ဘုတ်ပြင်း၊ ချောင်းမွန်ရွာမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား

ဘုတ်ပြင်း၊ ချောင်းမွန်ရွာမှာ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွား

ပုံစာ - ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ။ (ပုံဟောင်း)

ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီနေ့ နေ့ခင်းပိုင်းမှာ အင်အား ၆၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်သားတွေက ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ရွာထဲကို ဝင်ရောက်လာခဲ့ပြီးစာသင်ကျောင်းမှာ ယာယီစခန်းချခဲ့တယ်လို့ ထောင်ငါးသိုင်းကျေးရွာအုပ်စု ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီနောက် ညနေ ၃ နာရီဝန်းကျင်မှာ ချောင်းမွန်ရွာဘက်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေချဥ်းကပ်လာချိန်မှာ စစ်ကောင်စီတပ်သားတွေဘက်က စတင်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထောင်ငါးသိုင်းကျေးရွာအုပ်စု ဒေသခံတွေက ပြောပါတယ်။

“ ကျနော်တို့က ရွာထဲစစ်တပ်ရောက်လာတာနဲ့ နီးစပ်ရာရှောင်ကြတာပေါ့။ နောက်ပြီး ၃ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေကြားရပါတယ်။ ” လို့ ချောင်းမွန်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ဝန်းကျင်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။

ချောင်းမွန်ကျေးရွာကဒေသခံတွေကတော့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် နီးစပ်ရာ ဥယျာဥ်ခြံတွေထဲကို ရှောင်တိမ်းနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိချောင်းမွန်ရွာထဲက စာသင်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနဲ့ ရွာအဝင်အထွက်နေရာတွေမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားဆဲဖြစ်ပြီး စစ်ရေးအခြေအနေတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ တော်လှန်ရေးတပ်တွေဘက်ကလည်း အချိန်မရွေးပြန်လာတိုက်နိုင်တဲ့ အနေအထားဖြစ်တယ်။ စစ်တပ်ဘက်ကလည်း သတိထားပြီး ကင်းချထားတာမျိုးဖြစ်နေတယ်” လို့ ထောင်ငါးသိုင်းကျေးရွာအုပ်စုက ဒေသခံအမျိုးသမီးတစ်ဦးကဆိုပါတယ်။

လက်ရှိမှာ အခြေအနေရှုပ်ထွေးနေတာကြောင့် စစ်ရေးအခြေအနေအသေးစိတ်ကိုပြောလို့ရတဲ့ အခြေအနေမဟုတ်သေးဘူးလို့ ဘုတ်ပြင်းမြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဘုတ်ပြင်းမြို့နယ်ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မကြာခဏထိတွေ့တိုက်ပွဲ ဖြစ်လေ့ရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လနဲ့ မေလထဲမှာ ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့က စစ်ကောင်စီရဲ့ မိုင်ခရိုဝေ့တာဝါတိုင်တောင်စခန်းကုန်းနဲ့ ၁၀၂၀ တောင်ကုန်း စစ်ကောင်စီအခြေစိုက်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပါတယ်။

The Tanintharyi Times