တနင်္သာရီမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ
တနင်္သာရီမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အရပ်သားနှစ်ဦး ဒဏ်ရာရ
တနင်္သာရီမြို့နယ်၊ ကတော့ကမ်းရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ဒေသခံအမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က နိုဝင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်မှာ ပြင်ရိုးရွာနဲ့ အရှေ့မော်တုန်းရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ မြစ်တဖက်ကမ်းမှာရှိတဲ့ ကတော့ကမ်းရွာကို ဒရုန်းနဲ့ ဗုံးသီးချခဲ့တာလို့လည်း မော်တုန်းကျေးရွာအုပ်စုနေ ဒေသခံတွေက ပြောပါတယ်။
အင်အား ၈၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းဟာ မနေ့ကမနက်ပိုင်းက ပြင်ရိုးရွာကို စတင်ဝင်ရောက်လာတာကြောင့် ပြင်ရိုးရွာဒေသခံတွေ မြစ်တဖက်ကမ်းက ကတော့ကမ်းရွာကို အရေးပေါ်စစ်ရှောင်ခဲ့ကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အဲ့ဒီနောက် မွန်းလွဲပိုင်းမှာတော့ ပြင်ရိုးရွာက စစ်ကောင်စီတပ်သားတွေက ကတော့ကမ်းရွာကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ကတော့ကမ်းရွာက အသက် ၂၃ နှစ်အရွယ်နဲ့ အသက် ၅၅ နှစ်အရွယ် ဒေသခံအမျိုးသားနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
“ နှစ်ယောက်စလုံး အိမ်တစ်ဆောင်တည်းမှာရှိနေကြတာ။ သူတို့ရှိနေတဲ့ အိမ်ကိုဒရုန်းထိတော့ လူတွေလည်း ထိတယ်” လို့ မော်တုန်းကျေးရွာအုပ်စုနေ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေရဲ့ ခြေထောက်တွေနဲ့ လက်တွေမှာ ဗုံးစထိမှန်တာကြောင့် ဒဏ်ရာကြီးပေမဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
စစ်တပ်ရဲ့ ဒရုန်းဗုံးသီးချတိုက်ခိုက်မှုကြောင့် ကတော့ကမ်းရွာက နေအိမ် ၃ ဆောင်လည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ ဒရုန်းဗုံးသီးချတိုက်ခိုက်မှုတွေကြောင့် ပြင်ရိုး၊ ကတော့ကမ်းနဲ့ အရှေ့မော်တုန်း ရွာကဒေသခံတွေပါ အရေးပေါ်စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။
“ ဒီနေ့အထိ ဒရုန်းတွေ လာလာဝဲနေလို့ ကျနော်တို့ ဒီဘက်တဝိုက်က ရွာတွေအားလုံး သတိအနေအထားနဲ့ စောင့်ကြည့်ပြီး နေနေရတယ်” လို့ အသက် ၄၀ ကျော်အရွယ် အနောက်မော်တုန်း ရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ မနေ့ညကနေ ဒီကနေ့အထိအရှေ့မော်တုန်းရွာမှာ တပ်စွဲထားပြီး နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ အခြေအနေဖြစ်တယ်လို့ မော်တုန်းကျေးရွာအုပ်စုနေ ဒေသခံတွေ ဆီကသိရပါတယ်။
တနင်္သာရီတိုင်းမ်ကကောက်ယူထားတဲ့ အချက်အလက်တွေအရ တိုင်းအတွင်းမှာ ၂၀၂၄ ခုနှစ် ၁၀ လတာအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုနဲ့ မြေမြုပ်မိုင်းကြောင့် အရပ်သား ၄၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၅၂ ဦးထက်မနည်း ရှိပြီဖြစ်ပါတယ်။
The Tanintharyi Times
