သံခြေချင်းသံ
သံခြေချင်းသံ
ညရဲ့ တိတ်ဆိတ်နေတဲ့အချိန်မျိုးမှာ ခြေချင်းသံတချွင်ချွင်ကို ကြားနေရတတ်ပါတယ်။ အကမင်းသမီးတွေ၊ မိန်းမပျိုးလေးတွေရဲ့ အသံလွင်လွင်သာယာလှတဲ့ ရွှေခြေချင်းသံတွေမဟုတ်။ အကျဉ်းခန်းတွေထဲက အကျဉ်းသားတွေရဲ့ သံခြေချင်းမြည်သံတွေ။
ထောင်ကို ရောက်လာလာချင်းမှာပဲ ခြေချင်းခတ်ထားတဲ့ အကျဉ်းသားတွေကို စပြီး မြင်တွေ့ခဲ့ရတယ်။ သူတို့ဟာ အပြင်ဘုတ်လို့ခေါ်တဲ့ အထွေထွေအလုပ်ကြမ်းသမားတွေ။
ထောင်ဝင်းရဲ့ အပြင်မှာ စိုက်ခင်းတွေမှာ အလုပ်လုပ်ကြရသူတွေ။ တချို့က နွားခြံ၊ ဝက်ခြံ၊ ကြက်ခြံ စတဲ့ မွေးမြူရေးခြံတွေမှာ လုပ်ကြရသူတွေ။ ထောင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ပန်းရံလုပ်ငန်းတွေအတွက် အုတ်၊ သဲ၊ ကျောက် တင်တဲ့နေရာတွေမှာ ဝင်လုပ်ရတဲ့သူတွေရောပါပဲ။
မနက်မိုးလင်းတာနဲ့ အလုပ်ဆင်းကြရပြီး ညနေ မှောင်ခါနီးမှပဲ အဆောင်ကို ပြန်သွင်းလာပါတယ်။ နေ့ခင်း ထမင်းစားချိန်မှာ ခဏလေးပဲ နားကြရတယ်လို့ ဆိုပါတယ်။ ညနေ နေဝင်ဖျိုးဖျမှာ လုပ်ငန်းခွင်သိမ်းလို့ အဆောင်ကို တန်းစီပြီး ပြန်လာကြတဲ့အခါ သူတို့ရဲ့ သံခြေချင်းသံကို ခပ်လှမ်းလှမ်းကနေပဲ ကြားနေရတတ်ပါတယ်။ လူတွေက ပင်ပန်းနွမ်းနယ်ပြီး တလှုပ်လှုပ်နဲ့ပါပဲ။
ခြေချင်းခတ်ပုံက ခြေထောက်နှစ်ဖက်ရဲ့ ခြေကျင်းဝတ်မှာ သံကွင်းတွေကို စွပ်ထားတာပါ။ သံကွင်းတွေမှာ တစ်တောင်လောက်ရှည်လျားတဲ့ သံချောင်းတစ်ချောင်းစီနဲ့လည်း တွဲဆက်ဆက်ထားပါတယ်။ မျက်လုံးထဲမှာ အင်္ဂလိပ်အက္ခရာဗီ(V)ပုံသဏ္ဌာန်ကို မြင်ကြည့်နိုင်ပါတယ်။ ‘V’ စောက်ထိုးသဏ္ဌာန်ဟာ အကျဉ်းသားကို ခြေချင်းခတ်ထားတဲ့ ပုံစံပါပဲ။ ‘V’ ရဲ့ ဟနေတဲ့ ထိပ်နှစ်ခုဟာ ခြေထောက်နှစ်ဖက်မှာစွပ်ထားတဲ့ သံကွင်းတွေနဲ့ တွဲဆက်ထားမယ်၊ ချွန်နေတဲ့အပိုင်းကို သံချိတ်တစ်ခုနဲ့ တွဲဆက်ထားပြီး အကျဉ်းသားရဲ့ ခါးမှာချိတ်ထားမယ်။ အကျဉ်းသားအနေနဲ့ လှုပ်လိုက်တိုင်း၊ ခြေလှမ်းလှမ်းလိုက်တိုင်းမှာ သံခြေချင်းဟာ တချွင်ချွင် မြည်လို့နေပါတယ်။
အကျဉ်းသားတွေကို ခြေချင်းခတ်တာမှာ ခေါင်းစဉ်အမျိုးမျိုး ရှိနေပါတယ်။ အဓိကကတော့ လုံခြုံရေးပါပဲ။ လုံခြုံရေးအရ စိတ်မချရတဲ့အခါမှာ ခတ်ပါတယ်။ အပြစ်ပေးတဲ့အခါမှာလည်း ခတ်ပါတယ်။ အမိန့်ချခါစလူတွေဆိုရင်လည်း ခတ်ပါတယ်။
တစ်ရက်မှာ ၅၀၅ သမားတစ်ယောက်ကို ရုံးထုတ်ဖို့ လာခေါ်သွားပါတယ်။ ထောင်တွင်းတရားရုံးမှာပါပဲ။ အရင်တရားခွင်တွေမှာ ထွက်ဆိုထားတဲ့ သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ သူ့အမှုအခြေအနေဟာ ကောင်းနေတာကြောင့် လွတ်လိမ့်မယ်လို့ အဲဒီလူက သူ့ကိုယ်သူ ထင်နေပါတယ်။ ဒါကြောင့် မနက်ခင်း ရုံးထွက်သွားတဲ့အခါ ပြုံးပြုံးရွှင်ရွှင်နဲ့ပါပဲ။ ဒါပေမဲ့ ညနေကျတော့ အမိန့်ကျပြီး ပြန်ရောက်လာခဲ့ပါတယ်။ သုံးနှစ်ချလိုက်တယ်လို့ ဆိုပါတယ်။ အဖော်တစ်ယောက် အမိန့်ကျလာတဲ့ကိစ္စဟာ ကျန်တဲ့ တခြားအဖော်တွေအတွက်လည်း စိတ်နှလုံး ထိခိုက်စေတာပါပဲ။
အမိန့်ကျသွားတာဟာ ဘဝတစ်ခုကနေ ဘဝနောက်တစ်ခုကို ပြောင်းသွားသလိုမျိုးလည်း ဖြစ်ပါတယ်။ တရားသူကြီးက အမိန့်ချလိုက်ပြီဆိုတာနဲ့ အဲဒီလူဟာ အချုပ်သားမဟုတ်တော့ဘဲ ထောင်ကျအကျဉ်းသား ဖြစ်သွားပါပြီ။ တစ်နည်းအားဖြင့်တော့ သံသယတရားခံမဟုတ်တော့ဘဲ အပြစ်ရှိသူတစ်ယောက်ဖြစ်သွားခဲ့ပါပြီ။ အပြစ်ကို ပေးဆပ်ဖို့ပဲ ရှိပါတော့တယ်။ ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ၊ ပျော်သည်ဖြစ်ဖြစ် မပျော်သည်ဖြစ်ဖြစ်ပေါ့။
အမိန့်ကျသွားတဲ့ အကျဉ်းသားကို တခြားကျန်နေသေးတဲ့ အချုပ်သားတွေက ဝိုင်းဝန်းနှစ်သိမ့်အားပေးရတာကလည်း ယဉ်ကျေးမှုတစ်ခုပါပဲ။ ဒါပေမဲ့လည်း ကျန်တဲ့သူတွေမယ်လည်း တစ်နေ့မှာ ငါတို့အလှည့်ရောက်လာမှာပဲရယ်လို့ ခံစားမိနေတတ်ကြတာမို့ မျက်လုံးတွေကတော့ အားဖျော့လှပါတယ်။
အကျဉ်းသားအသစ်ကို အားပေးနှစ်သိမ့်လို့မှ မပြီးဆုံးသေးခင်မှာပဲ အဆောင်အပြင်ဘက်မှာ သံခြေချင်းပြင်သံကို ကြားရပါတယ်။ ဒါဟာ အကျဉ်းသားသစ်ကို ထပ်ဆင့်ခြောက်လှန့်လိုက်သလိုပါပဲ။ သူ့ကို ခြေချင်းခတ်ပါတော့မယ်။
ခြေချင်းမခတ်ခင်မှာ လုပ်စရာတချို့ ကျန်ပါသေးတယ်။ ဒါကတော့ ဆံပင်ညှပ်ရတာပါ။ သူဟာ ထောင်ကျအကျဉ်းသားဖြစ်သွားပြီမို့ သာမန်လူတွေလို ဆံပင်ကို စိတ်ကြိုက်ထားလို့ မရတော့ပါဘူး။ ဆင်ပံညှပ်သမားဟာ အဲဒီလူရဲ့ ခေါင်းကို တိုပြီးပြောင်နေအောင် ညှပ်ချလိုက်ပါတော့တယ်။ ဒါဟာ ‘ပုံစံကေ’ ပေါ့။ ဆံပင်ညှပ်ပြီးလို့ ရေချိုးပြီးတဲ့အခါ သူဝတ်နေကျအဝတ်တွေကို ဝတ်စရာမလိုတော့ဘဲ ထောင်ဝတ်စုံကိုပဲ ဆင်မြန်းရတော့ပါတယ်။ ဒီအခိုက်အတန့်ဟာလည်း အကျဉ်းသားတွေအတွက် အတွေးပေါင်းများစွာနဲ့ ခံစားမှုအဖုံဖုံ စုံလင်ရောယှက်နေတတ်ပါတယ်။ ဘဝတစ်ခုကနေ ဘဝတစ်ခုကို ပြောင်းလဲခြင်း အခိုက်အတန့်ဖြစ်မှာပါပဲ။ ငယ်စဉ်က ရှင်ပြုလို့ သင်္ကန်းဝတ်ရတဲ့အခါ၊ ကိုရင်ဘဝက၊ ရဟန်းဘဝကနေ လူဝတ်လဲတဲ့အခါတွေမှာ ခံစားရတာမျိုးနဲ့တော့ ကွဲပြားမှာပေါ့။
အဲဒါတွေပြီးသွားတဲ့အခါ ခြေချင်းကလည်း အဆင့်သင့်ဖြစ်နေပါပြီ။
ဒီလိုမျိုးနဲ့ပဲ ထောင်ထဲမှာ ခြေချင်းခတ်တဲ့ကိစ္စတွေ တစ်မျိုးမဟုတ် တစ်မျိုး မြင်တွေ့နေခဲ့ရပါတယ်။ အကျဉ်းသားတွေကို မကြာမကြာ ရဲဘက်စခန်းကို ခေါ်ထုတ်သွားတတ်ပါတယ်။ အသုတ်လိုက်အသုတ်လိုက်ပေါ့။ နောက်ရက်မနက်စောစောမှာ ရဲဘက်လိုက်ကြရမယ့်သူတွေကို အခုနေ့လို ညနေလောက်ကတည်းကပဲ ခြေချင်းအရင်ခတ်ထားလိုက်ပါတယ်။ အဲဒီလိုညမျိုးမှာ ခြေချင်းသံတွေဟာ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးကို ထွက်ပေါ်နေတာပေါ့။
ထောင်စည်းကမ်းချိုးဖောက်တာ၊ ရန်ဖြစ်တာ၊ တခြားသူပစ္စည်းကို ခိုးတာ စတာတွေကို အပြစ်ပေးတဲ့အခါ ခြေချင်းခတ်ပြီး တိုက်ပိတ်တတ်ပါတယ်။ အပြစ်ကြီးရင်တော့ ခြေချင်းအပြင် ဒေါက်ခတ်ပါတယ်။ ဒေါက်ဆိုတာကတော့ ခြေထောက်နှစ်ဖက်အကြားမှာ ခြောက်လက်မလောက် သံပြားတစ်ချောင်းကို ကန့်လန့်ထောက်ထားတာပါ။ ဒေါက်ခတ်ခံရတဲ့ အကျဉ်းသားဟာ ခြေထောက်တွေကို အဲဒီအနေအထားထက်ပိုပြီး ချဲ့ကားလို့မရ၊ စုလို့မရ၊ ထိုင်လည်း အဲဒီအတိုင်း၊ အိပ်လည်း ဒီအတိုင်းပါပဲ။ လမ်းသွားတဲ့အခါ ခြေလှမ်းလှမ်းရတာလည်း ဘဲသွားသလိုမျိုး ယက်ကန်ယက်ကန်နဲ့ တရွေ့ရွေ့ပါပဲ။ ဒေါက်မှာ အတိုအရှည် အမျိုးအစားတွေ ခွဲခြားထားပြန်ပါသေးတယ်။ လေးလက်မလောက်ဒေါက်ဆိုရင် ပိုပြီးအနေအထိုင်ခက်ခဲစေမှာပါပဲ။
ခြေချင်းခတ်တဲ့အခါမှာလည်း ခတ်ပေးတဲ့သူနဲ့ အခတ်ခံရသူတွေအကြားမှာ နိုင်ငံရေးလေးတွေ ရှိနေကြပါတယ်။ နဂိုကမှ ကြည့်မရတဲ့သူမျိုးဆိုရင်တော့ သံကွင်းကျဉ်းကျဉ်းနဲ့ ခတ်ပေးတတ်တာပါ။ လှုပ်သာလှည့်သာရှိမနေဘဲ ပိုပြီးအနေကျပ်စေဖို့ပါပဲ။ ပုဂ္ဂိုလ်ရေး ရင်းနှီးခင်မင်တဲ့သူဆိုရင်တော့ သံကွင်းကျယ်ကျယ်ရွေးပြီး ခတ်ပါတယ်။
တစ်ခါမှာ အပြင်ဘုတ်ထွက်ရမယ့်သူတွေကို တစ်ညကြိုပြီး ခြေချင်းခတ်ပါတယ်။ အဲဒီထဲက တစ်ယောက်ဟာ ထောင်ထဲမှာ ဝန်ထမ်းတွေ၊ တခြားအကျဉ်းသားတွေရဲ့ လေးစားခင်မင်မှုကို ရထားတဲ့သူဖြစ်တာကြောင့် သူ့ကိုတော့ သံကွင်းကျယ်ကျယ်နဲ့ ခတ်ပေးလိုက်ပါတယ်။ ဘယ်လောက်တောင်ကျယ်လဲဆိုတော့ ခြေဖနောင့်ဝင်ဆံ့နိုင်တဲ့အထိပါပဲ။ ညအိပ်ရာဝင်တဲ့အခါ ခြေချင်းကို ချွတ်၊ အိပ်ရာအောက်မှာ အသာထားလိုက်ပြီး စောင်ခြုံအိပ်နေလိုက်ပါတယ်။ မနက်အိပ်ရာထတဲ့အချိန်မှ ပြန်ကောက်စွပ်ပါတယ်။
ကျေးလက်တောရွာတွေမှာ နွားတွေကို ထိန်းမနိုင်သိမ်းမနိုင်တဲ့အခါ အပြစ်ပေးဒဏ်ခတ်တဲ့လုပ်ရပ်တစ်ခု ရှိပါတယ်။ ထမ်းပိုးတုံး ဒါမှမဟုတ် လေးလံတဲ့ သစ်သားတုံးတစ်တုံးကို နွားရဲ့ နှဖားကြိုးမှာ ကြိုးနဲ့ တွဲချည်ပေးလိုက်တာပါပဲ။ နွားခမျာ သွားလေရာမှာ အဲဒီသစ်သားတုံးက တရွတ်တိုက်ဆွဲနေရပါတယ်။
ခြေချင်းခတ်ခံထားရတဲ့ လူတစ်ယောက်ဟာရော ဘယ်လိုနေမလဲ။ သွားလာလုပ်ကိုင်မှုမှန်သမျှမှာ ဒီခြေချင်းကြီးက တကောက်ကောက်ပါနေလိမ့်မယ်။ ထမင်းစားတဲ့အခါမှာလည်း ဒီခြေချင်းကို ရင်ခွင်မှာ ပိုက်ထားပြီးစား၊ ရေချိုးတဲ့အခါ၊ အိမ်သာဝင်တဲ့အခါ ဘယ်အခါမဆိုပါပဲ၊ ဒါကြီးကို သယ်မ.ထားရတဲ့ဒုက္ခက မသေးလှပါဘူး။ လူ့အဖြစ်ကနေ လျောကျသွားတဲ့ သတ္တဝါတစ်ကောင်လိုပါပဲ။ ခါးမှာ ချိတ်ထားတဲ့ သံချိတ်ဟာ လမ်းလျှောက်နေရင်း မတော်တဆပြုတ်ထွက်တဲ့အခါ ခြေချင်းဟာ ကြမ်းပြင်ပေါ်ကို “ဗြောင်း” ခနဲ မြည်ဟိန်းအောင် ကျသွားတတ်တာမို့ ပြုတ်မကျအောင်လည်း သတိထားနေရပါတယ်။ ခဏခဏဖြစ်နေရင် တန်းစီးတွေ၊ စည်းကမ်းထိန်းတွေက အပြစ်ပေးလေ့ရှိပါတယ်။
သံကွင်းတွေဟာ ခြေထောက်ကို တချိန်လုံး ပွတ်တိုက်နေတာမို့ ကြာလာတဲ့အခါ အရေပြားကို တိုက်စားပြီး အနာတွေဖြစ်၊ အသားမာတွေတက်လာကြပါတယ်။ ဒါကို မခံနိုင်တဲ့အခါ အဝတ်စလို၊ ခြေအိတ်လိုဟာမျိုးတွေနဲ့ ခုခံပတ်ထားကြရပါတယ်။
သတ်မှတ်ရက်စေ့သွားလို့ ခြေချင်းဖြုတ်ပေးလိုက်တဲ့အခါ အကျဉ်းသားတွေဟာ ပေါ့ပါးရွှင်မြူးလို့ နေကြပါတယ်။
ဒါပေမဲ့ တချို့တွေကျတော့လည်း မဖြုံကြပါဘူး။
ဆေးမှုနဲ့ ထောင်ကျနေတဲ့ ကောင်လေးတစ်ယောက်ဟာ ရန်ဖြစ်တဲ့အမှုနဲ့ ခြေချင်းခတ်ခံရပါတယ်။ ခြေချင်းကြီးတကားကားနဲ့ တလွှားလွှားပြေးလိုက်၊ ဆော့လိုက်၊ တခါတလေ ခြင်းလုံးတောင် ခတ်လို့နေပါတယ်။ ခြေချင်းခတ်ထားပေမဲ့လည်း သူ့ရဲ့အကျင့်ကတော့ ရပ်မသွားပါဘူး။ အနိုင်ကျင့်တာတို့၊ ရန်စတာတို့တွေ လုပ်နေဆဲပါပဲ။ သူ့ခြေချင်းသံဟာ အမြဲလိုပဲ အခန်းထဲမှာ ဆူညံနေပါတယ်။ ရက်စေ့သွားတဲ့အခါ သူ့ကို ခြေချင်းဖြုတ်ပေးလိုက်ပါတယ်။ ဒီအခါ တခြားသူတွေရဲ့ ခြေချင်းသံကို နားညည်းတယ်ဆိုပြီး ဆဲတတ်ပြန်ပါတယ်။ ဒီလိုမျိုး ဆိုးသွမ်းရိုင်းစိုင်းတဲ့သူတွေလည်း ရှိတာပါပဲ။
တစ်နေကုန် သံခြေချင်းတွဲလောင်းနဲ့ အလုပ်လုပ်ကြပြီးလို့ ညအိပ်ရာဝင်တဲ့အခါမှာလည်း မသက်သာပြန်ပါဘူး။ အဲဒီသံခြေချင်းကို လက်ကနေ ကိုင်ပြီး အိပ်ကြရတာပါ။ ကြမ်းပေါ်ကို ပြုတ်ကျတဲ့ အသံဟာ တစ်ဆောင်လုံးကို မြည်ဟီးတတ်တာမို့ အဲဒီလိုမဖြစ်ဖို့ သတိထားကြရတာပါ။ ဘယ်လိုပဲ သတိထားထား၊ တစ်ယောက်မဟုတ် တစ်ယောက်ဆီကနေတော့ ခြေချင်းသံကို မကြာခဏ ကြားနေရတာပါပဲ။
အိပ်ပျော်နေရင်း လူးလွန့်လိုက်တာ၊ ခြေထောက်တွေကို အကွေးအဆန့်လုပ်မိတာ၊ ဘေးကို လှည့်စောင်းလိုက်တာ စသဖြင့် လှုပ်ရှားမှုတစ်ခုခုလုပ်မိတိုင်း “ချွင်ချွင်” မြည်သံတွေ ထွက်နေပါတယ်။ ဒါ့အပြင် တခြားအခန်းတွေ၊ အပေါ်ထပ်ကအခန်းတွေဆီကထွက်လာတဲ့ တချွင်ချွင်မြည်သံတွေကိုလည်း နာရီမလပ် ကြားနေရပါတယ်။
အပြင်ဘက်တခွင်မှာ ညဟာ တိတ်ဆိတ်ငြိမ်သက် မှောင်မည်းလို့ နေပါတယ်။ အိပ်ပျော်ဖို့ ခက်နေကြသူတွေအဖို့ တချွင်ချွင်လွင့်ပျံ့နေတဲ့ သံခြေချင်းသံတွေဟာ ညလယ်တေးသံတွေလိုပါပဲ။ အိပ်ပျော်လို့ကောင်းနေသူတွေအတွက်တော့ သံခြေချင်းသံတွေဟာ လန့်လန့်နိုးတဲ့ ခြောက်အိပ်မက်တွေ ဖြစ်ပါတယ်။
ရင့်ပြည့်
The Tanintharyi Times
