ပုလောမှာ စက်သုံးဆီလိုသလောက်ဝယ်လို့မရဖြစ်နေ
ပုလောမှာ စက်သုံးဆီလိုသလောက်ဝယ်လို့မရဖြစ်နေ
ပုလောမြို့နယ်ထဲက နေရာတချို့မှာ စက်သုံးဆီလိုသလောက်ဝယ်လို့မရတော့ဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
ပုလောမြို့နယ်မှာ ပုလောမြို့၊ ပလောက်မြို့၊ ပလမြို့ မြို့သုံးမြို့ရှိတဲ့အထဲက ပုလောနဲ့ ပလောက်မှာ စက်သုံးဆီဝယ်ရခက်ခဲနေတာပါ။
အခုလ ၈ ရက်နေ့မတိုင်ခင်က စစ်ကောင်စီတပ်သားတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ဟာ ဆီကိုဗူးနဲ့မရောင်းဖို့ ဆီဆိုင်တွေမှာ နှုတ်အမိန့်နဲ့လိုက်ပြောထားတယ်လို့ စစ်တပ်နဲ့ရင်းနှီးသူဆီက သိရပါတယ်။
အဲဒီနောက် သုံးရက်လောက်အကြာမှာတော့ လက္ကားဆိုင်ကြီးခုနစ်ဆိုင်ရှိတဲ့ ပုလောမြို့ပေါ်မှာ ဓာတ်ဆီအရောင်းဆိုင်နှစ်ဆိုင်သာရှိတော့ပြီး ဓာတ်ဆီတစ်လီတာကိုလည်း ၃၂၀၀ ကျပ်ကနေ ၄၀၀၀ ကျပ်ဝန်းကျင်အထိဈေးတက်လာတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
“ဆီကတော့ လီတာသတ်မှတ်ပြီးရောင်းတာမျိုးမရှိဘူး။ စီးလာတဲ့ကား၊ ဆိုင်ကယ်၊ ထော်လာဂျီနဲ့ အပြည့်ထဲလည်းရတယ်။ ပါဆယ်တော့မရဘူး။” လို့ ပုလောြမို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
အလားတူ ပလောက်မြို့မှာလည်း လွန်ခဲ့တဲ့နှစ်ရက်လောက်ကစပြီး ဓာတ်ဆီဝယ်ရခက်ခဲလာတယ်လို့ သိရပါတယ်။
ပလောက်နဲ့ ပုလောြမို့မှာရောင်းနေတဲ့ ဓာတ်ဆီတွေဟာ မြိတ်မြို့နဲ့ ထားဝယ်မြို့ဘက်ကနေ ရေလမ်း၊ ကုန်းလမ်းကတဆင့်သယ်ယူရောင်းချနေကြတာပါ။
“ရေတပ်က စစ်ဆင်ရေးလုပ်မှာမို့ ဆီတင်သင်္ဘောတွေထွက်လို့မရဘူးပြောတယ်။ တိကျတော့မသိဘူး။” လို့ ဆီအရောင်းဆိုင်နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
အခုနှစ်အစမှာ စက်သုံးဆီသယ်ယူဖို့အတွက် ကိုယ်နေထိုင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီမှာ ထောက်ခံစာရေးပြီး အဲဒီထောက်ခံစာနဲ့အတူ ဖြတ်မယ့်စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ကြိုအကြောင်းကြားပြီးမှ ဆီသယ်ယူရမယ်လို့ စစ်ကောင်စီ ကန့်သတ်ခဲ့တာပါ။
အဲဒီဖြစ်စဉ်ပြီးနောက်မှာ အခုလို စက်သုံးဆီဝယ်ယူရခက်ခဲလာတာဖြစ်ပါတယ်။
The Tanintharyi Times
