အကြောက်တရား (ကျော်စွာ)
အကြောက်တရား (ကျော်စွာ)
(“Thich Nhat Hanh” ၏ “Fear” ကို ဘာသာပြန်သည်။)
ကျွန်မတို့ တကယ်ကြောက်ရမယ့် အရာက ကျွန်မတို့ရဲ့ အကြောက်တရားပဲတဲ့။ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ စာသားလေးတစ်ခု။
လူသားဆိုတဲ့ ဖြစ်တည်မှုနဲ့အတူ ဒွန်တွဲပါလာတဲ့ အကြောက်တရားတွေ။ နည်းချင်နည်းမယ်၊ များချင်များမယ်။ လူတိုင်းကိုယ်စီမှာ ကပ်တွယ်နေတာတော့ အမှန်ပါပဲ။
အခုဆိုရင် ကျွန်မတို့မှာ ထမ်းပိုးထားရတဲ့ အကြောက်တရားက မရေမတွက်နိုင်အောင်ပဲ လေးလံများပြား လွန်းလှတယ်။ နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေကို ထွေးပိုက်ရင်း ရုန်းကန် အသက်ဆက်နေကြရတယ်။
စစ်မိစ္ဆာတို့ရဲ့ နှိပ်စက်မှုတွေ၊ စစ်ပွဲပဋိပက္ခ ဒဏ်ချက်တွေ၊ မိသားစု တကွဲတပြား အသက်ဆုံး ဘဝဆုံးရတာတွေ၊ စားဝတ်နေရေး အကျပ်အတည်းတွေ စတဲ့ ကိုယ်စိတ်နှစ်ပါး မလုံခြုံမှုနဲ့ စိုးရိမ်သောကမျိုးစုံဟာ ကျွန်မတို့ကို အချိန်နဲ့အမျှ ညှဉ်းပန်းမွေ့ရမ်းနေတယ်။
အကြောက်တရား ထုထည်ဟဖာ တစ်နေ့ထက်တစ်နေ့ ကြီးမားနက်ရှိုင်းလာတယ်။ အတိတ်က စိတ်ဒဏ်ရာရဲ့ ခြောက်လှန့်မှုကနေလည်း ရုန်းမထွက်နိုင်၊ အနာဂတ် မျှော်လင့်ချက်တွေဟာလည်း ပိန်းပိတ်အောင် မှောင်မိုက်နေတဲ့ နေ့ရက်တွေက များလှပါပြီ။
ဒီများမြောင်လှတဲ့ အကြောက်တရားတွေကို ဘယ်လိုကိုင်တွယ်ကြမလဲ။ ဘယ်လို ရင်ဆိုင်ဖြတ်ကျော်ကြမလဲ။
ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ ဆင်းရဲဒုက္ခတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကတော့ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး ကောင်းမွန်တဲ့ နိုင်ငံရေးစနစ်တစ်ခု လည်ပတ်စေဖို့ ကြိုးစားရုံမှတစ်ပါး အခြားမရှိပါဘူး။
ဒါ့အပြင် အတွင်းအဇ္ဇျတ္တမှာ ဖြစ်တည်နေတဲ့ အကြောက်တရား စိတ်ဒါဏ်ရာတွေကို လျော့ပါးသွားအောင်၊ သက်သာပျောက်ကင်းသွားအောင် ဘယ်လိုနည်းလမ်းမျိုးနဲ့ ကုစားနိုင်မလဲ။ မတည်ငြိမ်မှု၊ အန္တရာယ်ရှိမှု ကြားထဲမှာ နေထိုင်နေရပေမယ့် စိတ်မွန်းကျပ်မှုတွေ သက်သာလျော့ပါးစေတဲ့ နည်းလမ်းဟာ ဘာများ ဖြစ်နိုင်မလဲ။
ဆရာ “ကျော်စွာ” မြန်မာဘာသာပြန်ထားတဲ့ “အကြောက်တရား” ဆိုတဲ့ စာအုပ်မှာ အဖြေတစ်စွန်းတစ်စကို ရှာဖွေတွေ့ရှိနိုင်မယ် ထင်ပါတယ်။ ဒီစာအုပ်ရဲ့ မူရင်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ဗီယက်နမ် ဆရာတော် “သစ်နတ်ဟန်”(Thich Nhat Hanh) က “Fear” လို့ အမည်ပေးပြီး ရေးသားပြုစုထားတာပါ။
ဆရာတော်ဟာဗီယက်နမ်စစ်ပွဲကာလ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေနဲ့ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။
ဘဝမှာ မလွဲမသွေ ကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာတွေ၊ နာကျင်ခံစားမှုတွေ၊ ငယ်စဉ်ဘဝမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ အနာဂတ်ကိုလှမ်းပြီး ပူပန်နေတတ်တဲ့ စိုးရိမ်စိတ်တွေရဲ့ သဘောသဘာဝကို ရှင်းပြပြီး လက်တွေ့ကျကျ ဘယ်လိုချဉ်းကပ် ကုစားနိုင်မလဲဆိုတာကို ရှင်းပြထားပါတယ်။
ကျွန်မတို့မှာ အများဆုံး ဖြစ်တတ်တာက စိတ်ဟာ ဖြစ်ပြီးသွားတဲ့ အတိတ်က အမှားတွေ၊ နောင်တတွေ ဒဏ်ရာဒဏ်ချက်တွေကို ထပ်ပြန်တလဲလဲတွေးပြီး အဲဒီနာကျင်မှုထဲမှာ ရုန်းမထွက်နိုင်ဘဲ နစ်မွန်းနေမိတတ်တယ်။
ဆရာတော်ကတော့ အတိတ်ကို တွေးတောတာနဲ့ ပတ်သက်ပြီး ဒီလို သတိပေးပါတယ်။
“လက်ရှိအခြေအနေကို လက်ရှိအတိုင်းပဲ မြင်အောင်ကြည့်မယ်၊ အတိတ်ကိုတော့ ကရုဏာနဲ့ ကြည့်နိုင်တဲ့ တချိန်မှာ ပြန်ကြည့်ဖို့ ထားလိုက်မယ်”
“အတိတ်ကနေ သင်ယူရမယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် အဲလိုသင်ယူတဲ့အခါမှာ ပစ္စုပ္ပန်မှာ ခြေကုပ်မြဲမြဲ ယူထားဖို့တော့ လိုပါလိမ့်မယ်၊ ပစ္စုပ္ပန်မှာ အခြေကျပြီဆိုရင် အတိတ်ကို လိမ္မာပါးနပ်စွာနဲ့ ပြန်ကြည့်ရင်း သင်ခန်းစာတွေယူနိုင်ပါတယ်။ အတိတ်မှာ မျောပါသွားပြီး အတိတ်ရဲ့ လွှမ်းမိုးမှုကို ခံရတာမျိုး မဖြစ်တော့ဘူးပေါ့။”
အတိတ်ကို ပြန်တွေးတဲ့အခါ နာကျင်မှု သက်သာဖို့၊ သင်ခန်းစာယူနိုင်ဖို့ဆိုရင် ဆရာတော်ရဲ့ လမ်းညွှန်ချက်တွေက လက်တွေ့ကျကျ လုပ်ဆောင်လို့ရမယ့် အရာတွေပါ။
အလားတူပါပဲ။ အနာဂတ်အကြောင်း မှန်းဆတွေးတောတာဖြစ်ဖြစ်၊ အစီအစဉ်ရေးဆွဲတာ ဖြစ်ဖြစ် ပထမဦးဆုံး စိတ်ဟာ ပစ္စုပ္ပန်မှာ ရှိနေဖို့လိုတယ်လို့ ဆရာတော်က ဆိုပါတယ်။ ဒါမှ အနာဂတ်မှာ တွေ့ကြုံရမယ့်အရာအတွက် အာရုံစူးစိုက်ပြီး ကြိုတင်ပြင်ဆင်ထားနိုင်မှာ မို့လို့ပါ။
“ပစ္စုပ္ပန်မှာ အခြေမြဲမြဲ ချထားနိုင်ပြီဆိုရင် အနာဂတ်အတွက် ပိုကောင်းတဲ့ အစီအစဉ်တွေ ရေးဆွဲနိုင်ပါလိမ့်မယ်။ ပစ္စုပ္ပန်မှာ သတိနဲ့ နေထိုင်တယ်ဆိုတာ အနာဂတ်အတွက် အစီအစဉ် မရေးဆွဲရဘူးလို မဆိုလိုပါဘူး။ အနာဂတ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုနဲ့ အကြောက်တရားတွေ ကြားထဲမှာ နစ်မျောနေလို့ အကျိုးမရှိဘူးလို့ ဆိုလိုတာပါ။ ပစ္စုပ္ပန်ကာလမှာ ခြေကုပ်မြဲမြဲ ယူနိုင်ပြီဆိုရင် စိုးရိမ်မှုတွေ မရေရာမှုတွေ ကြားထဲမှာ နစ်မြုပ်မခံဘဲ အနာဂတ်ကို စူးစူးစိုက်စိုက် ကြည့်လို့ရပါပြီ။”
ကျွန်မတို့ရဲ့ စိတ်ဟာ ပစ္စုပ္ပန်မှာ ခြေကုပ်မြဲဖို့၊ သတိနဲ့ နေထိုင်နိုင်ဖို့ဆိုရင် လုပ်ရမှာက အသက်ရှူတာကို သိနေဖို့ပါပဲ။ ဆရာတော်က ရိုးရိုးရှင်းရှင်းလေး ပြောပါတယ်။ “သတိနဲ့ အသက်ရှူလိုက်ခြင်းကြောင့် သင့်ခန္ဓာကိုယ်နဲ့ သင့်စိတ်တို့ဟာ ပြန်လည်ပေါင်းဆုံ မိကြပါလိမ့်မယ်” တဲ့။
ဒါ့အပြင် နားထောင်ခြင်းနဲ့ ပြောဆိုခြင်း အတွက် လိုက်နာရမယ့် စည်းမျဉ်းကလည်း ရိုးရိုးလေးပါ။ “အာရုံစိုက်ပြီးနားထောင်တဲ့အလေ့ရယ် မေတ္တာနဲ့ ပြောဆိုတဲ့ အလေ့ရယ်ဟာ သိပ်အစွမ်းထက်တဲ့ အလေ့အကျင့်တွေ ဖြစ်တယ်”တဲ့။ ရိုးပေမယ့် အဖိုးမဖြတ်နိုင်တဲ့ လက်တွေ့ကျင့်သုံးရမယ့် နည်းနာတွေပါ။
ကျွန်မတို့မှာ စိတ်ပန်း ကိုယ်ပန်းနဲ့ အကြောက်တရားအောက် ရုန်းကန်ကျင်လည်နေရတာ ကြာလှပါပြီ။ ဒီအကြောက်တရားကနေ လုံးလုံးရုန်းမထွက်နိုင်သေးပေမယ့် သက်သာလျော့ပါးဖို့တော့ ကြိုးစားသင့်တယ် ထင်ပါတယ်။
ရှေ့ခရီးမှာ ကြုံတွေ့ရဦးမယ့် လောကဓံတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့အတွက် လက်ရှိပစ္စုပ္ပန်မှာ သတိနဲ့နေထိုင်တာက မလွဲမသွေ လိုအပ်လှပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
