ထားဝယ်ထောင်ကနေ ထောင်ဒဏ် ၁နှစ်အောက်ကျခံဖို့သာ ကျန်တော့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့

ထားဝယ်ထောင်ကနေ ထောင်ဒဏ် ၁နှစ်အောက်ကျခံဖို့သာ ကျန်တော့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့

ထားဝယ်အကျဥ်းထောင်ကနေ မနေ့က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေဟာ ထားဝယ်နိုင်ကျဉ်းများကွန်ရက်က ရရှိတဲ့ စာရင်းအရ ထောင်ဒဏ် ၁ နှစ်အောက်သာ ကျခံဖို့ ကျန်ရှိနေသူတွေပဲ ဖြစ်ပါတယ်။

“လွှတ်တဲ့ပုဒ်မကတော့ ၅၀၅-က တခုတည်းပါပဲ။ အဲဒီထဲကမှ လွတ်ဖို့ ၄လကနေ ၁၁ လအထိ ကျန်တဲ့ သူတွေပါတယ်။” လို့ အကျဥ်သားကွန်ရက်တာဝန်ရှိသူကပြောပါတယ်။

ကွန်ရက်က တာဝန်ရှိသူပြောသလိုပါပဲ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့မှာ ထားဝယ်ထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသား အမျိုးသား ၄၃ ဦးနဲ့ အမျိုးသမီး ၁၇ ဦးဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့ အမိန့်ချခံထားရသူတွေ ဖြစ်ပါတယ်။

လွတ်မြောက်လာသူတွေထဲက ၅၆ ဦးဟာ ထောင်ဒဏ် ၂ နှစ်အမိန့်ချခံထားရသူတွေ ဖြစ်ပြီး ၁ နှစ်အမိန့်ချခံရသူ ၂ ဦး၊ ၁နှစ်ခွဲအမိန့်ချခံရသူ ၁ ဦးနဲ့ ၃ နှစ်အမိန့်ချခံထားရသူ ၁ ဦးလည်းပါဝင်ပါတယ်။

“လွတ်မြောက်လာတဲ့သူတွေအတွက် အရမ်းဝမ်းသာရပါတယ်။ အထဲမှာကျန်နေသေးတဲ့ နိုင်ငံရေးအကျဥ်းသားတွေကိုလည်း တယောက်မကျန်လွှတ်ဖို့လိုပါတယ်” လို့ အကျဥ်သားကွန်ရက်တာဝန်ရှိသူက ပြောပါတယ်။

ထားဝယ်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၂၇၅ ဦးနဲ့ အကျဥ်းသူ ၄၉ ဦးကျန်ရှိနေပါသေးတယ်။

မြိတ်အကျဥ်းထောင်က မနေ့က လွတ်မြောက်လာသူ ၈၂ ဦးရှိပြီး အဆိုပါ အရေအတွက်မှာ နိုင်ငံရေးအကျဥ်းသူ ၁၁ ဦးပါဝင်ပြီး နိုင်ငံရေးအကျဥ်းသား ကတော့ ဘယ်နှစ်ဦးပါဝင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

ကော့သောင်းအကျဥ်းထောင်မှာတော့ အကျဥ်းသား ၃၃ ဦးလွှတ်ပေးတဲ့အထဲ နိုင်ငံရေးအကျဥ်းသား ၄ ဦးသာပါဝင်ခဲ့ပါတယ်။

တနိုင်ငံလုံးကအကျဥ်းထောင်တွေမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဥ်းသားအရေအတွက်ဟာ တစ်သောင်းသုံးထောင်ကျော်အထိရှိနေသေးတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPရဲ့ စာရင်းအရသိရပါတယ်။

The Tanintharyi Times