မြန်မာပြည်သူတွေအပေါ် အကာအကွယ်ပေးရန် ပျက်ကွက်မှု ကုလလုံခြုံရေးကောင်စီမှာ တာဝန်ရှိတယ်လို့ဆို
မြန်မာပြည်သူတွေအပေါ် အကာအကွယ်ပေးရန် ပျက်ကွက်မှု ကုလလုံခြုံရေးကောင်စီမှာ တာဝန်ရှိတယ်လို့ဆို
မြန်မာ့အရေးမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးယူဆောင်ရွက်မှု မရှိသလောက် နည်းပါးတဲ့အခြေအနေမှာ မြန်မာပြည်သူတွေဟာ ပိုပြီး အသက်ဆုံးရှုံးတာ၊ ကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ နေရပ်စွန့်ခွာမှု များပြားလာတာ၊ ဒုက္ခပိုကြီးထွားလာတာ၊ မျှော်လင့်ချက် ပိုမဲ့လာတာ စတဲ့ ဒဏ်အမျိုးမျိုးကို ခါးစီးခံနေရတာ ဖြစ်ပြီး ဒီလိုအကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လုံခြုံရေးကောင်စီမှာ တာဝန်ရှိတယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
မနေ့က ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးမှာ လုံခြုံရေးကောင်စီဘက်က ၂၀၂၃ အတွက် နှစ်စဉ်အစီရင်ခံကို တင်သွင်းခဲ့တာ ဖြစ်ပြီး အဲဒီအစီရင်ခံစာထဲမှာ မြန်မာအခြေအနေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာကြောင့် သံအမတ် ဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ရတာပါ။
လုံခြုံရေးကောင်စီရဲ့ ၂၀၂၃ ကောင်စီအစီရင်ခံစာမှာ မြန်မာနိုင်ငံအခြေအနေကို စာပိုဒ် (၁) ပိုဒ်သာ ထည့်သွင်းဖော်ပြထားတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးကိစ္စနဲ့ ဆက်စပ်ပြီး ဒီလောက်တိုတောင်းတဲ့ ဖော်ပြချက်ကို ကြည့်ခြင်းအားဖြင့် ၂၀၂၃ ခုနှစ် တလျှောက်လုံး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာအရေးကိစ္စအတွက် အနိမ့်ဆုံးအားထုတ်မှုသာ ရှိခဲ့တယ်ဆိုတဲ့ အချက်ကို ပေါ်လွင်နေတာကြောင့် စိတ်ပျက်မိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ဦးကျော်မိုးထွန်းက ကုလအထွေထွေညီလာခံ အစည်းအဝေးမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မြန်မာပြည်မှာ လူပေါင်း ၅၃၀၀ သတ်ဖြတ်ခံရပြီး ၃ ဒသမ ၁ သန်းသော ပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း၊ ပြည်သူ ၁၈ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီကို လိုအပ်နေကြောင်း၊ နေရပ်စွန့်ခွာမှု၊ ရွှေ့ပြောင်းနေထိုင်မှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ ဆင်းရဲမွဲတေမှု၊ ငတ်မွတ်ခေါင်းပါးမှု၊ အတင်းအကြပ် တပ်သားစုဆောင်းခံရမှု အခြေအနေကိုလည်း ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ တင်ပြခဲ့ပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိတာနဲ့ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို စစ်အုပ်စုဘက်က လိုက်နာဖို့ ပျက်ကွက်နေတဲ့အပေါ် အခြေခံပြီး ကုလအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီဘက်က ဖြစ်နိုင်စွမ်းရှိတဲ့ နည်းလမ်းကို သုံးကာ မြန်မာ့အရေးကို ဆောင်ကြဉ်းပေးဖို့ကိုလည်း ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ တို့မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ ဆိုတဲ့ အချက် ပါရှိပါတယ်။
စစ်ကောင်စီဆီကို လက်နက်၊ လေယာဉ်ဆီ၊ ငွေကြေး စီးဆင်းနေမှုအပေါ် ဖြတ်တောက်နိုင်ဖို့ နိုင်ငံတကာ အသိုက်အဝန်းဆီက စုပေါင်းအရေးယူဆောင်ရွက်မှု လိုတယ်လို့ ဆိုပါတယ်။
သံအမတ် ဦးကျော်မိုးထွန်းအနေနဲ့ ကုလအထွေထွေညီလာခံမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ စစ်ကောင်စီဟာ သတင်းအမှားတွေ လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေကို စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံခြားရှိ မြန်မာသံရုံးတွေ ဝါဒဖြန့်မီဒီယာတွေကနေတဆင့် ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် စွပ်စွဲပြောဆိုနေတာတွေ ရှိနေတယ်ဆိုတဲ့အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
စစ်ကောင်စီဘက်က သတင်းအမှား ဖြန့်ဝေနေတယ်ဆိုတာကို ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် သတ်ဖြတ်ခံရတဲ့ ကိစ္စမှာ စစ်ကောင်စီဘက်က လိမ်ညာခဲ့တဲ့ ဖြစ်စဉ်ကို သာဓကတခုအနေနဲ့ ကုလညီလာခံမှာ ဦးကျော်မိုးထွန်းက ရှင်းလင်းပြောဆိုခဲ့ပါတယ်။
The Tanintharyi Times
