်း နင်က KNU လားပေါ့။ မေးမြန်းတယ်ဆိုတာလည်း စစ်ခံရတာမျိုးပေါ့။ ကြမ်းကြမ်းတမ်းတမ်းပဲ၊ ချိုချိုသာသာလည်း မဟုတ်ဘူးပေါ့ဗျာ။ ပြောရဆိုရခက်တဲ့သူတွေလည်း ရှိနေတတ်တာပေါ့။ ပြီးတော့ အမှုတွေပေါ့ဗျာ၊ KTLA ဘက်ကအမှုတွေလုပ်ပြီး ဘာမှမထုတ်ပြန်ဘဲထားထားရင် PDF ဘက်ကပဲ လိုက်ရှင်းပေး၊ ညှိပေးလုပ်ရတာတွေပေါ့။ အဲဒီလို ကိစ္စတွေဖြစ်တော့ ပြည်သူတွေက လက်နက်ကိုင်မှန်သမျှကို ပေါင်းမြင်ကြတာပါ။ အဲဒီမှာ ပြန်ရှင်းပြ ပြောပြရတာပေါ့။

မေး - ဒီလိုမျိုး ပဋိပက္ခဆက်ဖြစ်နေရင် ရေရှည်မှာ ဘယ်လို ဖြစ်လာနိုင်တယ်လို့ ထင်လဲ။

ဖြေ - အဲဒီ ပဋိပက္ခတွေမှာတော့ အရင်က PDF ဖြစ်ပြီး အခု KTLA ရဲဘော်ဖြစ်နေတာတွေရှိတာပေါ့။ အခုက ကရင်တပ်ဖွဲ့အချင်းချင်း ပြဿနာတွေက သူတို့ဆီကိုပါ ကူးစက်လာကြတယ်။ သူတို့က PDF မဟုတ်တော့ဘူး၊ KTLA ဖြစ်နေပြီဆိုပြီးဖြစ်လာတယ်။ ကျနော်တို့နဲ့ ပြောရဆိုရတာတွေ ကတောက်ကဆတွေအထိ ရှိလာတာပေါ့။ ရေရှည်မှာတော့ ဘာဖြစ်မလဲဆို တော်လှန်ရေးကြာရတာပေါ့။

မေး - ပြည်သူ့ ကာကွယ်ရေးရဲဘော်တစ်ယောက်အနေနဲ့ အခုအခြေအနေတွေကို ဘယ်လိုမျိုး ဖြစ်စေချင်လဲ။

ဖြေ - လက်မ မကောင်းရင် လက်မဖြတ်၊ ခြေမ မကာင်းရင် ခြေမဖြတ်ဖို့အတွက်ပဲ ဖြစ်စေချင်တယ်။ အချင်းချင်းကိစ္စကိုတော့ အမြန်ဆုံးပြီးစေချင်ပြီ။ PDF တွေလည်း ဝင်မရောချင်ကြဘူး။ ချချင်တာက စကစကိုပဲချချင်တာကိုး။ အဲဒီကိစ္စတွေဆက်ဖြစ်နေရင်တော့ လိုရာပန်းတိုင်က ဝေးရပြီပေါ့ဗျာ

The Tanintharyi Times