ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားမပါဝင်ဘဲ ၃၀ ကျော်လွတ်လာဖို့ရှိတယ်လို့ သတင်းထွက်နေ
ထားဝယ်ထောင်က နိုင်ငံရေးအကျဥ်းသားမပါဝင်ဘဲ ၃၀ ကျော်လွတ်လာဖို့ရှိတယ်လို့ သတင်းထွက်နေ
ထားဝယ်အကျဥ်းထောင်ကနေ အကျဥ်းသား၊ အကျဥ်းသူ ၃၀ ကျော် ဒီကနေ့ လွတ်မြောက်လာဖို့ရှိပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဥ်းသားတွေ မပါဝင်ကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
“ထောင်ဒဏ် ခြောက်လအောက်ပဲကျန်တဲ့သူတွေလို့ သိရတယ်။ လွတ်ရက်နီးနေတဲ့သူတွေပေါ့” လို့ ထားဝယ်အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
လွတ်မြောက်လာမယ့်သူတွေဟာ တပ်ပြေး၊ ရဲပြေးနဲ့ မူးယစ်အမှုတွေကျခံထားရသူတွေဖြစ်တယ်လို့ကြားရကြောင်းလည်း ထောင်နဲ့နီးစပ်သူက ဆက်ပြောပါတယ်။
ထားဝယ်အကျဥ်းထောင်ရှေ့မှာလည်း မိသားစုဝင်တွေ စောင့်ဆိုင်းနေသူ တစ်ရာနီးပါးရှိပြီး ဒီကနေ့မွန်းလွဲ ၃ နာရီအထိတော့ လွှတ်ပေးတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။
စစ်ကောင်စီက ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တနိုင်ငံလုံးက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်း အသီးသီးမှာရှိတဲ့ အကျဉ်းသား၊ အကျဥ်းသူ ၇၇၄၉ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ကြေညာထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အမှုတချို့လျှော့ပေါ့ပေးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ဆက်စပ်တဲ့သူ ၁၀၀ နီးပါးကိုလည်း ဒီနေ့မှာလွတ်ငြိမ်းပေးခဲ့ပါတယ်။
ထားဝယ်အကျဥ်းထောင်မှာ အမှုအမျိုးမျိုးနဲ့အကျဥ်းကျခံနေရသူ အကျဥ်းသား၊ အကျဥ်းသူ ၁၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၄၀၀ ဝန်းကျင်ဟာ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ပါတယ်။
အခုနှစ်မေလ ၃ ရက်နေ့က နိုင်ငံရေးအကျဥ်သား ၃၀ ကျော်လွတ်မြောက်လာသလို ဇန်နဝါရီလ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ကလည်း ထောင်ဒဏ် ၁ နှစ်အောက်သာကျခံဖို့ကျန်ရှိတဲ့ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၄၃ ဦးနဲ့ အမျိုးသမီး ၁၇ ကို ထားဝယ်ထောင်ကနေ လွှတ်ပေးခဲ့ဖူးပါတယ်။
The Tanintharyi Times
