မျက်စိနာခြင်းနဲ့ ကာကွယ်နည်းများ
မျက်စိနာခြင်းနဲ့ ကာကွယ်နည်းများ
ယခုတလော မျက်စိနာတယ်ဆိုသော စကားလုံးကို ကြားရတာ များနေပါတယ်။ မျက်စိနာတယ်ဆိုတာ မျက်လုံးကို ဖုံးထားတဲ့ အကြည်ရောင်အလွှာ ရောင်ရမ်းခြင်းဖြစ်ပါတယ်။
မျက်ကြည်လွှာက မျက်လုံးအဖြူပိုင်း မျက်ခွံ့ အောက်မှာရှိပါတယ်။ မျက်စိနာခြင်းက ကလေးတွေမှာ ပိုတွေ့ရတတ်ပါတယ်။
◉ မျက်စိနာခြင်းက ကူးစက်တတ်သလား
ကူးစက်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကြည့်ရုံနဲ ကူးစက်တာမျိုးတော့ မဟုတ်ပါဘူး။ မျက်စိနာနေသူက မသန့်ရှင်းတဲ့လက်နဲ့ မျက်စိကိုပွတ်မယ်။အဲ့မျက်စိနာသူဆီက ထွက်တဲ့မျက်ရည်တွေမှာ မျက်စိနာစေတဲ့ ပိုးတွေပါမယ်။ အဲ့ပိုးတွေကတစ်ဆင့် အခြားသူကို ကူးစက်တတ်ပါတယ်။
◉ မျက်စိနာခြင်း ဘာကြောင့်ဖြစ်သလဲ
မျက်စိနာခြင်းဆိုတာ ပိုးကူးစက်မှုကြောင့်ဖြစ်တတ်သလို၊ မျက်စိကို ကသိကအောက်ဖြစ်စေတဲ့ ဆပ်ပြာ၊ ခေါင်း လျှော်ရည်တွေနဲ့ ထိတွေ့မိတာ၊ ဓာတ်မတည့်တဲ့ဖုန်နဲ့ ပန်းဝတ်မှုန်တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ယခုလတ်တလောဖြစ်နေတဲ့ မျက်စိနာခြင်းကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်ဖို့များတယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ကြပါတယ်။
◉ မျက်စိနာဖြစ်ရင် ခံစားရနိုင်တာတွေ
- မျက်လုံးတွေ နီတာ
- ယားတာ
- မျက်လုံးပူတာ
- တစ်ခုခုစူးဝင်နေသကဲ့သို့ခံစားရတာ
- မျက်ရည်ကျတာ
- မျက်ဝတ်တွေ ထွက်တာ
- အမြင်ဝေပါးတာ
- အလင်းဒဏ်ကိုမခံနိုင်တာ
- ဖုန်တွေ၊ သဲတွေ ဝင်နေသကဲ့သို့ ခံစားနေရတာ
◉ မျက်စိနာတာ ဖြစ်ရင် ဘာတွေလုပ်ဆောင်ရမလဲ
- ရောင်နေ၊ နီနေတဲ့ မျက်လုံးကို မကြာခဏပွတ်တာမျိုး မလုပ်ပါနဲ့။
- မျက်ဝတ်တွေ ထွက်ရင် သန့်ရှင်းတဲ့အဝတ်ကို သုံးပြီးဖယ်ရှားပေးပါ။
- မျက်စိနာနေတဲ့အချိန်မှာ အခြားသူရဲ့မျက်မှန်တွေကို အသုံးပြုတာမျိုး ရှောင်ရှားသင့်ပါတယ်။
- အိမ်တွင်းကုထုံးအနေနဲ့ မျက်ရည်တုမျက်စဉ်းဆေးခပ်လို့ပါတယ်။
- စတီးရွိုက်ပါတဲ့၊ ပိုးသတ်ဆေးပါတဲ့အခြားမျက်စဉ်းတွေ အသုံးပြုမယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ ခပ်သင့်ပါတယ်။
- မျက်စဉ်းခပ်ရမှာ အရေးကြီးဆုံးက မျက်စဉ်းမခပ်မီ လက်ကိုပြောင်စင်အောင်ဆေးကြောပေးဖို့လိုပါတယ်။
- နေပူထဲသွားမယ်ဆိုရင် ဦးထုပ်၊ ထီးတို့ ဆောင်းပြီးမှ သွားသင့်ပါတယ်။
- မျက်စိနားတဝိုက်မှာ အသုံးပြုတဲ့ အလှပြင်ပစ္စည်းတွေကို အခြားသူတွေနဲ့ မျှဝေသုံးစွဲတာမျိုး မပြုလုပ်သင့်ပါဘူး။
- မျက်စိနာနေချိန်မှာ မျက်ကပ်မှန်တပ်လေ့ရှိသူတွေ အနေနဲ့ မျက်ကပ်မှန်တပ်တာကို အနားပေးထားသင့်ပါတယ်။
- နီနေ၊ ပူနေတဲ့ မျက်စိကို ရေခဲကပ်တာ ပြုလုပ်ပေးနိုင်ပါတယ်။
- သက်သာလိုစိတ်နဲ့ မိမိတို့ထင်ရာမျက်စဉ်းတွေခပ်တာမျိုးကို အထူးရှောင်ကြဉ်သင့်ပါတယ်။
◉ မျက်စိနာတာ မဖြစ်စေဖို့ ကာကွယ်လို့ရသလား
- ကာကွယ်လို့ရပါတယ်။ မိမိအနားမှာ မျက်စိနာနေသူရှိရင် မျက်စိကို ပွတ်ခြင်း အလေ့ကို ကြိုးစားလို့ရှောင်ကြဉ်သင့်ပါတယ်။
- မျက်စိနာသူ အသုံးပြုတဲ့ လက်ကိုင်ပုဝါတွေနဲ့ ထိတွေ့မှုမရှိအောင် ဂရုပြုသင့်ပါတယ်။
- မိမိရဲ့လက်ကို အမြဲလိုလို သန့်စင်နေအောင်ထားပါ။
- မျက်စဉ်းခပ်တဲ့အခါတိုင်း မိမိလက်ကို သန့်ရှင်းအောင်ဆေးကြောပြီးမှ ခပ်သင့်ပါတယ်။
- အခြားသူညွှန်းတဲ့ မျက်စဉ်းကို မိမိသဘောနဲ့ခပ်တာမျိုးကိုရှောင်ကြဉ်သင့်ပါတယ်။
- မိမိက မျက်မှန်သမားဖြစ်နေရင် မျက်မှန်ကိုရေနဲ့ မကြာခဏဆေးတာမျိုး ပြုလုပ်ပေးပါ။
- မျက်မှန်ပါဝါချိန်တာကို (၆)လတစ်ကြိမ်ပြုလုပ်ပေးသင့်ပါတယ်။
- မျက်စိကျန်းမာရေးအတွက်သင့်တော်တဲ့ အသီးအနှံ့တွေဖြစ်တဲ့ မုန့်လာဥနီ၊ ဖရုံသီး၊ ပန်းသီး စတဲ့ အဝါရောင်၊ အနီရောင်၊ လိမ္မော်ရောင်ရှိတာတွေကို စားပေးရပါမယ်။
- မျက်စိကျန်းမာရေးအတွက် အိပ်ရေးပျက်ခံတာမျိုး ရှောင်ရှားပြီး အိပ်ရေး၀၀အိပ်သင့်ပါတယ်။
- အခြားသူရဲ့ မျက်ကပ်မှန်တွေ စမ်းသပ်ပြီး တပ်ကြည့်တာမျိုးကို သတိထားရှောင်ကြဉ်သင့်တယ်။
- နေကာမျက်မှန်တွေ မျှဝေသုံးတာ၊ ပါဝါမျက်မှန်တွေ မျှဝေသုံးတာကို ရှောင်ကြဉ်ရပါမယ်။
- အရေးကြီးဆုံးကတော့ မျက်စိနာခြင်းသာမက အခြားမျက်လုံးပြဿနာတွေကနေ ကင်းဝေးစေဖို့ သုံးစွဲတဲ့ ပစ္စည်းတွေကို သန့်ရှင်းစွာရှိနေဖို့ပဲ ဖြစ်ပါတယ်။
(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)
PKN
The Tanintharyi Times
