အိုးဘိုအကျဉ်းထောင် ဝန်ထမ်းတွေ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် သေဆုံး

အိုးဘိုအကျဉ်းထောင် ဝန်ထမ်းတွေ ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် သေဆုံး

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းဦးစီးဌာနဝန်ထမ်းတွေ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် စစ်ကိုင်းဒေသခံ နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM က ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံရပြီး ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၂(က) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ် ပြစ်ဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် ကိုထက်ရန်နိုင်(ခ) ကိုထက် ဟာ အိုးဘိုထောင် အမျိုးသားဆောင် အမှတ် ၃ မှာ ရှိနေချိန် အခန်းစာရေးလုပ်နေတဲ့ အကျဉ်းသားက မူးယစ်ဆေးဝါး ရောင်းချနေတာကို တွေ့တာကြောင့် အကျဉ်းဝန်ထမ်းတွေကို တိုင်ကြားဖို့ သူကြိုးစားခဲ့ပြီး အခန်းသူကြီးတန်းစီးက မတိုင်ကြားဖို့ ညှိနှိုင်းတာကြောင့် ကိုထက်ရန်နိုင်ဘက်က ပြေလည်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မူးယစ်ဆေးရောင်းတဲ့သူက ဒုအဆောင်မှူး တပ်ကြပ် ဇေယျာအောင်ကို ကိုထက်ရန်နိုင်နဲ့ပတ်သက်ပြီး လုပ်ကြံတိုင်ကြားခဲ့တာကြောင့် တပ်ကြပ် ဇေယျာအောင်နဲ့ ဝန်ထမ်းတွေက ကိုထက်ရန်နိုင်ကို ရိုက်နှက်ခဲ့သလို သူ့မှာ အပြစ်မရှိကြောင်း ရှင်းပြပြောဆိုတာကို ကလန်ကဆန်လုပ်တယ်ဆိုပြီး ဝါးဆစ်ပိတ်တုတ်၊ သံတုတ်၊ ကျဉ်စက်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့တယ်လို့ PPNM ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

ဒီရိုက်နှက်မှုဟာ ထောင်ပိုင်လေးဆိုသူ ဦးဇော်ထွန်းရဲ့ ခွင့်ပြုချက်နဲ့ တပ်ကြပ် ဇေယျာအောင်၊ တပ်သား မြတ်မင်းသူ၊ တပ်သား မိုးမင်းထက်၊ အကျဉ်းသား ဖိုးကေနဲ့ တခြားအကျဉ်းထောင်ဝန်ထမ်းတွေက လုပ်ဆောင်ခဲ့တာ လို့ဆိုပါတယ်။

“ကိုထက်ရန်နိုင်က မသေဆုံးခင်မှာ သူ့ကို ဝိုင်းဝန်းရိုက်နှက်နေတဲ့ကြားကနေ အသက်ဘေးက လွတ်အောင် ပုဆိုးတောင်မှ မကပ်နိုင်ဘဲနဲ့ အော်ဟစ်အကူအညီတောင်းခံပြီးမှ ထွက်ပြေးခဲ့ပါတယ်၊ အကျဉ်းဦးစီးဝန်ထမ်းတွေက အဆောင် ၅ စိုက်ခင်းမှာ လူမဆန်စွာ ထပ်ပြီးဝိုင်းဝန်းရိုက်နှက်လိုက်တဲ့အတွက် အကျဉ်းထောင်မှာကတည်းက အသက်သေလုမျောပါး ဖြစ်ခဲ့ရတာ” လို့ PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ထောင်အာဏာပိုင်တွေ ရိုက်နှက်မှုကြောင့် သတိလွတ်ပြီး ကယောင်ကတမ်းဖြစ်လာတဲ့ အချိန် မနက် ၁၀ နာရီလောက်မှာတော့ ကိုထက်ရန်နိုင်ကို ကြိုးတုတ်၊ ဝှီးချဲလ်ပေါ်တင်ပြီး အကျဉ်းထောင်ဆေးရုံကို ခေါ်သွားပေမယ့် ဆေးကုသမှာ လုံလောက်စွာမပေးဘဲ ဆေးရုံတွင်း အရူးတိုက်မှာ ပိတ်လှောင်ထားခဲ့တယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကျဉ်းထောင်ဝန်ထမ်းတွေဟာ ကိုထက်ရန်နိုင် အသက်ငွေ့ငွေ့ဟာ ကျန်တော့တဲ့အချိန် မွန်းလွဲ ၁ နာရီလောက်မှာ မန္တလေးပြည်သူ့ဆေးရုံကို လွှဲပြောင်းပို့ဆောင်ခဲ့အပြီး မန္တလေးဆေးရုံမှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မသေဆုံးခင်ကတည်းက ရိုက်နှက်ခံရမှုကြောင့် ခန္ဓာကိုယ်နဲ့ ဦးခေါင်းမှာ ညိုမဲဒဏ်ရာ၊ ပေါက်ပြဲဒဏ်ရာတွေ ရရှိခဲ့ပြီး မေ့မျောသွားခဲ့တာ ဖြစ်ပါတယ်။

ကိုထက်ရန်နိုင် (ခေါ်) ကိုထက်ဟာ ဇွန် ၂၀ ရက်နေ့ မနက်မှာ ရိုက်နှက်ခံရပြီး မွန်းလွဲပိုင်းမှာ သေဆုံးသွားခဲ့ရတာပါ။

အကျဉ်းထောင်အတွင်းမှာ ဥပဒေမဲ့ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရန် အမိန့်ပေးစေခိုင်းသူ၊ ပူးပေါင်းပါဝင်ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ ပေးနိုင်တဲ့အထိ ကြိုးစားဆောင်ရွက်သွားမယ်လို့ ကျဆုံးနိုင်ငံရေးအကျဉ်းသား ကိုထက်ရန်နိုင်ကို ထပ်လောင်းကတိသစ္စာပြုကြောင်း မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် PPNM ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

The Tanintharyi Times