နယူးရီးယား ဘာညာ မဲဆောက် ရီကော်ဒါ
နယူးရီးယား ဘာညာ မဲဆောက် ရီကော်ဒါ
အရက်သံ ခပ်ရွဲရွဲနဲ့ အော်ဟစ် မာန်တက်လိုက်ကြတဲ့ ဟက်ပီနယူးရီးယားအော်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် ‘နွေဦးတော်လှန်ရေး အောင်ရမည်’ဆိုတဲ့ အသံကိုလည်း တစ်သံတည်း ကြားလိုက်ရတယ်။
ကိုယ်ဖြစ်ချင်တာ ကိုယ်အော်လိုက်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ အသံ။နှစ်သစ်အကူး စက္ကန့်တံ တစ်ချက်အရွေ့ ဟက်ပီနယူးရီးယားကလွဲ တခြားဘာမှ မအော်ရဘူးလို့ စည်းကမ်းသတ်မှတ်ထားတာမှ မဟုတ်ဘဲ။
လူငယ်ဆိုတော့လည်း သူဖြစ်ချင်ရာ သူ့ဘာသာအော်ချင်ရာ အော်မှာပဲ။ နွေဦးတော်လှန်ရေးအောင်မှသာ အိမ်ပြန်ကြရမယ်ဆိုတော့ မဲဆောက်မှာ အဲဒီလို အော်ဟစ်လိုက်တာ ဘယ်နှစ်ယောက်များ ရှိပါလိမ့်။
လောကဓံတွေ ခပ်နက်နက်နင့်နေတဲ့ မဲဆောက်မြို့က နာမည်ကျော် မာလွေတိုက်တန်းမှာတောင် ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ဟက်ပီနယူးရီးယားကြတယ်။လူပေါင်း ၅၀၀ကျော်ရှိတဲ့ တိုက်တန်း သူ့အခန်းနဲ့သူ၊ သူ့အုပ်စု နဲ့သူ၊စုပေါင်းစပ်ပေါင်း၊ ဈေးခပ်ပေါပေါ လုချင်းလို့ခေါ်တဲ့ ယိုးဒယားအသားလုံးတွေက အမြည်း။ ထိုင်းအရက် ဖြူ စပါးနှံတံဆိပ်နဲ့ ယာဒေါင်းလို့ခေါ်တဲ့ ထိုင်းရိုးရာအရက်၊ နည်းနည်းပိုတတ်နိုင်သူတွေက တစ်ခါတလေဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေရောင်ဖွဲ့ ဝီစကီ။
“ကျနော်တို့ တစ်နှစ်လုံး ရုန်းခဲ့သမျှ ဒီတစ်ညတော့ ငွေနည်းနည်းသုံးပြီး စိတ်ကို ခဏလွှတ်ပေးလိုက်တဲ့သဘောပါ”လို့ မာလွေတိုက်တန်းမှာ သက်တော်ရှည်နေတဲ့ CDM တစ်ဦးက ပြောတယ်။
သူ့အုပ်စုနဲ့သူ သောက်သောက်စားစား လူငယ်တွေ မနည်းမနော တွေ့ရတယ်။ဘယ်သူကမှ ဒကာတော်ရေမြေ့ရှင်အဖြစ် မတတ်နိုင်တော့ နယူးရီးယားသောက်ပွဲအတွက် အချိုးကျ ထည့်ဝင်စနစ်ကို အတိအကျ ကျင့်သုံးကြရတယ်။
“သူများနိုင်ငံမှာ တရားမဝင်ဖြစ်နေတာ ဘယ်သူက ပျော်မလဲဗျာ။ ဒါပေမဲ့၊ တစ်ခါတလေတော့လည်း ပျော်မလားလို့ ပျော်ကြည့်ရတာပဲ”လို့ အသက်၁၆နှစ်အရွယ် လူငယ်လေးတစ်ဦးက ဆိုတယ်။
မအောင်မြင်တဲ့ အာဏာသိမ်းပွဲ စတင်တော့ သူ့အသက်၁၃နှစ်ကျော်။ ကလေးတစ်ယောက်ရဲ့အသိ၊ ကလေးတစ်ယောက်ရဲ့ မခံချင်စိတ်နဲ့ တစ်ခါတလေ သူ့အမေနဲ့အတူ လှည်းတန်းသို့ချီ၊ လက်သီးလက်မောင်းတန်း ဆန္ဒပြခဲ့တာကလွဲနိုင်ငံရေးတွေဘာတွေ သိပ်အများကြီးတော့ သူ ဘယ်သိမလဲ။
ဆန္ဒပြပွဲအလွန်ကာလ ၂၀၂၁ခုနှစ်ကုန်တော့ သူ့အဖေနိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ ထောင်ကျ။ အဲဒီ အချိန်ကစလို့ သူတို့မိသားစုဘဝဟာ ဒယီးဒယိုင် ပုံမှန်ဝင်ငွေမဲ့၊ ရှိတာတွေထုတ်ရောင်းခြင်းနဲ့သာ ရှေ့ဆက်ရတယ်ဆိုပေမဲ့ ရှိခဲ့တာတွေက နည်းနည်းများတာမို့ မမှု။
သူ့အဖေ ထောင်ကပြန်လွတ်လာတော့ ရပ်ကွက်နဲ့ မြို့နယ်စစ်ကောင်စီအသိုင်းအဝိုင်းက မျက်စိဒေါင့်ထောက်။ ခြေတစ်လှမ်းမှားတာနဲ့ ထောင်ထဲပြန်ရောက်သွားစေ့ရမယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေက အသံပြင်းလာတော့ ဆက်နေရင် နောက်တစ်ကြိမ် ထောင်ထဲ ပြန်ရောက်သွားနိုင်တယ်မဟုတ်လား။
နှစ်များစွာကြာ တစ်ခုချင်း တစ်ဖဲ့ချင်း၊ ဖြည်းဖြည်းချင်း တည်ဆောက်ခဲ့တဲ့ မိသားစုအသိုက်ကို ရင်နာနာနဲ့ဖျက်၊ ရှိသမျှ အကုန်ပုံရောင်းကာ သောင်ရင်းမြစ်တစ်ဖက်ကပြည်ပြေးတို့ အခြေစိုက်ရာ မဲဆောက်ဆီ လှမ်းလာခဲ့ကြတယ်။
မိဘနဲ့အတူ ရောက်လာတဲ့ ပညာရေးတစ်ပိုင်းတစ်စနဲ့ လူငယ်လေး။မဲဆောက်မှာရှိတဲ့ ရွှေ့ပြောင်းကျောင်းတွေဆိုတာ မူလတန်းအရွယ်ကလေးတွေအတွက်သာ ဆော့လည်းဆော့ စာလည်းသင် လူမှုပတ်ဝန်းကျင်တစ်ခု ရတယ်ဆိုရုံမျှမို့ စကောစက သူ့အရွယ်နဲ့ကျ အဆင်မပြေ။အတန်းပညာရေးငယ်ငယ် ရွယ်ရွယ်နဲ့ လမ်းဆုံးခဲ့ရတဲ့ လူငယ်လေး။ အွန်လိုင်းပညာရေးရဲ့ လက်တွေ့ကျကျ ညီမျှခြင်းက ငွေဆိုတော့ အနေကြာလာလေ မိသားစုနေရေးစားရေး နံပါတ်တစ်ဦးစားပေးဖြစ်လာတဲ့ မဲဆောက်မှာ သူ့မိဘတွေ မျက်လုံးစုံမှိတ်ထားရတယ်။
အလုပ်လုပ်ရမယ့်အရွယ်လည်း မဟုတ်၊ နေ့စဉ် လုပ်စရာဘာမှကို ရေရေရာရာမရှိ။ တဂိန်ဂိန် အော်နေရတဲ့နေ့တွေမှာ ဗုံးပေါလအော အချိန်တွေကို ဖြုန်းဖို့ ဂိမ်းဆိုတဲ့အရာမှာ ဂိတ်ထိုးကာ တိုက်ပွဲဝင်ရတယ်။ ပြီးတော့ အညောင်းအညာပြေ ခါးကြောဆန့်၊ စက်ဘီးတစ်စီးနဲ့ လမ်းသလားကြည့်တော့ သူလိုဘာကြောင့်မှန်းမသိတဲ့ နိုင်ငံရေးဒုက္ခသည် လူငယ်လေးတွေနဲ့ ပေါင်းဖက်မိတယ်။
ဆေးလိပ်သောက်တတ်လာတယ်။တစ်ခါတလေမှာ ဝိလို့ခေါ်တဲ့ ဆေးခြောက်၊ နောက်တစ်လှမ်း ဆက်တိုးတဲ့လူငယ်လေးတွေကျ ဘော်လုံးလို့ခေါ်တဲ့ WY စိတ်ကြွရူးသွပ်ဆေးပြား။ ဘာမှန်းမသိ မကျေနပ်နေတာတွေ၊ ဖြစ်ချင်ရာဖြစ် ပေါက်ကွဲဆပြင်းလာတာတွေ၊ ဘယ်ကိုကြည့်ကြည့် ဘာမှ မမြင်ရတာတွေနဲ့ ဘာပဲဖြစ်ဖြစ် တော်လှန်ရေးအောင်မှ အိမ်ပြန်ရမယ်ဆိုတော့ နယူးရီးယားမှာ ခွက်ချင်းတိုက်၊ နာကျင်နေတဲ့ ကျားရဲတစ်ကောင်လို ချီးယားစ်။
မဲဆောက်မှာ လူငယ်တွေ ဒင်းကြမ်းပြည့်နေတယ်။ မဲဆောက်မှာ PDF တစ်ရေကျ တောထဲကနေထွက်လာတဲ့ လူငယ်တွေလည်း ရှိတယ်။အကြမ်းဖက်စစ်အုပ်စုကို တော်လှန်ရင်း ပြည်တွင်းမှာ နေမရတော့လို့ မဲ ဆောက်ရောက်လာတဲ့ လူငယ်တွေရှိတယ်။ သေမင်းတမန် စစ်မှုထမ်းဥပဒေနဲ့ ဝေးရာ ဖြစ်ချင်ရာဖြစ် စစ်တပ်ထဲ မဝင်ရရေးသည် နံပါတ်တစ်၊ မဲဆောက်ကို အပြေးအလွှားရောက်လာကြတဲ့ လူငယ်တွေလည်း ဝင်လာမစဲ တသဲသဲ။တချို့လည်း လက်သီးဆုပ်မပျက်။ တချို့ကတော့ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ရဲရဲတောက်မပျက်။
အင်မတန်လက်တွေ့ကျတဲ့ လူငယ်လေးတစ်ဦးကတော့ တိုက်နိုင်ရင်တိုက်၊ မတိုက်နိုင်ရင်ကူနိုင်ရမယ်လို့ဆိုကာ သူ့ဆိုင်ကယ်ကယ်ရီဆွဲခထဲက တနိုင် သူ့ဇာတိမြေက PDFတပ်ဖွဲ့ထံ လှူဒါန်းနေတာ မြင်ရတယ်။
“၂၀၂၅မှာ တော်လှန်ရေး အောင်ချင်ရင် လူတိုင်းက ကိုယ်တတ်နိုင်တာ ကိုယ်လုပ်ပေးဖို့လိုတယ်”လို့ အဲဒီလူငယ်လေးကဆိုတော့ မဲဆောက်ရောက် အဲဒီလိုလူငယ်တွေကြောင့် အားတက်ရတယ်။
“နှစ်သစ်မှာ တော်လှန်ရေးအောင်ပွဲခံရမယ်ဆိုတဲ့စိတ်နဲ့ ကျနော်တို့လည်း ဟက်ပီနယူးရီးယားလုပ်ကြတယ်”လို့ ထိုလူငယ်က ရိုးသားစွာပြောတယ်။
ပရိုပိုဆယ်တင် ခွက်စောင်းခုတ်၊ ခေါင်းပုံဖြတ်ဇာတ်တူသားစား လူကြီးလူကောင်း ခွက်ပုန်းသမားတွေကတော့ မဲဆောက်မြို့ရဲ့ အိမ်ကြီးအိမ်ကောင်းတွေပေါ်မှာ အကောင်းစားအရက်တွေနဲ့ စမတ်ကျကျ၊ နှစ်သစ်မှာ ပရိုပိုဆယ် များများ ကျပါစေကြောင်း တိုးတိုးတိတ်တိတ် တောင်းဆုချွေကြ။ တိတ်တိတ်ဆိတ်ဆိတ်၊ လူအမြင်မခံ၊ ဖေ့စ်ဘွတ်မတင်တဲ့ နယူးရီးယား။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရင်ဘတ်ကြီး ကော့ကော့ပြကာ ရဲရဲတောက် တော်လှန်ရေးလုပ်ချင်ယောင် ဆောင်ကာ အသပြာမျှား ရေခပ်။ ဝိဆိုလည်းလာထား၊ အရက်ဆိုလည်း လာထား၊ မိန်းမဆိုလည်း ငါ့အတွက် ဆိုတဲ့ မဲဆောက်ရောက် လူလည်ကြီးများတစ်သိုက်ကလည်း ပါးပါးနပ်နပ် အသံတိတ် နယူးရီးယား။ မဲဆောက်မှာ နယူးရီးယားတွေက အဲဒီလို ကိုယ့်အခြေခံနဲ့ကိုယ် အဖုံ ဖုံကွဲပြားကြတယ်။
အစ်ကိုကဗျာဆရာကတော့ ပွဲမပြီးသေးသမျှ ၂၀၂၁၊ ဘာမှမသစ်ဘူးလို့ လေသံမာမာနဲ့ဆို တယ်။ သိပ်ပျော်တတ်တဲ့ အစ်ကိုအင်ဂျင်နီယာက ပျော်ချင်ပေမဲ့ ပျော်ရမှာရှက်လို့ပါတဲ့။ ဒီဇင်ဘာ ၃၁ရက်ညမှာ စောစော စီးစီး ခ လုတ်ပိတ်၊ နယူးရီးယားကို ကျော်ပစ်ခဲ့တယ်။
၂၀၂၅ရဲ့ ပထမဆုံးသော မနက်၊ တိုးဝှေ့ဝင်ရတဲ့ မဲဆောက်ဈေးပင် ပြောင်ရှင်းလို့။ ညတုန်းက နယူးရီးယားအော်သံတွေက သိပ်များသွားတာကြောင့် တော်ရုံနဲ့ မထနိုင်ကြ။ အသံတွေလည်းပါး၊ လူတွေလည်း ပါး။ လမ်းမတွေတောင် ငြိမ်ငြိမ်သက်သက် ပိပိပြားပြား။
The Tanintharyi Times
