လွယ်သလား ခက်သလား ရာမ
လွယ်သလား ခက်သလား ရာမ
အာဏာရှင်တွေရဲ့ ကျဆုံးခန်း
ဆီးရီးယားအာဏာရှင်နဲ့ အတိုက်အခံပြည်သူတွေရဲ့တိုက်ပွဲဟာ သမိုင်းအဆက်ဆက်မှာ ဖိနှိပ်သူတွေနဲ့ တွန်းလှန်သူတွေရဲ့ ဖြစ်ရပ်ပေါင်းမြောက်များစွာထဲက သာဓကတစ်ခုပါ။ ဒီစာရင်းထဲမှာ မြန်မာနိုင်ငံကိုလည်း ထည့်ထားရမှာပါ။
ပြီးတော့ ဆီးရီးယားဖြစ်ရပ်ဟာ အာဏာရှင်စနစ်ဆိုတာ အများက ထင်ထားတာထက်ပိုပြီး လွယ်ကူစွာပြိုလဲနိုင်တယ်ဆိုတာကိုပြသတဲ့ နမူနာတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၇၁ ခုနှစ်က စတင်ခဲ့တဲ့ အာဆဒ်မိသားစု မင်းဆက်ဟာ ထင်မှတ်မထားတဲ့အချိန်မှာ ရုတ်တရက်ပြိုလဲသွားခဲ့ပါတယ်။
၂၀၀၃ခုနှစ်က အီရတ်နိုင်ငံဘဂ္ဂဒက်မြို့မှာ အာဏာရှင်ဆက်ဒမ်ဟူစိန်ရဲ့ရုပ်ထုကို ဖြိုချပြီးမျက်နှာကို ဖိနပ်နဲ့ ဝိုင်းရိုက်ကြတဲ့ ဗီဒီယိုဟာ ကမ္ဘာ့သမိုင်းမှာ အာဏာရှင်တွေအတွက် ကြီးမားတဲ့သင်ခန်းစာကို ပြသခဲ့ပါတယ်။ ‘အာဏာရှင်လုပ်ချင်ရင် မျက်နှာကို ဖိနပ်နဲ့ရိုက်ခံဖို့ သတ္တိမွေးထား’ ဆိုတာ ပါပဲ။
ခုတော့ အာဆဒ်ရဲ့ဖခင် အာဏာရှင်ဟောင်း ကွယ်လွန်သူ ဟာဖက်ဇ်အယ်လ်အာဆဒ်ရဲ့ရုပ်ထုလည်း ခပ်ဆင်ဆင်ကံကြမ္မာနဲ့ ကြုံခဲ့ရပါပြီ။ ဘယ်လောက်ကြာကြာ ဖိနှိပ်အုပ်ချုပ်နိုင်တဲ့ အာဏာရှင်ပဲဖြစ်ဖြစ် သက်တမ်းဆိုတာတော့ရှိတယ်ဆိုတာက အမှန်တရားပါပဲ။
ထာဝရအုပ်စိုးဖို့ စိတ်ကူးထားရင်တော့ အဲဒီလောက်မလွယ်ဘူးလို့ ပြောရမှာပါ။ ဗိုလ်အောင်ဒင်ဇာတ်ကားထဲက လေသံနဲ့ (ခေါင်းဆောင်လုပ်တာ) ‘လွယ်သလား ခက်သလားရာမ’ လို့ မေးရမှာပါပဲ။
အာဏာရှင်တွေအုပ်ချုပ်တဲ့ လူ့အဖွဲ့အစည်းထဲကလူတွေကို အကြမ်းအားဖြင့် အုပ်စုခွဲကြည့်ရအောင်ပါ။ ပထမတစ်မျိုးကတော့ အာဏာရှင်ကိုထောက်ခံပြီး အကျိုးအမြတ်ရနေတဲ့အာဏာရှင်ရဲ့အခိုင်းအစေနဲ့ ခရိုနီတွေပါ။ ရာထူးတွေယူမယ်၊ လာဘ်ထိုးမယ်၊ ကန်ထရိုက်ရအောင် လုပ်မယ်။ အုပ်ချုပ်သူအကြိုက်ပွဲလမ်းသဘင်တွေ ဖန်တီးပေးမယ်ပေါ့။
ဒုတိယတစ်မျိုးကတော့ ကိုယ့်ဘဝအသက်ရှင်အောင်နေမယ်၊ စနစ်ကို မကျေနပ်ပေမယ့်လည်း နေ့စဉ်ဘဝထဲမှာပဲ ကျင်လည်နစ်မြှုပ်နေတဲ့သူတွေပါ။ ကိုယ့်အလုပ် ကိုယ်သွားမယ်၊စကားကို တိုးတိုးပြောမယ်၊ မီဒီယာနဲ့ ဝေးဝေး နေမယ်။ အဝတ်အစားဝတ်ရင်တောင် အရောင်ဆင်ခြင်ပြီး ဝတ်မယ်ပေါ့။
တတိယတစ်မျိုးကတော့ အာဏာရှင်ကို ဖြုတ်ချပြီး စနစ်တစ်ခုလုံးကိုမြေလှန်မှ ရမယ်ဆိုပြီး ကြိုးပမ်းအားထုတ်ကြတဲ့သူတွေပါပဲ။ တော်လှန်ရေးသမားတွေလို့ ဆိုကြပါစို့။
ဒီအုပ်စုသုံးခုကို လေ့လာကြည့်တဲ့အခါမှာ အာဏာရှင်တချို့ရဲ့ တလွဲတွက်ချက်မှုနဲ့ လူ့အဖွဲ့အစည်းထဲက နရီစည်းချက်ရဲ့အပြောင်းအလဲကို လေ့လာရပါတယ်။
အုပ်ချုပ်သူအာဏာရှင်အချို့ လွဲလေ့ရှိတာကတော့ ပထမအုပ်စုကို ပိုတွက်မိတာဖြစ်ပါတယ်။ အခမ်းအနားတစ်ခု တက်လိုက်လို့ ကိုယ့်ကိုဦးညွှတ် လက်အုပ်ချီ နှုတ်ဆက်သူတွေကိုတွေ့တဲ့အခါ ‘ငါ့ကိုထောက်ခံသူ အရာရှိကြီးတွေ၊ စီးပွားရေးသမားကြီးတွေ။ ပညာရှင်ကြီးတွေ အများကြီးရှိနေတာပဲ’လို့ ထင်မိကြတာပါ။
အဲဒီလိုစိတ်မျိုးပေါ်တဲ့အခါ မြှောက်ပေးတဲ့သူရှိရင် စင်ပေါ်တက်ပြီး သီချင်းတစ်ပုဒ်လောက်တောင် ဆိုမိနိုင်ပါရဲ့။ ဒီအဆင့်မှာ လက်ခုပ်တီးနေတဲ့သူတွေ ကိုယ့်ကို ရယ်နေတာကို မသိတော့ပါဘူး။ ဒါဟာ အာဏာရှင်တွေရဲ့ နောက်ဆုံးနေ့ရက်တွေ ဖြစ်လာလေ့ ရှိပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့ဘေးမှာရှိတဲ့ အရာရှိကြီးတွေ (အထူးသဖြင့် ခရိုနီစီးပွါးရေးသမားတွေ) က ပြေးဖို့အထုပ်ပိုက်ပြီးသား ဖြစ်နေလို့ပါပဲ။ ဆောင်းပါးရှင်စောစောကပြောခဲ့တဲ့ အုပ်စုသုံးစုမှာ ဒီပထမအုပ်စုဟာ မိမိအကျိုးစီးပွားနဲ့ ပတ်သက်ရင် အကာကွယ်ဆုံးအုပ်စု ဖြစ်ပါတယ်။
အာဏာရှင်တွေ ဖြစ်လေ့ရှိတဲ့ ဒုတိယအားနည်းချက်ကတော့ တတိယအုပ်စုကိုပဲနှိပ်ကွပ်ဖို့ အာရုံစိုက်ကြတာပါ။ တတိယအုပ်စုဆိုတာ အာဏာရှင်ကိုဖြုတ်ချပြီး စနစ်တစ်ခုလုံးကို မြေလှန်မှရမယ်ဆိုပြီး ကြိုးပမ်းအားထုတ်ကြတဲ့သူတွေ ဖြစ်ပါတယ်။
များသောအားဖြင့် သူတို့ဟာ သူတို့နေထိုင်ရာ မြို့၊ ရွာ၊ ဒေသတွေမှာ အမည်စာရင်းပေါက်ပြီး လုံခြုံရေးအမည်ခံ အာဏာရှင်ဒေါက်တိုင်တွေက အမြဲမပြတ်စောင့်ကြည့်ခံနေရသူတွေ ပါပဲ။အာဏာရှင်လုပ်မယ့်သူတွေက နိုင်ငံရေးအပြောင်းအလဲလုပ်မယ်ဆိုတဲ့အခါ၊ ဒါမှမဟုတ် အာဏာသိမ်းမယ်ဆိုတဲ့အခါ အဲဒီတတိယအုပ်စုကို ဘာမှမလုပ်ခင်အရင် ဖမ်းချုပ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ၂၀၂၁ အာဏာမသိမ်းခင်လေးမှာ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူတွေတွေကို ဖမ်းဆီးခဲ့သလိုပေါ့။ ဒီလိုနည်းနဲ့နွေဦးလှုပ်ရှားမှုကို ကာကွယ်ခဲ့နိုင်ပါသလား၊ ‘အဟက်’။
‘လွယ်သလား၊ ခက်သလား ရာမ’ ရဲ့အဖြေကဒီမှာပေါ်ပါပြီ။ စကတည်းက အာဏာရှင်ဟာ စာမေးပွဲမှာ ‘ဘဲဉ’ရပါတယ်။ သူထည့်မတွက်တာက ဒုတိယအုပ်စုရဲ့ ဖြားယောင်းမှုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရင်တော့ ကိုယ့်ဘဝ အသက်ရှင်အောင်နေမယ်၊ စနစ်ကိုမကျေနပ်ပေမယ့်လည်း နေ့စဉ်ဘဝထဲမှာပဲ ကျင်လည်နစ်မြှုပ်နေတယ်ဆိုတဲ့သူတွေကိုလျှော့တွက်တာပါ။
ယခုဆောင်းပါးကို ရေးသူကတော့ ဒီဒုတိယအုပ်စုဟာ တိုက်ပွဲကိုအဆုံးအဖြတ်ပေးမယ့်နေရာမှာ အင်မတန်အရေးကြီးတဲ့အုပ်စုလို့သုံးသပ်ပါတယ်။
သူတို့ဟာ အခြေအနေပေါ်မှာမူတည်ပြီး အချိန်မရွေး အုပ်စုပြောင်းသွားနိုင်ပါတယ်။ သူတို့ ပြောင်းရင်တော့ များသောအားဖြင့် တတိယအုပ်စုဖြစ်တဲ့ ‘တော်လှန်အုပ်စု’ ဖြစ်သွားတာ များပါတယ်။ အဲဒီလို ဖြစ်ပြီဆိုရင်တော့ ‘အာဏာရှင်ရေ’ မျက်နှာကို ဖိနပ်နဲ့ရိုက်ခံဖို့ ပြင်ဆင်ထားပါတော့။
ဒုတိယအုပ်စုရဲ့ဖြားယောင်းမှုက ကြီးမားပါတယ်။ သူတို့ဟာ လူ့အဖွဲ့အစည်းမှာ အကြီးမားဆုံး အစုအဖွဲ့လည်း ဖြစ်ပါတယ်။ သူတို့ရဲ့ဘဝတွေကို စစ်တပ်ရဲ့အဝန်းအဝိုင်းမှာ ကြီးပြင်းတဲ့သူတွေ လွယ်လင့်တကူ ခံစားနားလည်ဖို့မလွယ်ပါဘူး (လူတိုင်းကို မဆိုလိုပါ)။ ညသန်းခေါင်မှာ တံခါးခေါက်၊ ဓါတ်မီးနဲ့ ထိုးပြီး ဧည့်စာရင်းစစ်တာတွေ၊ အဝေးပြေးကားပေါ်ကဆင်းခိုင်းပြီး လမ်းလျှောက်ခိုင်းတာတွေ၊ ဘာကိစ္စပဲဖြစ်ဖြစ် ထောက်ခံစာတွေနဲ့ အရေးမပါတဲ့ အဆင့်တွေကို ကျော်ဖြတ်ခိုင်းတာတွေ၊ အကြောက်တရားနဲ့ နေခိုင်းတာမျိုးတွေပါ။
ဒါပေမယ့် ဒါတွေက မြန်မာပြည်သူတွေအတွက်တော့ ရိုးပါပြီ၊ (စိတ်တိုကြပေမယ့်) ခံနိုင်နေပါပြီ၊ တစ်သက်လုံးစစ်တပ်က လေ့ကျင့်ပေးထားတဲ့ ကျွန်စနစ်တွေ ဆိုပါတော့။ ဒါပေမယ့်အာဏာရှင်က ထည့်မတွက်ထားတဲ့ ဒုတိယအုပ်စုရဲ့ဖြားယောင်းမှုက ကျန်နေပါသေးတယ်။ ‘နာကျည်းမှု’ ပါ။
ကျဆုံးခါနီးအာဏာရှင်တွေဟာ ဒီအချက်ကိုသမိုင်းတလျှောက်လုံးမှာ လစ်လျူရှုခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ သူတို့က တတိယအုပ်စုကို ရန်သူလို့ သဘောထားပြီး ဒုတိယအုပ်စုကိုတော့ ကျေးကျွန်လို့သဘောထားလို့ပါပဲ။
ဒုတိယအုပ်စုဟာ ဘယ်အခါမှာ တတိယအုပ်စုနဲ့ပူးပေါင်းပါသလဲ။ သူတို့ကို ပြေးစရာနေရာမရှိဘဲ ချောင်ပိတ်ရိုက်တဲ့အခါ၊ သူတို့မိသားစုဝင်တွေကို နှိပ်စက်သတ်ဖြတ်တဲ့အခါ၊ သူတို့အတွက် စားနပ်ရိက္ခာမလုံလောက်တော့တဲ့အခါ၊ သူတို့မှာ ဘာအနာဂါတ်မှမရှိတော့တဲ့အခါမျိုးတွေပါပဲ။
‘သေရဲတယ်ဆိုတဲ့ကောင်တွေ ထွက်ခဲ့လေကွာ’ဆိုတဲ့ စကားကို စက်သေနတ်ကိုင်ပြီးရပ်ကွက်ထဲမှာ အော်ဆဲရဲတဲ့ သတ္တိခဲစစ်သားတွေကျေးဇူးနဲ့ အခုတော့ သေရဲတဲ့သူတွေက သတ်ရဲတဲ့သူတွေအဖြစ် ထွက်လာခဲ့ကြပါတယ်။
မြန်မာ့နွေဦးက ဂျန်ဇီတွေရဲ့ ဆုံးမမှုနဲ့ အာဏာရှင်ရဲ့ သွက်ချာပါဒလိုက်သွားမှုဟာ ဒုတိယအုပ်စုရဲ့ဖြားယောင်းမှုက အရေးကြီးတဲ့ နေရာက ပါခဲ့ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးသမားတွေရဲ့ ပေးဆပ်ဦးဆောင်မှုကို ငြင်းပယ်တာ မဟုတ်ပါ။ အာဏာရှင်ထင်မှတ်မထားတဲ့ ဒုတိယအုပ်စုရဲ့ ဖြားယောင်းမှုကို ပြောခြင်းသာ ဖြစ်ပါတယ်။
မြန်မာ့နွေဦးဟာ နာကျည်းနေတဲ့ ဒုတိယအုပ်စုက ‘အော်တို ပိုင်းလော့’နဲ့ မောင်းသွားခဲ့ပြီး အခုတော့ အတော်ကို စုစည်းမိသွားကြပါပြီ။ ရှေ့မှာတော့ ညီညွတ်မှု၊ သဘောထားကြီးမှု၊ နှိမ့်ချမှုတွေ အရေးကြီးမှာပါ။ အာဏာရှင်ကတော့ အမှန်ကို မြင်သေးပုံမတွေ့ရပါ။
ဘက်ပေါင်းစုံက တော်လှန်အဖွဲ့တွေက တိုက်ပွဲတွေထဲမှာ ဝင်ပါတဲ့ ဒုတိယအုပ်စုဝင်တွေ၊ ထောက်ပို့တွေ၊ ကီးဘုတ်ဖိုက်တာတွေ နဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းပံ့ပိုးသူတွေအားလုံးရဲ့ကဏ္ဍကို အမြဲလေးစားပေးဖို့ ပါပဲ။
ဘာဖြစ်လို့လဲဆိုတော့ ဒုတိယအုပ်စုဆိုတာဟာပြည်သူပဲဖြစ်ပါတယ်။
ရာမ အတွက်တော့ ‘လွယ်သလား၊ ခက်သလား’ ဆိုတာဟာ အတော်ရှင်းပြီ ထင်ပါတယ်။
အမောင်
The Tanintharyi Times
