စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ အရှေ့မော်တုန်းကျေးရွာအုပ်စုက ဒေသခံတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်
စစ်ကောင်စီစစ်ကြောင်းထိုးလာလို့ အရှေ့မော်တုန်းကျေးရွာအုပ်စုက ဒေသခံတွေ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်

စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းဝင်လာလို့ တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့မော်တုန်းကျေးရွာအုပ်စုက ဒေသခံတွေ ညတွင်းချင်း နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ စစ်ရှောင်သွားသူတွေက ပြောပါတယ်။
မနေ့ကည ၈ နာရီလောက်မှာ အရှေ့မော်တုန်းကျေးရွာအုပ်စုထဲကို စစ်ကောင်စီစစ်ကြောင်း နှစ်ခုက တပ်ဖွဲ့ဝင်အင်အား တစ်ရာလောက်ကခြေလျင်ဝင်ရောက်လာခဲ့တာလို့ဆိုပါတယ်။
ကျေးရွာအုပ်စုထဲက ထုံနွယ်ရွာဘက်ကိုဝင်လာတဲ့စစ်ကြောင်းမှာ စစ်ကောင်စီတပ်သား ၆၀ လောက်ပါပြီး အရှေ့စုရွာဘက်ကို ထွက်လာတဲ့စစ်ကြောင်းမှာတော့ အင်အား ၄၀ ကျော် လောက်ရှိတယ်လို့ ဒေသခံက ပြောပါတယ်။ အရှေ့စုရွာကို စစ်ကြောင်းထိုးလာတဲ့ တပ်ဖွဲ့ကအမြောက်တပ်ရင်း (၃၀၆) ကထွက်လာတာလို့ သိရပါတယ်။
“စစ်ကြောင်းဝင်လာနေတယ် ကြားပြီးတာနဲ့ ရောက်လာကြတာပဲ။ ညတွင်းချင်းပဲ” လို့ အရှေ့မော်တုန်းကျေးရွာအုပ်စုက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီနေ့ညနေပိုင်းအထိ ပစ်ခတ်မှုတွေမရှိသေးပေမဲ့ စစ်ကောင်စီတပ်သားတွေကတော့ အရှေ့မော်တုန်းရွာအနီးအဝိုက်က တောတွေထဲမှာခြေရာဖျောက်ပြီး ရှိနေဆဲပဲလို့ ဒေသခံတွေဆီက သိရပါတယ်။
ကျေးရွာအုပ်စုအတွင်းနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးကလည်း “မနက်က စစ်ကြောင်းထွက်သွားပြီကြားလို့ တချို့ပြန်ဝင်ကြတယ်။ သိပ်မကြာဘူး အကုန်ပြန်ပြေးလာရတယ်” လို့ ပြောပါတယ်။
စစ်ကြောင်းလာတာကိုမသိတာကြောင့် ရွာတွေထဲမှာပဲ ဆက်ရှိနေကြသေးတဲ့ အရှေ့မော်တုန်းရွာကဒေသခံတချို့လည်း ရှိသေးတယ်လို့ သိရပါတယ်
၂၀၁၄ သန်းခေါင်စာရင်းအရ အရှေ့မော်တုန်းကျေးရွာအုပ်စုမှာ အိမ်ထောင်စုအရေအတွက် စုစုပေါင်း ၇၀၀ ကျော်ရှိပါတယ်။
လွန်ခဲ့တဲ့နှစ်ရက်ကလည်း ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကို စစ်ကား ၁၇ စီးနဲ့ အင်အား ၃၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းတစ်ခု ဝင်ရောက်သွားတာ ရှိပါတယ်။
အဲဒီစစ်ကြောင်းဟာ သင်္ကန်းတုံးရွာမှာ ရောက်ရှိနေပြီး မနေ့ကနဲ့ဒီနေ့နှစ်ရက်အတွင်း တော်လှန်ရေးတပ်တွေက သုံးကြိမ်အထိ ပြောက်ကျားတိုက်ခိုက်တာ ရှိခဲ့ပါတယ်။
ထားဝယ်မြို့နယ်ထဲမှာ ကျေးရွာခြောက်ရွာလောက်က ဒေသခံတွေဟာ စစ်ကောင်စီစစ်ကြောင်းတွေကြောင့် နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရပါတယ်။
တနင်္သာရီတိုင်းမှာ စစ်ရှောင်အရေအတွက်ဟာပြီးခဲ့တဲ့နှစ်မှာ ငါးသောင်းကျော်ရှိပါတယ်။
The Tanintharyi Times