ရွေးကောက်ပွဲနေ့ ထားဝယ်မြို့က တိုင်းအစိုးရအဖွဲ့ရုံးဗုံးချခံရ
ရွေးကောက်ပွဲနေ့ ထားဝယ်မြို့က တိုင်းအစိုးရအဖွဲ့ရုံးဗုံးချခံရ
ရွေးကောက်ပွဲကျင်းပနေတဲ့ ဒီနေ့မနက်ပိုင်းက ထားဝယ်မြို့ပေါ်မှာရှိတဲ့ တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးဗုံးချခံရလို့ ပေါက်ကွဲခဲ့တယ်လို့ ရုံးအနီးအနားရှိနေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက် ၇ နာရီ ၄၀ မိနစ်ဝန်းကျင်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့ရုံး(ရုံးကြီး) အဆောက်အအုံ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
“အသံကတော့ တော်တော်ကြမ်းတယ်။ ကွန်ကရစ်အစတွေ လမ်းမဘက် ရောက်လာတယ်” လို့ အနီးအနားရှိနေသူ မြို့ခံတစ်ဦးက ပြောပါတယ်။
အဲဲဒီပေါက်ကွဲမှုကြောင့် ထိခိုက်သူရှိတယ်လို့ ကနဦး သိရပြီး အတိအကျတော့ မသိရသေးပါဘူး။
အဲဒီပေါက်ကွဲမှုဖြစ်ပြီး ငါးမိနစ်ဝန်းကျင်အကြာမှာ မြို့တော်ခန်းမအသစ်ဝန်းကျင်မှာလည်း ပေါက်ကွဲသံတချက်ထွက်ပေါ်ခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာပဲ ထားဝယ်မြို့နဲ့အနီးတစ်ဝိုက်မှာ လက်နက်ကြီးပစ်ခတ်သံတွေလည်းထွက်ပေါ်နေပါတယ်။
လောင်းလုံးမြို့နယ်က ထိန်တွင်းရွာနဲ့ ခမောင်းတောင်ရွာဘက်မှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ထားဝယ်မြို့မှာ ဒီနေ့မနက်ပိုင်း မဲရုံတွေမှာ မဲပေးသူတွေအတန်အသင့် ရှိနေပြီး စိုးရိမ်စိတ်ကြောင့် မဲသွားပေးနေရသူပိုများတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာတော့ မဲပေးဖို့ဖြတ်သန်းသွားလာတဲ့ ထားဝယ်မြို့ခံတွေကလွဲလို့ တခြားမော်တော်ယာဉ်တွေကို သွားလာခွင့်ပိတ်ထားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
The Tanintharyi Times
