စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရ
စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရ
မြိတ်မြို့နယ်၊ ဘဲမဒီရွာကို စစ်ကောင်စီတပ် ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးပြီး ခုနှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မနေ့က နေ့လည် ၁၁ နာရီဝန်းကျင်က ဘဲမဒီရွာအနီးတဝိုက်ကို စစ်ကောင်စီကင်းထောက်လေယာဉ်တစ်စီးလာဝဲပြီး မိနစ်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီအမြောက်တပ် အမတ(၄၀၁)ကနေ ဒရုန်း ၇ စီးတက်လာပြီး ဗုံးသီးကြဲချခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း နေအိမ်တစ်ဆောင်ပေါ် ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ပေါ်မှာထမင်းစားနေတဲ့ အသက် ၁၉ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် သစ်ချသီးစေ့ (ဒေသအခေါ် သစ်တစေ့) ကောက်ပြီးပြန်လာတဲ့ မိသားစုသုံးဦးအနီးကိုလည်း ဗုံးသီးကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်ထောင်ဦးစီးဖြစ်တဲ့ အသက် ၄၀ ဝန်းကျင်အရွယ်အမျိုးသား နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇနီးဖြစ်သူမှာက ပွန်းပဲ့ဒဏ်ရာအနည်းငယ်ရခဲ့သလို သားဖြစ်သူ အသက် ၁၀ နှစ်အရွယ်ကလေးငယ်မှာတော့ ဗိုက်မှာဗုံးစထိမှန်ပြီး အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အူတွေတွဲကျနေလားတောင်ထင်ရတယ်။” လို့ ဆယ်နှစ်အရွယ်ကလေးငယ်ရဲ့ ဒဏ်ရာအခြေအနေ နဲ့ပတ်သက်ပြီး ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့တဲ့အပြင် အပြင်းအထန်ထိခိုက်ဒဏ်ရာရထားတဲ့ ၁၀ နှစ်အရွယ်ကလေးငယ်နဲ့ မိခင်ဖြစ်သူအပါအဝင် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သားက ခုနှစ်ဦးရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ထိခိုက်ဒဏ်ရာရထားတဲ့ အရပ်သား ခုနှစ်ဦးစလုံးကိုလည်း စစ်ကောင်စီရ ပြင်ပ ဆေးရုံ၊ဆေးခန်းတွေမှာ ဆေးကုသခွင့်ပိတ်ထားတာကြောင့် အမတ(၄၀၁)ထဲမှာပဲ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒဏ်ရာရတဲ့သူတွေကို လူနာတင်ယာဉ်ပေါ် တင်နေတုန်းမှာပဲ ၄၀၁ က စစ်တပ်တွေရောက်လာပြီး သူတို့တပ်မှာပဲ ကုရမယ်ဆိုပြောတယ်။ အူထွက်နေတဲ့ ကလေးက အရမ်းအခြေအနေဆိုးနေပြီ။ ဒါတောင်ပေးမသွားဘူး သူတို့တပ်ထဲကို အကုန်လုံးခေါ်သွားတယ်။” လို့ ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောပါတယ်။
အမတ(၄၀၁) ဟာ မြိတ်မြို့နယ်၊ အလယ်ချောင်းရွာအခြေစိုက်ဖြစ်ပါတယ်။ ဘဲမဒီရွာနဲ အလယ်ချောင်းရွာက ဘေးချင်းကပ်ရွာတွေဖြစ်ပါတယ်။
ဘဲမဒီရွာနဲ့ဘေးချင်းကပ်ရွာဖြစ်တဲ့ ပပြင်ရွာမှာတော့ ကျောက်လုံးကြီးစခန်းကို ပြန်လည်ရယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးမဟာမိတ်တပ်တွေ အခုလ ၂၀ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပါတယ်။
အခုလ ပထမပတ်ကလည်း စစ်ကောင်စီမောရဝတီရေတပ်ဌာနချုပ်ကပစ်တဲ့ လက်နက်ကြီးကျည်ဟာ ရေဖြူမြို့နယ်၊ ရားဖူးကျေးရွာက နေအိမ်တစ်ဆောင်ပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး လသားအရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်လေးဦးသေဆုံးခဲ့ပါတယ်။
The Tanintharyi Times
