နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် လွှတ်မယ်လို့ စစ်ကောင်စီ ဆို

နိုင်ငံရေးအကျဉ်းသား ၆၀၀ ခန့် လွှတ်မယ်လို့ စစ်ကောင်စီ ဆို

■ PPNM က အတည်ပြုနိုင်တဲ့ လွတ်မြောက် နိုင်ငံရေးအကျဉ်းသား ၁၂၀ ကျော်သာ ရှိသေး

နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ ပုဒ်မနဲ့ တရားစွဲ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် လွှတ်မယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက စစ်ကောင်စီပြန်ကြားရေး မီဒီယာမှာ ပြောဆိုပါတယ်။

ဒီကနေ့ မြန်မာပြည်ရဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ စစ်ကောင်စီက အကျဉ်းသား အကျဉ်းသူ ၅၈၆၄ ဦးကို လွှတ်ပေးခဲ့ရာမှာ ၅၀၅ ပုဒ်မနဲ့ ထောင်ကျခံနေရသူ ၆၀၀ လောက် ပါဝင်မှာဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုတာပါ။

“၅၀၅ နဲ့ တရားစွဲခံထားရတဲ့ သူ ၆၀၀ ဦးခန့် ပါဝင်မှာ ဖြစ်ပါတယ်” လို့ သူက အတည်ပြုပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသား အရေးကိစ္စကို လှုပ်ရှားဆောင်ရွက်နေတဲ့ PPNM အဖွဲ့ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက် ၁၂၀ ကျော်သာ ရှိသေးကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။

အကျဉ်းထောင်ပေါင်း ၁၀ ထောင်ကနေ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၁၂၆ ဦး ပြန်လည်လွတ်မြောက်လာကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ထုတ်ပြန်ထားတာပါ။

“ကျနော်တို့ကတော့ သူတို့ (စစ်ကောင်စီ) ပြောသမျှအားလုံးကို မျက်စိမှိတ်ယုံဖို့ကတော့ ခဲယဉ်းပါတယ်၊ ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီးကတည်းက စကားကို အမျိုးမျိုး ပြောလာတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်ပေါ့နော်၊ ကျနော်က စစ်တပ်တခုလို့ မသုံးချင်ပါဘူး အဖွဲ့အစည်းတခု ဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့ အနေနဲ့ စောင့်ကြည့်မယ် စိစစ်မှာ ဖြစ်ပါတယ်၊ ကျနော်တို့ ရရှိတဲ့ စိစစ်မှုရလဒ်နဲ့ စစ်ကောင်စီပြောတဲ့ ရလဒ်နဲ့ ဘယ်လောက်ကွာခြားလည်း ဆိုတာတော့ မကြာခင် သိရမှာ ဖြစ်ပါတယ်” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

PPNM ထုတ်ပြန်ချက်ထဲမှာ မြင်းခြံအကျဉ်းထောင်က ၂၂ ဦး၊ ပခုက္ကူအကျဉ်းထောင်က ၁၅ ဦး၊ ကလေးအကျဉ်းထောင်က ၄ ဦး၊ ရွှေဘိုအကျဉ်းထောင်က ၃၂ ဦး၊ တောင်ငူအကျဉ်းထောင်က ၁၆ ဦး၊ ပေါင်းတည်အကျဉ်းထောင်က ၈ ဦး၊ ပြည်အကျဉ်းထောင်က ၁၁ ဦး၊ မိတ္ထီလာအကျဉ်းထောင်က ၅ ဦး၊ ဒိုက်ဦးအကျဉ်းထောင်က ၅ ဦး၊ မအူပင်အကျဉ်းထောင်က ၈ ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၂၆ ဦး ဖြစ်ပါတယ်။

စစ်ကောင်စီ ပြောခွင့်ရသူ ထုတ်ပြန်ပြောဆိုတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ လောက် ပြန်လွှတ်ပေးမယ်ဆိုတာက အချက်အလက်အတည်မပြုနိုင်သေးပေမယ့် ဒါဟာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကိုသာ ပြန်လွှတ်ပေးတဲ့ သဘောဆောင်တယ်လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဝေဖန်ပါတယ်။

“သူတို့ (စစ်ကောင်စီ) ပြောတဲ့ အရေအတွက် ၆၀၀ ဆိုရင်တောင်မှ လွှတ်ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ အရေအတွက်ဟာ စုစုပေါင်း လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေ ထက် အများကြီးပဲ လျော့ကျတယ်၊ ၁၀ ရာခိုင်နှုန်းဝန်းကျင်လောက်ပဲ ဒီလွတ်မြောက်မှုထဲမှာ ပါပါတယ်၊ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတခု ဖြစ်တယ်” လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။

ဒီကနေ့ စစ်ကောင်စီက ပြန်လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ အများဆုံး ဖမ်းဆီးပြစ်ဒဏ်ချခံရတဲ့ ပေါက်ကွဲစေမှု၊ အကြမ်းဖက်တိုက်ဖျက်ရေး၊ လက်နက်ဆိုင်ရာ၊ မတရားအသင်းဆက်သွယ်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စတဲ့ ပြစ်မှုတွေက စစ်ကောင်စီရဲ့ လွတ်ငြိမ်းထဲ မပါဝင်ပါဘူး။

စစ်ကောင်စီဟာ ထိုင်းနိုင်ငံသား အများဆုံး ပါဝင်တဲ့ နိုင်ငံခြားသား အကျဉ်းသား ၁၈၀ ကို ပြန်လွှတ်ပေးခဲ့သလို သေဒဏ်ချခံထားရတဲ့ အကျဉ်းသား ၁၄၄ ဦးကိုလည်း ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

The Tanintharyi Times