ပုလောကနေရာနှစ်ခုမှာ နှစ်ဖက်ပစ်ခတ်ခိုက်မှုတွေကြောင့် ရော်ဘာခြံတွေမီးလောင်
ပုလောကနေရာနှစ်ခုမှာ နှစ်ဖက်ပစ်ခတ်ခိုက်မှုတွေကြောင့် ရော်ဘာခြံတွေမီးလောင်
ပုလောကနေရာနှစ်ခုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းဗုံးနဲ့ စစ်ကောင်စီတပ်ရဲ့ ရှို့မီးကြောင့် ပုလောမြို့နယ်ထဲက နေရာနှစ်ခုမှာ ရော်ဘာခြံတွေမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အခုလ ၁၇ ရက်နေ့က ပလမြို့ရဲစခန်းကုန်းခြံစည်းရိုး နံဘေးရှိ မိုင်းကွင်းထဲကို ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲစခန်းပတ်ပတ်လည်မှာရှိနေတဲ့ မိုင်းကွင်းဧရိယာ မီးလောင်ခဲ့တယ်လို့ ပုလော(ပကဖ)ဆီက သိရပါတယ်။
ပလရဲစခန်းနံဘေး အရပ်သားပိုင်ရော်ဘာခြံတွေထဲမှာ စစ်ကောင်စီတပ်က မိုင်းတွေထောင်းထားတာပါ။ အဲဒီမိုင်းတွေကြောင့် မီးလောင်အားပိုပြင်းပြီး ပလမြို့ရဲစခန်းနဲ့ဘေးချင်းကပ်ရွာဖြစ်တဲ့ တိုရွာမှာရှိတဲ့တောင်(တိုတောင်)အောက်ခြေအနီးထိ မီးဆက်လောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“စခန်းနံဘေး ရာဘာခြံနဲ့မြက်ခင်းတွေလောင်တာဆက်နေတယ်။ (ပလမြို့ရဲစခန်း)စခန်းထဲမှာတော့ မီးလမ်းဖြတ်ထားလို့မဝင်ဘူး။”လို့ ပုလော(ပကဖ)တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်မှုကြောင့် ပလမြို့ရဲစခန်းကနေ တိုရွာတလျှောက်မှာရှိတဲ့ ရော်ဘာခြံ ကိုးဧကထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
“မီးကအလုံစုံတော့မငြိမ်းသေးဘူး။ မီးခိုးတွေထနေသေးတယ် ရွာသားတွေအားလုံးမီးကွင်းလုပ်လိုက်တော့ မီးကဆက်မကူးတော့ဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပလမြို့ရဲစခန်းဒရုန်းဗုံးသီးချတာကို ပုလော-ပကဖ ဒရုန်းတပ်ဖွဲ့ (Shadow Squad)နဲ့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပလမြို့ရဲစခန်းမှာအထိုင်ချထားတဲ့စစ်ကောင်စီတပ်ဟာ ဇရပ်ဆိပ်နဲ့ ဘိုင်းပြင်ရွာတွေကို လက်နက်ကြီးပစ်ခတ်နေတဲ့အတွက် အခုလို ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း ပုလော(ပကဖ)က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ရှို့မီးကြောင့် ကြဲရွာအနောက်ဘက်မှာရှိတဲ့ ရော်ဘာခြံတွေအထိ ဆယ်ရက်အကြာမီးလောင်နေဆဲပဲလို့ သိရပါတယ်။
ပုလော-မြိတ်ကားလမ်းပေါ်မှာရှိတဲ့ တပိုနဲ့ စက်တော်ရာရွာကြားက အိမ်နဲ့ ရော်ဘာခြံတွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တဲ့ အခုလ ၁၁ ရက်နေ့ကစလို့ ဘေးချင်းကပ်ရွာတွေအထိ တောက်လျှောက်မီးကူးနေတာပါ။
တပို၊ စက်တော်ရာနဲ့ ကြဲရွာတွေဟာ ဘေးချင်းကပ်ရွာတွေဖြစ်ပြီး မီးလောင်နေတဲ့ ရော်ဘာခြံဧကက ၁၀၀ ဝန်းကျင်ရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ရှို့မီးနဲ့ ဒရုန်းဗုံးတွေကြောင့် မီးလောင်တာအပြင် မြိတ်မြို့နဲ့ ရေဖြူမြို့နယ်တွေမှာ အခုလအတွင်း ပေါ့ဆမီးကြောင့် နေအိမ်ပျက်စီးတာနဲ့ လူသေဆုံးတာတွေပါရှိနေတယ်လို့ ဒေသတွင်းလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
The Tanintharyi Times
