ဘုတ်ပြင်းမှာဆန်ပြတ်လပ်နေပြီးအိမ်ထောင်စုတစ်ခုကို သုံးပြည်ထက်ပိုမရောင်း

ဘုတ်ပြင်းမှာဆန်ပြတ်လပ်နေပြီးအိမ်ထောင်စုတစ်ခုကို သုံးပြည်ထက်ပိုမရောင်း

ပုံစာ - အခုလ ၂ ရက်နေ့က တနင်္သာရီပင်လယ်ကမ်းစပ်တစ်နေရာမှာ KNU က စစ်တပ်ပိုင်ဆန်အိတ်တွေကို သိမ်းဆည်းပြီးနောက် စစ်ကောင်စီက ဆန်သယ်ယူခွင့်ပိတ်လိုက်တာပါ (Photo - Kwe Ka Luu)

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့နဲ့ လေညာရွာမှာ ဆန်ပြတ်လပ်နေပြီး အိမ်ထောင်စုတစ်ခုဆန်သုံးပြည်ထက်ပိုမရောင်းချပေးတော့ဘူးလို့ မြို့ခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

အခုလ ၁၀ ရက်နေ့ကစပြီး ဆန်အရောင်းဆိုင်တွေကအိမ်ထောင်စုတစ်ခုအတွက် တစ်နေ့ ဆန်သုံးပြည်ထက်ပိုမရောင်းပေးတော့သလို တချို့ဆိုင်တွေလည်းပိတ်လိုက်ရပြီလို့ မြို့ခံတွေက ဆိုပါတယ်။

ပြည်ကြီးမဏ္ဍိုင်မြို့နဲ့ လေညာရွာမှာ လက်ကားရောင်းချတဲ့ ဆန်ဆိုင်အကြီး ၁၃ ဆိုင်ခန့်ရှိပြီး အဲဒီဆိုင်တွေအားလုံး တစ်နေ့သုံးပြည်သာ အကန့်အသတ်နဲ့ ရောင်းချပေးတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်လီရောင်းတဲ့ ဆိုင်တချို့က တော့ဆန်ပြတ်လပ်မှုကြောင့် လုံးဝ ပိတ်ထားရတယ်လို့ ဆိုပါတယ်။

“ဈေးကွက်ကိုထိန်းလိုက်တာလို့ပဲထင်တယ်။ ဘာလို့ဆို လွန်ခဲ့တဲ့သုံးရက်ခန့်က ၁၂ ဘီးကားနဲ့ ဆန်အိတ်တွေလာပို့ခဲ့တဲ့ ဆိုင်မှာသွားဝယ်တာတောင် မရောင်းပေးဘူး။” လို့ မြို့ခံအိမ်ထောင်ရှင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒေသတွင်းရောင်းအားကောင်းတဲ့ ပွင့်ကောင်းတံဆိပ် ၂၂ ပြည်ပါဆန်တစ်အိတ်ကို တစ်သိန်းငါးထောင်ကျပ်၊ တစ်ပြည်ကို ၄၇၀၀ ကျပ်ဝန်းကျင် ရှိခဲ့တာပါ။

အခုလ ၁၀ ရက်နေ့မှာတော့ ပွင့်ကောင်းတံဆိပ်ဆန်တစ်ပြည် ၆၀၀၀ ကျပ်ပေးဝယ်နေရပြီး ၂၂ ပြည်ဆံ့ ဆန်တစ်အိတ်ကိုတော့ တစ်သိန်းလေးသောင်းကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်။

အခုလ ၁၁ ရက်နေ့ ဒီကနေ့မှာဆိုရင် ပွင့်ကောင်းတံဆိပ်ဆန်တစ်ပြည်ကို ၆၁၀၀ ကျပ် ဈေးထပ်တက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆန်အရောင်းဆိုင်တွေဘက်ကတော့ မြိတ်ဘက်ကနေ ဆန်အိတ်တွေသယ်ယူလို့မရတော့တဲ့အတွက် လက်ကျန်ဆန်ကိုရသလောက်ရောင်းပေးနေတာဖြစ်ပြီး လက်ကျန်ဆန်မရှိတော့လို့ အခုလိုကန့်သတ်ရောင်းချနေရတာဖြစ်တယ်လို့ ဆိုပါတယ်။

“KNU ကဆန်အိတ်နှစ်ထောင်ကျော်သိမ်းလိုက်ပြီးကတည်းက မြိတ်လှေဆိပ်ကနေ ဆန်အိတ်သယ်လို့မရတော့ဘူး။” လို့ ဒေသတွင်း ဆန်အရောင်းဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

ဘုတ်ပြင်းမြို့နယ်အတွင်းမှာ စားသုံးနေတဲ့ဆန်တွေကို မြိတ်မြို့ကနေ ရေလမ်း၊ ကုန်းလမ်းကတဆင့် အဓိက တင်သွင်းနေတာပါ။

ဒါပေမယ့် တနင်္သာရီမြို့နယ်ထဲက ပင်လယ်ကမ်းစပ်တစ်နေရာမှာ စစ်ကောင်စီတပ်ရဲ့ ဆန်အိတ်သုံးထောင်နီးပါးကို KNU ကသိမ်းဆည်းလိုက်တဲ့ အခုလ ၂ ရက်နေ့ နောက်ပိုင်း စစ်တပ်က ဆန်သယ်ခွင့်ပိတ်လိုက်တာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဘုတ်ပြင်းမှာ တပ်ပိုင်လယ်မြေတွေသာရှိပြီး အရပ်သားတွေကတော့ ခြံလုပ်ငန်းအဓိကလုပ်ကိုင်သလို တောင်ယာစပါးစိုက်ပျိုးသူအနည်းစုရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို ဆန်ပြတ်လပ်တဲ့အတွက် တောင်ယာစပါးစိုက်ပျိုးတဲ့အိမ်ထောင်စုတွေထက် ခြံလုပ်ငန်းအဓိကလုပ်ကိုင်တဲ့အိမ်ထောင်စုတွေအနေနဲ့ ရေရှည်မှာခက်ခဲလာနိုင်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

The Tanintharyi Times