စပါးရိတ်သိမ်းချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ထောက်လှမ်းပစ်ခတ်လို့ ပုလောကလယ်လုပ်သူတွေ အခက်တွေ့နေ
စပါးရိတ်သိမ်းချိန် စစ်ကောင်စီတပ်က ဒရုန်းနဲ့ထောက်လှမ်းပစ်ခတ်လို့ ပုလောကလယ်လုပ်သူတွေ အခက်တွေ့နေ
စစ်အုပ်ချုပ်ရေးဒေသ ပုလောမြို့နယ်ထဲကကျောင်းနိမ့်ကျေးရွာဘက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်သလို ဒရုန်းနဲ့ တိုက်ခိုက်တာတွေကြောင့် စပါးရိတ်သိမ်းနေသူတွေအခက်အခဲဖြစ်နေရတယ်လို့ ဒေသခံလယ်စိုက်သူတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
“ဒရုန်းကအပေါ်ကနေလာပြီး မြင်မြင်ရာလျှောက်ပစ်နေတော့ အိမ်အောက်တွေ၊ သစ်ပင်တွေအောက်မှာပဲရွှေ့ရွှေ့ပြီး ပြေးပြေးပြီးနေရတယ်။ စပါးရိတ်နေတုန်း ဒီလိုမလုပ်ဖို့ကျတော့ ကျနော်တို့လည်းဘာမှ သွားပြောလို့မရဘူးလေ။ ကျနော်တို့အရမ်းဒုက္ခဖြစ်နေတယ်။” လို့ လယ်လေးဧကစိုက်ပျိုးထားတဲ့ တောင်သူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က အဲ့ဒီကျေးရွာတွေဘက်မှာ မနက် ၉ နာရီဝန်းကျင်နဲ့ ည ၇ နာရီခွဲလောက်တွေမှာ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာ၊ ဒရုန်းနဲ့ကင်းထောက်ပြီး လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေပုံမှန်လုပ်ဆောင်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပစ်ခတ်ရင်လည်း တစ်ကြိမ်ကို ကျည် လေးလုံးအနည်းဆုံးပစ် တတ်ပြီး၊ တစ်နေ့ကို ၃ ကြိမ်လောက်ပစ်လေ့ရှိတယ်လို့ ဆိုပါတယ်။
စပါးရိတ်သိမ်းတဲ့အချိန် လယ်တစ်ဧကမှာ ကောက်ရိတ်သူအနည်းဆုံး ၅ ဦး ရှိတဲ့အတွက် ဒရုန်းလာရင် လူစုလူဝေးလုပ်နေတယ်ထင်ပြီး လက်နက်ကြီးနဲ့ လှမ်းပစ်ခတ်ခံရမှာကို စိုးရိမ်နေရသလို စပါးတွေအချိန်မှီမရိတ်သိမ်းနိုင်မှာလည်း တွေးပူနေရတာကြောင့် ပြေးလွှားပြီး စပါးရိတ်နေရတယ်လို့ ဒေသခံလယ်ရှင်တွေက ပြောပြပါတယ်။
ဒေသခံလယ်ပိုင်ရှင်တစ်ဦးကတော့ “ အလုပ်လုပ်ရင်း ဒရုန်းတွေကိုမျှော်ကြည့်၊ မျှော်ကြည့်ပြီး လုပ်နေရတော့ အလုပ်က မတွင်ကြဘူး။” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကပစ်ခတ်မှုကြောင့် ကျောင်းနိမ့်ကျေးရွာက လယ်ကွင်းတွေထဲကို ကျည်နဲ့ ဗုံးသီးကျရောက်ပေါက်ကွဲတာဟာ အခုလထဲမှာ ၂ ကြိမ်ရှိခဲ့ပြီး၊ ပြီးခဲ့တဲ့လက ၅ ကြိမ်လောက် အထိရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်မှုမတိုင်ခင်အချိန်တွေမှာ ဒရုန်းတွေ ခပ်နှိမ့်နှိမ့်ပျံလာတဲ့အချိန် ပန်ကာအသံတွေကြားခဲ့ရလို့ ကြိုရှောင်ချိန်ရခဲ့တာကြောင့် အရပ်သားထိခိုက်မှုတွေ မရှိခဲ့တာလို့လည်း ဒေသခံတွေက ပြောပြပါတယ်။
“ဒရုန်းသံနဲ့ တခြားစစ်သံနဲ့ကို တော်တော်ခွဲနိုင်နေပြီ။ လက်နက်ကြီးပစ်သံဆိုလည်း တော်တော်လေးကိုနားထဲယဉ်နေပြီဆိုတော့ ရှောင်ရှားလို့ခံ(ရ)တယ်။” လို့ ကျောင်းနိမ့်ရွာခံအမျိုးသားတစ်ဦးက ပြောပါတယ်။
မနေ့က မနက်ပိုင်းမှာလည်း ကျောင်းနိမ့်ရွာဘက်ကိုလက်နက်ကြီး ကျည်လေးလုံးဆက်တိုက်ပစ်လာတဲ့အတွက် လူနေအိမ်အနီးတဝိုက်နဲ့ ဥယျာဉ်ခြံတွေကြား သုံးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး မပေါက်ကွဲဘဲ မြေကြီးထဲစိုက်ဝင်နေတဲ့ ကျည်တွေလည်းအများအပြားရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လယ်စိုက်တဲ့ဒေသခံအမျိုးသားတစ်ဦးကတော့ စစ်ကောင်စီတပ်တွေနားထောင်ပေးမယ်ဆိုရင် စပါးရိတ်သိမ်းကာလမှာ ဖြောင့်ဖြောင့်တန်းတန်းလေး အလုပ်လုပ်ခွင့်ပေးဖို့တောင်းဆိုချင်တယ်လို့ ပြောပါတယ်။
ကျောင်းနိမ့်ရွာဟာ ပုလောမြို့နဲ့ ၂ မိုင်ခန့်သာဝေးပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မကြာခဏပစ်ခတ်လေ့ရှိတာကြောင့် အရပ်သားထိခိုက်၊ သေဆုံးတာနဲ့ နေအိမ်ပျက်စီးတာတွေလည်း ရှိခဲ့ပါတယ်။
ပုလောမြို့နယ်အတွင်းက လယ်ယာစိုက်ပျိုးသူတွေဟာ စပါးစိုက်ခွင့်ပိတ်ပင်ခံရတာ၊ လယ်ထဲဆင်းချိန် မိုင်းနင်းမိတဲ့ ဖြစ်စဉ်တွေလည်း အခုနှစ်အတွင်းမှာ ရှိခဲ့ပါတယ်။

အခုနှစ် ဇွန်လက ပလမြို့ရဲစခန်းအနောက်က လယ်ထဲဆင်းတဲ့ အမျိုးသားတစ်ဦးမိုင်းနင်းမိပြီးခြေထောက်ပြတ်တောက်တဲ့ဒဏ်ရာရခဲ့ဖူးသလို ဆော့ကစားနေတဲ့ကလေးငယ်သုံးဦးလည်း ဗုံးလို့ယူဆရတဲ့လက်နက်ပေါက်ကွဲပြီးထိခိုက်ဒဏ်ရာရခဲ့ဖူးပါတယ်။
ဒါ့အပြင် ပုလောမြို့နယ်အတွင်းစစ်ကောင်စီစစ်ဆေးရေးဂိတ်တွေကနေ ရိက္ခာဖြတ်တောက်ထားတာ၊ ဆက်ကြေးအများကြီးတောင်းတာ စတဲ့လုပ်ရပ်တွေကြောင့် စပါးဝယ်ယူတဲ့အကျိုးဆောင်တွေဟာ မြို့နယ်အတွင်း လယ်ယာစိုက်ပျိုးသူတွေဆီကနေ အကြောင်းပြချက်အမျိုးမျိုးပေးပြီး စပါးကို ဈေးနှိမ်ပြီး ဝယ်လေ့ရှိတယ်လို့ သိရပါတယ်။
The Tanintharyi Times
