ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံး

ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦး ရိုက်နှက်နှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံး

မွန်ပြည်နယ် ၊ ကျိုက်မရောအကျဉ်းထောင်မှာ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား၁ဦး ရိုက်နှက်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ထံက သိရပါတယ်။

ထောင်ဒဏ် တသက်ချမှတ်ခံထားရတဲ့ အသက် ၄၃နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုရာရှင်(ခ)ဟာရှင် ဟာ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံခဲ့ထားရတဲ့ အတွင်းကြေဒဏ်ရာတွေကြောင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလပိုင်းကစလို့ ကျန်းမာရေး ဆိုးရွားလာပြီး အချိန်မှီ ဆေးကုသခွင့်မရခဲ့တာကြောင့် သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ တစ်ရက်နေ့က ကျန်းမာရေးအခြေအနေ ဆိုးရွားလာချိန် ပြင်ပဆေးရုံကို အချိန်နဲ့တပြေးညီ ပို့ဆောင်ပေးနိုင်ခဲ့ခြင်းမရှိဘဲ အရေးပေါ်အခြေအနေရောက်မှ ပြင်ပဆေးရုံရောက်ချိန် ဇန်နဝါရီလ ၁၂ရက်နေ့က ဆုံးပါးသွားခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ အကျဉ်းထောင်တွေထဲ ထောင်ဝင်စာပါဆယ်ပေးပို့ရာမှာ နိုင်ငံခြားဆေးဝါးတွေပို့ခွင့်ကန့်သတ် ထားမှုတွေ၊ ဆေးဝါးစောင့်ရှောက် ကုသမှုလုံလောက်စွာ မရတာတွေနဲ့ အ‌ရေးကြီးလူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံပို့ဆောင်ပေးခြင်း မရှိတာတွေကြောင့် အသက်ဆုံးပါးခဲ့ရတာလို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့ ကောက်ယူရရှိထားတဲ့ စာရင်တွေအရ ၂၀၂၃ခုနှစ်အတွင်း ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိခဲ့လို့ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၁၇ဦး အကျဉ်းထောင်ထဲမှာသေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။

Connect Burma

The Tanintharyi Times