တချို့တွေ အိမ်ပြန်ကြပြီ
တချို့တွေ အိမ်ပြန်ကြပြီ
မျက်လုံးဖွင့်နိုးလာတဲ့ မနက်ခင်းတိုင်း
အိမ်မဟုတ်တဲ့ ခေါင်မိုးကို တွေ့ခဲ့ရတာ
နှစ်တွေတောင် ကြာလာပြီပဲ
ဒီနေ့မွေးနေ့ဆိုတော့ တစ်ယောက်ယောက်များ
၁၂နာရီတိတိ ဆုတောင်းပေးထားတဲ့
Birthday wish လေးရှိမလား အတွေးနဲ့
ဖုန်းလေး ဖွင့်ကြည့်မိတော့
မျှော်လင့်ချက်လေး ပြုတ်ကျသွားပုံက
သိပ်လှတယ်
ဒီရက်ပိုင်းမှာ တချို့တွေ အိမ်ပြန်နိုင်ကြပြီဆိုတဲ့
Video လေးတွေ Facebook မှာ ခပ်စိတ်စိတ်တွေ့ရတော့
လေးပင်စွာ သယ်ဆောင်ထားရတဲ့
မျက်တောင်လေးပေါ်က မျက်ရည်တွေက
အားရဝမ်းသာ ခုန်ပေါက်ပြေးဆင်းသွားတယ်
တစုံတယောက်ဆီက တစုံတခုကို မျှော်လင့်တာဟာ
ကိုယ့်စိတ်ကိုယ်ဒုက္ခပေးရာ ရောက်မှန်းသိလိုက်ရတဲ့အချိန်က သိပ်ကိုနောက်ကျနေပါပြီ
စိတ်တွေ အဆင်မပြေလေလေ အိမ်ကို ပိုလွမ်းဖြစ်လေပါပဲ
လူငယ်ဆိုတဲ့လူတွေက သိပ်ကိုရယ်ရတယ်
အိမ်ပြန်နိုင်တဲ့အချိန်တုန်းက အိမ်မပြန်ကြပဲ
အိမ်မပြန်နိုင်တဲ့အချိန်ကြမှ အိမ်ကိုဘယ်လောက်လွမ်းကြောင်း တခုတ်တရပြောကြတယ်
မွေးရပ်မြေသို့တမ်းချင်း သီချင်းကို နားထောင်ရင်း
ဒီလိုနေ့တွေသာ ကြုံလာခဲ့မယ်မှန်းသိခဲ့ရင်
ရွာလမ်းကလေးဆီ ခဏခဏသွားခဲ့မိမှာ
မိသားစုနဲ့ ဒါ့ထက်ပိုပြီး နွေးထွေးခဲ့မိမှာ
ပင်လယ်စာတွေကို တဝကြီးစားခဲ့မိမှာ
ကမ်းနားလမ်းရဲ့ ညနေခင်းတွေကိုလည်း
ကြာကြာငေးစိုက်ခဲ့မိမှာ
မြေနီလမ်းထဲက ကတ်ကြေးကိုက်ကိုလည်း
နေ့တိုင်းသွားစားခဲ့မိမှာ
သိမ်တော်ကြီးပေါ်က မြင်ရတဲ့ ကိုယ့်မြို့ရဲ့အလှကိုလည်း
မကြာခဏ သွားကြည့်ခဲ့မိမှာ
မတက်ရသေးတဲ့ တောင်တွေကိုလည်း
ရအောင်တက်ခဲ့မိမှာ
မရောက်ဖူးသေးတဲ့ တိုင်းရင်းသားဒေသတွေကိုလည်း
ရောက်အောင် သွားခဲ့မိမှာလို့
နောင်တတပွေ့တပိုက်နဲ့ အကြိမ်ကြိမ်တွေးမိတော့တာပဲ
ကိုယ့်နိုင်ငံထဲမှာနေပြီး ကိုယ့်အိမ်ကိုပြန်လို့မရဘူးတဲ့
ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ
လူတစ်ယောက်ရဲ့အတ္တကြောင့်
လူသန်းပေါင်းများစွာရဲ့ဘဝတွေ စတေးခဲ့ရပုံကလည်း
တကယ်ကြုံလို့သာ ယုံရတာ
နောက်နှစ်ပေါင်းကြာလို့ ကလေးတွေသင်ရတဲ့သမိုင်းအဖြစ် ပြောင်းသွားရင်
သူတို့ ယုံတောင်ယုံပါ့မလားလို့တောင် သံသယဝင်ရ
တချို့တွေ အိမ်ပြန်နိုင်ကြပြီ
တချို့တွေ အိမ်ပြန်နိုင်ဖို့အတွက်
အိမ်မပြန်နိုင်တော့တဲ့တချို့တွေက ကြယ်အဖြစ်
ပြောင်းလဲပေးလိုက်ရတာတွေ များနေပြီ
ဒီခေတ်ဆိုးကြီးထဲမှာ ကျန်နေတဲ့အိမ်ဝေးငှက်လေးတွေရေ…….
ထပ်ပြီးတော့ ဘေးမသီရန်မခပဲ
အိမ်ပြန်လမ်းကို အမြန်ရောက်နိုင်ကြပါစေ။
ဆောင်းရိပ်ခို
The Tanintharyi Times
