တချို့တွေ အိမ်ပြန်သွားကြတဲ့အခါ

တချို့တွေ အိမ်ပြန်သွားကြတဲ့အခါ

အိမ်ပြန်ချိန်ဆိုတာ ဘယ်လိုဟာလဲ။ အိပ်ရာကနေ နိုးလာတဲ့ မနက်ခင်းလား၊ နေ့လယ် ထမင်းစားချိန်လား၊ ညနေ နေဝင်ခါနီးအချိန်လား။ တိတိပပ သူ မပြောတတ်ပါဘူး။ ဒါမှမဟုတ်ရင်လည်း ၂၄ နာရီပတ်လုံး အချိန်အခါမရွေး ဖြစ်လာနိုင်ပါသလား။

လွတ်ရက်စေ့လို့ အိမ်ပြန်ရမယ့် အကျဉ်းသားတစ်ယောက် အိမ်ပြန်ဖို့ အဝတ်အစားမရှိဘူး၊ အင်္ကျီအပိုရှိတဲ့သူ၊ ပုဆိုးအပိုရှိတဲ့သူတွေအနေနဲ့ ပေးကြပါဦးလို့ ဆိုလာလို့ သူ့မှာရှိနေတဲ့ ပုဆိုးတွေထဲက တစ်ထည်ကို ထုတ်ပေးလိုက်တယ်။ အင်္ကျီရော ပေးမလို့ပါပဲ၊ ဒါပေမဲ့ တခြားတစ်ယောက်က အရင်ပေးနှင့်ထားပြီး ဖြစ်နေတယ်။

အဲဒီအကျဉ်းသားဟာ ဘယ်သူလဲ၊ ဘယ်ကလဲဆိုတာကို မသိရပါဘူး။ ဘာအမှုနဲ့ ကျနေတယ်ရယ်လို့လည်း သူ မသိဘူး။ ဒါပေမဲ့ အိမ်ပြန်ရတော့မယ့်သူတစ်ယောက်ဟာ သပ်သပ်ရပ်ရပ်သစ်သစ်လွင်လွင်လေး ဖြစ်နေတဲ့အခါ ပိုပြီးပျော်ရွှင်ချမ်းမြေ့နေမှာပဲဆိုလို့ တွေးနေမိတယ်။ ပြီးတော့ ဒါဟာ အရေးပါတဲ့ ဖြစ်ရပ်တစ်ခုပဲမဟုတ်လား။ လောကတစ်ခုထဲကနေ လောတစ်ခုထဲကို ပြောင်းရွှေ့ဝင်ရောက်ရမှာ ဖြစ်တယ်။ သံတိုင်နဲ့ နံရံတံတိုင်းတွေရဲ့ အပြင်ဘက်ဟာ ကမ္ဘာသစ်တစ်ခုလို ဖြစ်နေမလားပါပဲ။

လွတ်ရက်စေ့အကျဉ်းသား ထောင်တံခါးဝဆီ ထွက်သွားနေတာကို ကျန်တဲ့သူတွေက ငေးကြည့်နေကြပါတယ်။ ရင်ထဲမှာ ငါလည်း ပြန်ချင်လိုက်တာဆိုတဲ့ ခံစားမှုကိုယ်စီနဲ့ ဖြစ်နေကြမှာပါပဲ။ သူလည်း အပါအဝင်ပါပဲ။ သူ့ပုဆိုးလေးကို ဆင်မြန်းထားတဲ့ အဲဒီလူကို ကြည့်ငေးနေရင်း ပုဆိုးအတွက်လည်း ကျေနပ်မှုကို ခံစားနေရတယ်။ အနည်းဆုံးတော့ သူ့ပုဆိုးလေးလည်း လွတ်မြောက်သွားရတာပေါ့။ အဲဒီပုဆိုးဟာ တစ်ခါတုန်းက တစ်ယောက်က သူ့ကို လက်ဆောင်ပေးထားတာ။ တဆက်တည်းမှာပဲ လက်ဆောင်ပိုင်ရှင်ကို လှမ်းပြီး သတိရမိပြန်ပါတယ်။ ဒီလိုလွတ်လပ်မှုမျိုးကို သူလည်း ရပါစေလို့ ဆန္ဒပြုမိပြန်ရဲ့။

အိမ်ပြန်ရမယ့်သူတစ်ယောက်ရဲ့ အပျော်ဟာ ဒီဂရီဘယ်လောက်ရှိမလဲဆိုတာကို သူ ခံစားကြည့်ပေမဲ့ အစစ်အမှန်ခံစားမှုကို မရပါဘူး။ ဘာလို့ဆို ကိုယ်ကိုယ်တိုင်မှ မဟုတ်ဘဲကိုး။ ကိုယ်ကိုယ်တိုင်ပြန်ရတဲ့အခါမှသာ အဲဒီခံစားမှုကို နားလည်နိုင်မှာပါလိမ့်မယ်။ ဒါပေမဲ့လည်း တော်တော်ကို ပျော်မှာပဲဆိုတာကတော့ ဘေးကနေ မြင်ရုံနဲ့ သိနိုင်ပါတယ်။

ပီတိနဲ့ အပျော်နဲ့၊ ကျေနပ်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ခန္ဓာကိုယ်ဟာ ဖျတ်လတ်မြောက်ကြွလို့ နေပါတယ်။ မျက်နှာကလည်း ဝင်းပလို့ နေပါတယ်။ အကျဉ်းသားတွေဆိုတာ အမြဲလိုလို ညိုမှောင်မှိုင်းနေတဲ့ အသားအရည်နဲ့ သွင်ပြင်ပိုင်ရှင်တွေမို့ လွတ်ရက်မှာဖြစ်တဲ့မျက်နှာတွေဟာ သိသိသာသာကို ဝင်းပနေတတ်တာပါ။ ပြီးတော့ ခြေလှမ်းတွေကလည်း သွက်လတ်လို့နေပြန်ပါသေးတယ်။ ဒါကြောင့်မို့လည်း ဘဝရဲ့ အပျော်ဆုံးနေ့ သုံးနေ့ထဲမှာ ထည့်ထားတာဖြစ်မှာပါပဲ။

ရက်တွေ ပိုကြာလာတာနဲ့အမျှ အိမ်ပြန်သွားကြသူတွေ တစ်ယောက်ပြီး တစ်ယောက်ကို မြင်တွေ့နေခဲ့ရပါတယ်။

လူတစ်ယောက် အချုပ်အနှောင်ကနေ လွတ်မြောက်တာဟာ ကောင်းတဲ့ကိစ္စပဲလို့ သူ ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။ ဒီလိုနဲ့ပဲ သူ့မှာ စိတ်ဖြေစရာအရာတစ်ခုကို ရှာတွေ့သွားခဲ့တယ်။ အိမ်ပြန်ကြရတဲ့သူတွေကို ကြည့်ပြီး ပျော်ပေးလိုက်တာ ဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်မှာ စိတ်ရဲ့အတွင်းပိုင်း နက်ရှိုင်းတဲ့နေရာမှာ အိမ်ပြန်ချင်စိတ်ကလေး အောင်းနေပေမဲ့လည်း ခံစားမှုကို အဲဒီအပေါ်မှာ မထားတော့ဘဲ ပြန်သွားကြသူတွေအပေါ်မှာပဲ ထားလိုက်တာပါ။

ကိုယ်မပြန်ရပေမဲ့ ဘယ်သူပဲ ပြန်ရပြန်ရ ဝမ်းသာစရာဖြစ်လာပါတယ်။ ဒီကနေ ဆက်ပြီး အပြင်လောကထဲမှာ ရှိနေကြတဲ့ မိသားစု၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ချစ်ရခင်ရသူတွေအပြင် လွတ်လပ်စွာရှင်သန်နေနိုင်ကြသူတွေအကုန်လုံးကို အာရုံခံစားပြီး သူတို့တွေရဲ့ လွတ်လပ်နေမှုအတွက်လည်း ကျေနပ်မှုကို ခံစားရပါတယ်။ ကိုယ့်လို အချုပ်အနှောင်အတွင်းမှာ ရှိမနေကြတာဟာ ဝမ်းသာစရာကိစ္စတစ်ခုပါပဲ။

ဒီကာလတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးတဲ့သတင်းတွေ ဟိုတစ်စဒီတစ်စ ကြားနေရတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တောင် အရေအတွက်က နည်းနည်းပါးပါးပဲမို့ သူတို့ထောင်အတွက်ရတဲ့ ခွဲတမ်းက တကယ့်ကို နည်းနည်းလေးပဲ။ တစ်ဖက်မှာလည်း လူသစ်တွေဟာ ထောင်ထဲကို တစ်သုတ်ပြီးတစ်သုတ် ထပ်ထပ်ပြီး ရောက်လာနေခဲ့တယ်။ ဒါတွေကို မြင်ရတာတော့ သူ့ကို တော်တော်လေး စိတ်ထိခိုက်စေပါတယ်။

တစ်ခါတော့ တော်တော်ကို ပျော်ဖို့ကောင်းတဲ့ နေ့တစ်နေ့ဟာ သူ့ဆီကို ရောက်လာခဲ့တယ်။ အဲဒီမနက်က ရုံးထုတ်ဖို့ဆိုပြီး သူတို့တွေ လာခေါ်တယ်။ ရုံးမထုတ်တာ ကွာသှားပွီိဆိုတော့ ရုံးထွက်ရမယ့်အပေါ်မှာ စိတ်လှုပ်ရှားနေခဲ့တယ်။ မိသားစုတွေနဲ့များ တွေ့ရဦးမလားလို့လည်း မျှော်လင့်နေမိပြန်တယ်။

ထောင်တစ်ခုလုံးမှာဆိုရင် တစ်ရက်တစ်ရက်မှာ ရုံးထုတ်တဲ့လူဦးရေက ငါးဆယ်၊ တစ်ရာဝန်းကျင် ရှိနေတတ်ပါတယ်။ တပြိုင်နက်တည်းထုတ်တာမဟုတ်ဘဲ နည်းနည်းချင်းစီခွဲပြီးမှ ထုတ်တာကြောင့် ကိုယ့်အလှည့်မကျသေးတဲ့သူတွေက မိန်းဂျေးလို့ခေါ်တဲ့ အချုပ်ဆောင်ထဲမှာ ဝင်ထိုင်နေကြရတာ။ အဲဒီအခါကျရင် တခြားအဆောင်ကလူတွေနဲ့ ဆုံရတွေ့ရ၊ စကားပြောရ၊ သိသမျှသတင်းတွေ ဖလှယ်ကြ လုပ်နိုင်ကြပါတယ်။ ရုံးထုတ်တဲ့လူတွေကများလို့၊ တစ်ခါတလေကျတော့လည်း တရားသူကြီးတွေ ရောက်မလာသေးလို့၊ ဒီလိုနဲ့ပဲ အဲဒီထဲမှာပဲ တစ်နေကုန်ချင် ကုန်သွားတတ်ပါသေးတယ်။

မနက် ၁၁ နာရီလောက်မှာ တီဗီကနေ သတင်းကြေညာတာတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်လာနေပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် တစ်ရာကျော်ကို လွှတ်ပေးဖို့ဆိုတဲ့ သတင်း၊ ပြီးတော့တစ်ခါ ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့လို့ ပြစ်ဒဏ်ကျခံနေရသူ တစ်ထောင့်သုံးရာကျော်နဲ့ ပြစ်ဒဏ်မကျသေးဘဲ တရားရင်ဆိုင်နေရသူ လေးထောင်ကျော်ကို လွှတ်ပေးဖို့ဆိုပြီး အမိန့်ထုတ်ပြန်ကြေညာတာပါ။ ဒီသတင်းတွေကြောင့် သူတို့အားလုံး ပျော်လို့နေကြပါတယ်။ သီတင်းကျွတ်အခါသမယနဲ့ တိုက်ဆိုင်ပြီး လွှတ်ပေးနေတာဖြစ်မှာပါပဲ။ နောက်ထပ်နှစ်ရက်ဆိုရင် သီတင်းကျွတ်လပြည့်နေ့။ အဲဒီနေ့ဟာ သူ့အမေရဲ့ မွေးနေ့လည်းဖြစ်တာမို့ ပိုပြီးပျော်စရာကောင်းနေပြန်ပါတယ်။

အဲဒီနေ့က သူတို့ကို ရုံးမထုတ်တော့ဘဲ ကိုယ့်အဆောင်ကိုယ် အသီးသီး ပြန်ခိုင်းလိုက်ပါတော့တယ်။ အမိန့်ချပြီးသားလူတွေကို အဲဒီညနေမှာပဲ လွှတ်ပေးလိုက်ပါတယ်။ ပျော်စရာကြီးပါပဲ။ ထောင်ဝတ်စုံတွေ အမြန်ချွတ်လဲပြီး သာမန်အရပ်သားဝတ်စုံတွေ ဝတ်၊ အထုပ်အပိုးတွေပြင်ကြနဲ့ မြင်ရတာဟာ တကယ်ကို ကျေနပ်စရာကောင်းပါတယ်။

သူတို့ကတော့ အချုပ်သားတွေက လူဦးရေပိုများတာမို့ အချိန်မရတော့တာကြောင့် နောက်ရက်မှပဲ လွှတ်ပေးမယ်လို့ ဆိုပါတယ်။ ဒီတော့လည်း တစ်ညပိုအိပ်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် မနက်ဖြန်မှာ လွတ်မယ်လို့ ခံစားမိနေကြတာကြောင့် ရွှင်ပြလို့ နေကြပါတယ်။ ညရောက်တဲ့အခါ အိပ်ရာမဝင်ရသေးမီ အချိန်တွေမှာ စကားပြောကြ၊ နှုတ်ဆက်ကြ၊ ဖုန်းနံပါတ်တွေ ပေးကြနဲ့ ခွဲခွာခါနီး အစီအစဉ်တွေ ဆွဲကြပြန်ပါတယ်။ သူတို့တွေအတွက် ထောင်မှာနေခဲ့ရတဲ့ညတွေထဲ အပျော်ဆုံးညဖြစ်လေမလားပါပဲ။ အိပ်လို့တောင် ပျော်ကြရဲ့လား မသိပါဘူး။ သူလည်း ညဉ့်အတော်နက်တဲ့အထိ အိပ်မပျော်ခဲ့ပါဘူး။

သူဟာ အမေ့ကို မွေးနေ့လက်ဆောင်ရယ်လို့ ဘာတစ်ခုမှ မပေးဖူးခဲ့ပါဘူး။ မွေးနေ့လုပ်တဲ့ ယဉ်ကျေးမှု သူတို့ဒေသမှာ မရှိသလို လက်ဆောင်ပေးတဲ့ဓလေ့လည်း မရှိပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ့ကိုယ်သူ မွေးနေ့လက်ဆောင်အဖြစ် ဖန်တီးလိုက်ချင်တဲ့စိတ်တွေ ဝင်နေမိပါတယ်။ အမေတစ်ယောက်အနေနဲ့ ခံစားကြည့်ရင်လည်း ကိုယ့်မွေးနေ့မှာ သားတစ်ယောက် ထောင်ကနေ လွတ်လာတာဟာ တော်တော်ပဲ ပျော်ရွှင်စရာ ဖြစ်မှာပါပဲ။

ဒါပေမဲ့ သူ စိတ်ထဲကနေ တွက်ချက်ကြည့်နေမိပါတယ်။ အခုလွှတ်ပေးမယ့်အရေအတွက်ဟာ အကျရော၊ အချုပ်ရော နှစ်ခုပေါင်း ငါးထောင်ကျော်ပဲ ရှိတာမို့ လူအကုန်မဟုတ်သေးဘူးလို့ သူနားလည်မိပါတယ်။ ဒါဆိုရင် တချို့တွေ ကျန်မယ်၊ တချို့တွေ ပြန်မယ်။ ပူပန်စိတ်တွေ ဝင်လာပြန်ပါတယ်။ သူ အိမ်ပြန်ရပါ့မလား။

မိုးစင်စင်မလင်းသေးခင်မှာပဲ သူနိုးလာပါတယ်။ သူ့အိမ်ရှိရာ အရပ်မျက်နှာဘက်ကိုလှည့်ပြီး မိုးကောင်းကင်ကို မျှော်ကြည့်မိပါတယ်။ ငါ အိမ်ပြန်ရတော့မှာလား လို့ စိတ်ထဲကနေ တွေးကြည့်မိပါတယ်။ ကောင်းကင်ကြီးကတော့ ညို့မှိုင်းလို့ နေပါတယ်။

မိုးလင်းလာတော့ ထောင်ဝန်ထမ်းတွေဟာ လွတ်လူစာရင်းစာရွက်နဲ့အတူ ရောက်လာခဲ့ပါတယ်။ နာမည်ကို တစ်ယောက်ပြီး တစ်ယောက် ခေါ်နေပါတယ်။ နာမည်ခေါ်ခံရတဲ့သူဟာ ခုန်ပေါက်မြူးထူးနေတာပါပဲ။ အထုပ်အပိုးတွေ ပြင်ပြီး အဆောင်ရှေ့က မြေကွက်လပ်မှာ ထွက်ပြီး တန်းစီထိုင်နေကြရပါတယ်။ အိမ်ပြန်ဖို့ အသင့်အနေအထားပေါ့။ ကျန်တဲ့သူတွေကတော့ သံတိုင်းကြားကနေ သူတို့ကို လှမ်းကြည့်နေရင်း ကိုယ့်အလှည့်ရောက်ဖို့ ရင်တဖိုဖိုနဲ့ မျှော်ကြရတာပေါ့။

သူငယ်ချင်းတွေ၊ စားဖော်စားဖက်တွေ တစ်ယောက်ပြီး တစ်ယောက် အဆောင်ရှေ့ကို ထွက်သွားကြပါပြီ။ သူ့အလှည့်ကို ရောက်မလာသေးပါဘူး။ သူအပါအဝင် တချို့လူတွေလည်း ကျန်နေသေးပါတယ်။ ဒီလိုနဲ့ ထမင်းစားချိန်ရောက်၊ ပြီးတဲ့အခါ နေ့လယ်တန်းပိတ်သွားပါပြီ။ ကျန်ခဲ့တဲ့သူတွေဟာ ကိုယ့်နေရာလေးမှာ ခွေပြီးအိပ်နေကြပါတော့တယ်။

တိတ်ဆိတ်ခြင်းမှာ အသံတွေ ရှိတယ်ဆိုတာလိုပါပဲ။ ဘယ်သူကမှ မသံမထွက်ကြပေမဲ့ အသံတွေကို အာရုံကနေ ကြားနေရပါတယ်။ အိမ်ပြန်ချင်တယ် ဆိုတဲ့အသံပါပဲ။

နေ့ခင်းဘက်မှာ နောက်ထပ်တစ်သုတ်ကို လာခေါ်ပြန်ပါတယ်။ လွှတ်ရမယ့်အရေအတွက် မပြည့်သေးလို့တဲ့။ ဒီတော့ အားတက်ကြရပြန်ပါတယ်။ ငါတို့အလှည့် ကျန်သေးတယ်ဆိုပြီးပေါ့။ လူတချို့ ထပ်လွတ်သွားပါတယ်။ သူကတော့ မပါဘူးပေါ့။

တစ်နေကုန်လို့ မိုးသာချုပ်သွားပါတယ်။ သူ့နာမည်ကိုတော့ ဘယ်သူကမှ မခေါ်ကြပါဘူး။ တခြားအဖော်တချို့ရောလည်း အဲဒီလိုပါပဲ။ ဘာကြောင့်မှန်းတော့ ဘယ်သူမှ မသိပါဘူး။ ပုဒ်မတွေက အတူတူပါပဲ။ တချို့ဆို ၅၀၅ အပြင် တခြားဆက်စပ်တဲ့ ပုဒ်မတွေလည်း တွဲပါနေပါတယ်။ ဒါပေမဲ့လည်း အဲဒီလူတွေက လွတ်သွားကြပြီး သူတို့က မလွတ်ခဲ့တာပါ။ သူသိသလောက် အဲဒီထောင်ကနေ တော်တော်များများ လွတ်သွားခဲ့ကြပါတယ်။

အဲဒီနေ့က သည်းသည်းမည်းမည်း နာကျင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘာမှမတတ်နိုင်ပြန်ပါဘူး။ အဲဒီညမှာတော့ ထောင်ထဲမှာနေရသမျှ အမှောင်မိုက်ဆုံးတည ဖြစ်မှာပါပဲ။ မနက်ဖြန်ဟာ အမေ့မွေးနေ့။ အမေဟာ ဘယ်လောက်တောင် ပင်ပန်းနေရှာမလဲဆိုတာကို သူတွေးပူမိနေပြန်ပါတယ်။

ရင့်ပြည့်

The Tanintharyi Times