တိုက်ပွဲ ၆၀၀ ကျော်၊ စခန်း ၂၀ ခုနှင့် ၂၀၂၄ တနင်္သာရီစစ်ရေးကောက်ကြောင်း
တိုက်ပွဲ ၆၀၀ ကျော်၊ စခန်း ၂၀ ခုနှင့် ၂၀၂၄ တနင်္သာရီစစ်ရေးကောက်ကြောင်း

၂၀၂၄ ခုနှစ်သည် တနင်္သာရီတိုင်း၏ တိုက်ပွဲအများဆုံးနှစ် ဖြစ်ခဲ့သည်။
တနှစ်တာလုံး တိုက်ပွဲ ၆၀၀ ကျော် ဖြစ်ပွားခဲ့သည်။
FE5-Tanintharyi အဖွဲ့၏ လစဉ်အစီရင်ခံစာများအရ ၂၀၂၄ တစ်နှစ်တာတွင် တိုင်းအတွင်း တိုက်ပွဲ ၆၀၁ ကြိမ် နှင့်အထက် ရှိခဲ့ပြီး ယင်းဖော်ပြချက်သည် မှန်ကန်ကြောင်း တနင်္သာရီတိုင်းစစ်ဌာန ပြောရေးဆိုခွင့်ရှိသူက ထောက်ခံသည်။
“သတင်းမီဒီယာမှာ ပါမလာတဲ့၊ ဒေသခံနဲ့ မီဒီယာတွေ ကျယ်ကျယ်ပြန့်ပြန့် မသိလိုက်တဲ့ တိုက်ပွဲငယ်တွေလည်း အတော်များများ ဖြစ်ခဲ့တာ ရှိတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ထိုတိုက်ပွဲများတွင် မြို့သိမ်းတိုက်ပွဲများတော့ မပါဝင်သေးပါ။
အထက်မြန်မာပြည်နှင့် အနောက်ဘက်ရခိုင်ပြည်နယ်တို့တွင် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆက်တိုက်ဆင်နွှဲ၊ အောင်ပွဲများစွာရယူနိုင်ခဲ့သော်လည်း တနင်္သာရီတိုင်းတော်လှန်ရေးအင်အားစုမှာမူ မြို့ငယ်လေးတစ်မြို့မျှပင် မသိမ်းနိုင်ခဲ့။ သို့သော် စခန်းသိမ်းတိုက်ပွဲအချို့ကိုမူ ဆင်နွှဲနိုင်ခဲ့သည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီစခန်း ၁၁ ခု သိမ်းနိုင်ခဲ့ပြီး စခန်း ၉ ခုကို စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသည်အထိ တော်လှန်ရေးတပ်သားများ စွမ်းဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။
သို့ကြောင့် စစ်ကောင်စီသည် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း အမှတ်(၈) ကားလမ်းမကြီးပေါ်က စခန်း ၂ ခုအပါအဝင် စခန်း ၂၀ ကို လက်လွှတ်ခဲ့ရပြီး ယင်းစခန်းများဝန်းကျင်ရှိ နယ်မြေအတော်များများကို လက်လွှတ်လိုက်ရသည်။
၂၀၂၄ စခန်းသိမ်းတိုက်ပွဲများ၏ အစသည် နှစ်အစတွင် သိမ်းခဲ့သည့် ထားဝယ်မြို့နယ်ထဲက ကျောက်ထုစခန်းဖြစ်သည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပူးပေါင်းစစ်ကြောင်းတို့က ၂၀၂၄ ခုနှစ်အဖွင့် ဇန်နဝါရီ ၂၄ ရက်နေ့တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကျောက်ထုစစ်ဆင်ရေးခြေကုတ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ကျောက်ထုစခန်း ကျဆုံးခြင်းအကျိုးဆက်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့၏ အရှိန်အဟုန်မြင့် ထိုးစစ်ဆင်မှုကြောင့် ၎င်းစခန်းနှင့် အနီးဆုံးစခန်းများဖြစ်သည့် ဟိန္ဒားစစ်ကောင်စီခြေကုတ်စခန်း၊ မေတ္တာရဲစခန်းတို့မှ စစ်ကောင်စီတပ်သားများ/ရဲများသည် စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြပြီး မဟာမိတ်ပူးပေါင်းတပ်တို့က ၎င်းစခန်းတို့အား မီးရှို့ဖျက်သိမ်းလိုက်ကြသည်။
တို့အပြင် ကျောက်ထုစခန်းနှင့် မိုင် ၃၀ ကျော်ခန့် ဝေးကြသည့် စော်ဖျားစစ်ကောင်စီခြေကုတ်စခန်းကုန်း၊ သဲချောင်းကြီးရဲစခန်း၊ ထီးခီး(ထိုင်းနယ်စပ်)ရွာဝင်စစ်ကောင်စီဂိတ်စခန်းတို့မှ စစ်ကောင်စီတပ်သားတို့လည်း ကျောက်ထုစခန်းကျပြီး တစ်လအတွင်း စခန်းစွန့်ခွာသွားခဲ့ကြရသည်။
ယင်းနောက်တွင် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တို့က မေတ္တာဗျူဟာကုန်းအား လချီပိတ်ဆို့တိုက်ခိုက်ခဲ့ကြပြီး စစ်ကူလာသည့်ယာဉ်တန်းကိုလည်း တပ်ပျက်သည်အထိ ဟန့်တားတိုက်ခိုက်ကာ လက်နက်ခဲယမ်းများ သိမ်းဆည်းလိုက်နိုင်သည်။
သို့သော် မေတ္တာဗျူဟာကုန်းကိုမူ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။
စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူ/ရိက္ခာကူ အဆက်မပြတ်ပေးကာ ၎င်းဗျူဟာကုန်းကို ကာကွယ်ခဲ့သည်။
ထို့အပြင် အရပ်သားတွေကိုပါ လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ မေတ္တာမြို့ကိုအပြင် အနီးအနားရွာများကိုပါ လေယာဉ်ဖြင့် ဗုန်းကြဲတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ရာ အရပ်သားနေအိမ်များစွာ ပျက်စီးခဲ့ရသည်။
မတ်လအတွင်း သရက်ချောင်းမြို့နယ်၊ ရောင်းမော်ရွာစစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ကျော်ကို သုတ်သင်နိုင်ခဲ့သော်လည်း စခန်းမသိမ်းနိုင်ခဲ့ပေ။
ထိုလအတွင်း သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်ရွာ ပျူစောထီးစခန်း၊ ရေဖြူမြို့နယ် မင်းသားရွာမှ ပျူစောထီးစခန်း၊ ဘုတ်ပြင်းမြို့နယ် စစ်ကောင်စီတာဝါတိုင်စစ်ကောင်စီစခန်းကုန်းတို့ကို တော်လှန်ရေးဘက်တော်သားတို့ သိမ်းနိုင်ခဲ့သည်။
ဧပြီလတွင် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းအနီးရှိ မောထစခန်းကို သိမ်းနိုင်ခဲ့ပြီး ထိုလအတွင်း တိုက်ပွဲပေါင်း ၉၀ ခန့် ဖြစ်ပွားခဲ့ရာ ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲအများဆုံးလ ဖြစ်ခဲ့သည်။
မေလတွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ခန့် တိုက်ခိုက်သည့်ကြားမှ အမှတ် ၈ လမ်းမပေါ်ရှိ သရက်ချောင်းမြို့နယ် ပဲဒက်စစ်ကောင်စီခြေကုတ်စခန်းနှင့် တနင်္သာရီမြို့နယ်နှင့် ဘုတ်ပြင်းနယ်စပ်ရှိ ၁၀၂၀(ဒေသအခေါ် ဝမ်းဇီးရိုး တူးဇီးရိုး)တောင်ကုန်း စစ်ကောင်စီခြေကုတ်စခန်းတို့ကို တော်လှန်ရေးတပ်များ သိမ်းပိုက်နိုင်ခဲ့သည်။
ဇွန်လတွင် စစ်ကောင်စီက ၂၇ နှစ်ကြာ တပ်စွဲထားသည့် တနင်္သာရီမြစ်ဘေးက အောင်သာဝရတပ်စခန်းကို သိမ်းယူနိုင်ခဲ့ပြီး ယင်းစခန်း သိမ်းပိုက်ခံရသည်နှင့် တနင်္သာရီမြို့နယ်ထဲရှိ ကျောက်လုံးကြီးစခန်းနှင့် မောတောင်ဒေသရှိ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းတို့ကို စစ်ကောင်စီတပ်သားတို့ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်။
ဇွန်လမှ နိုဝင်ဘာလအထိမူ စခန်းတစ်ခုမျှ မသိမ်းနိုင်ခဲ့ပေ။
စစ်ကောင်စီဘက်မှ စစ်မှုထမ်းဥပဒေအရလည်းကောင်း၊ ထိုင်းနိုင်ငံတွင်အဖမ်းခံရ၍ ရနောင်းမှ ကော့သောင်းဘက်ကမ်းပြန်ပို့ခံရသူများကို တပ်ထဲ အဓမ္မ ခေါ်သွင်း၍ ရက်တိုသင်တန်းပေးစေလွှတ်သော တပ်သားသစ်များ အဓိကပါဝင်သည့် သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးမှုကို ဇွန်လမှစ အပြင်းအထန် လုပ်ဆောင်ခဲ့သည်။
ဇူလိုင်လတွင်မူ တနင်္သာရီတိုင်းသားတို့သည် ရေကြီးမှုကြောင့် ရေဘေးနှင့် စစ်ဘေးဒဏ်တို့ကို တပြိုင်နက်ခံခဲ့ရလေသည်။
ဩဂုတ် မင်းအောင်လှိုင်က နေပြည်တော်မှ ဗိုလ်မှူးချုပ်သက်ထွန်းဦးကို တနင်္သာရီတိုင်းသို့ စေလွှတ်လိုက်သည်။
ဗိုလ်မှူးချုပ်သက်ထွန်းဦးအား ကမ်းရိုးတမ်းတိုင်းစစ်ဌာနချုပ်ကို ပူးတွဲကွပ်ကဲရန်အပြင် အထက်အဆင့်ဆင့်သို့ တင်ပြစရာမလိုဘဲ စစ်ဆင်ရေးဆောင်ရွက်ခွင့်နှင့် လေကြောင်းအသုံးပြုခွင့် ပေးအပ်ခဲ့သည်။
ယင်းသည် စစ်ရေးအရ ဗိုလ်မှူးချုပ်သက်ထွန်းဦးအား အာဏာကုန် ပေးအပ်ခြင်း ဖြစ်လေသည်။
ဗိုလ်မှူးချုပ်သက်ထွန်းဦး ရောက်လာပြီးနောက် ရုရှားမှတဆင့် တနင်္သာရိတိုင်း(မြိတ်)သို့ လေယာဉ်ဆီ လီတာပေါင်း ၃ သိန်း ရောက်လာသည်။
ထိုနောက်ပိုင်းတွင် စစ်ကြောင်းထိုးမှု၊ လေကြောင်းပျံသန်းပစ်ခတ်မှု ပိုကဲလုပ်ဆောင်လာခဲ့သည်။
သို့သော် တော်လှန်ရေးတပ်များ၏စခန်းအထိ တိုးမပေါက်နိုင်ခဲ့ဘဲ အရပ်သားနှင့် အရပ်သားနေအိမ်များကို ပစ်မှတ်ထား သတ်ဖြတ်ဖျက်ဆီးခြင်းများ ပိုလုပ်ဆောင်လာခဲ့သည်။
စက်တင်ဘာလတွင် စစ်ကောင်စီ ကမ်းရိုးတန်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲသည့် အမှတ် ၆၀၃ ဒရုံးတပ်ရင်းကို သီးခြားစုဖွဲ့ ဖွဲ့စည်းခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဒရုံးအသုံးပြုမှု ပိုများလာခဲ့သည်။
စက်တင်ဘာလတွင် နှစ် ၄၀ ကျော် ကြာ တပ်စွဲထားပြီး လက်ရှိတွင် တပ်သား ၁၅၀ ခန့်တပ်စွဲထားသည့် တနင်္သာရီမြို့နယ် သိန္ဓောရွာတပ်စခန်း စစ်ကောင်စီတပ်သားများအားလုံး စခန်းစွန်ခွာ သွားခဲ့ကြသည်။
“ကျွန်တော်တို့ နေ့ည လချီ ပိတ်ဆို့တိုက်ခိုက်မှုကို မခံနိုင်လို့ ထွက်ပြေးသွားကြတာပါ” ဟု ယင်းစခန်းကို ရှင်းလင်းရာတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
အောက်တိုဘာလတွင် စစ်ကောင်စီအင်အားအလုံးအရင်းဖြင့် ပုလောမြို့နယ်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တော်လှန်ရေးဘက်တော်သားများ၏ စိုးမိုးနယ်မြေအချို့ ပြန်လည် လက်လွှတ်ပေးခဲ့ရသည်။
စက်တင်ဘာလထက် တိုက်ပွဲ တိုက်ပွဲအရေအတွက် နည်းပါးခဲ့သော်လည်း တိုက်ပွဲပြင်းထန်မှုနှုန်း ပိုမြင့်ခဲ့သည်။
နိုဝင်ဘာလတွင်မူ စစ်ကောင်စီဘက်မှ အင်အားအလုံးအရင်းဖြင့် ရက်ရှည်စစ်ကြောင်းထိုးမှုများ၊ ရက်ရှည်တိုက်ပွဲများ တောက်လျောက်ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီဘက်မှ ဒရုံးဖြင့် တိုက်ခိုက်မှု ပိုအားပြုလာခဲ့သည်။ အထူးသဖြင့် ပုလော၊ ရေဖြူ၊ တနင်္သာရီတို့တွင် ရက်ရှည်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာလတွင် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီစခန်း နှစ်ခုကို သိမ်းနိုင်ခဲ့သည်။ ကံပေါက် ရေကန်တောင်စစ်ကောင်စီခြေကုတ်စခန်းနှင့် ကျောက်နီမော် ရေခဲစက်ပျူစောထီးစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျောက်နီမော်ရွာတိုက်ပွဲတွင် စစ်ကောင်စီမှ လေကြောင်းအပြင် ရေကြောင်းကပါပစ်ကူပေးခဲ့သဖြင့် နေအိမ် ၂၅၀ ကျော် ပျက်စီးခဲ့ရပြီး ပျူစောထီးစခန်းကို သိမ်းပြီးနောက် ဘုရားကုန်းစခန်းကို ဆက်သိမ်းနေရာမှ တော်လှန်ရေးပူးပေါင်းတပ်တို့ ပြန်ဆုတ်လာခဲ့ကြသဖြင့် ၎င်းရွာကို ပြည်သူ့ကာကွယ်ရေးတပ်တို့ စိုးမိုးခွင့် မရလိုက်ပေ။
“ပြည်သူထိခိုက်မှုအားကြီးလွန်းလို့ ပြန်ဆုတ်ခဲ့ကြတယ်”ဟု ၎င်းတိုက်ပွဲတွင်ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးဘက်တော်သားတစ်ဦးက ပြောသည်။
မြို့သိမ်းနိုင်ခြင်းမရှိသော်လည်း ထားဝယ်ခရိုင် ၄ မြို့နယ်ရှိ မြို့အားလုံး မြို့ပြတိုက်ပွဲများ ဖော်ဆောင်နိုင်ခဲ့သည်။
စစ်ကောင်စီ၏ အမှတ်(၈)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စခက-၈)၊ စစ်ကောင်စီဝန်ကြီးများအိမ်ယာ၊ တိုင်းရဲတပ်ဖွဲ့ရုံး စသည့် တိုင်းအဆင့်တာဝန်ရှိသူတို့၏ အသိုက်များကို ချိန်းခြောက်တိုက်ခိုက်နိုင်ခဲ့သည်ကို တွေ့ရသည်။
ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်းက ရဲဘော်တစ်ဦးကမူ ကုန်လွန်ပြီးသည့် ၂၀၂၄ ခုနှစ်တွင် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများကို အကောင်းဆုံးနှင့် အများဆုံး တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ကြောင်း ပြောပါသည်။
“ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်မယ်ဆိုရင် စစ်အရေးအရှိန်ဟုန်က ၂၀၂၄ မှာ မီးဟုန်းဟုန်းတောက်ခဲ့ပါတယ်၊ တိုင်းထဲက ရဲဘော်တွေရဲ့ အသက်တွေ အများကြီးကိုလည်း ပေးဆပ်ခဲ့ရပါတယ်”ဟု ၎င်း ရဲဘော်က ပြောသည်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ (ကျေးရွာအမည် မဖော်ပြရဲသည့်)ဒေသခံတစ်ဦးကမူ တော်လှန်ကာလ ၄ နှစ်အတွင်း မြို့တစ်မြို့မျှ မသိမ်းနိုင်သေးသည့်အပေါ် အားမလိုအားမရ ဖြစ်ရသော်လည်း တော်လှန်ရေးရဲဘော်များကို အပြစ် မမြင်ရက်ကြောင်း ပြောသည်။
“သူတို့လေးတွေလည်း တတ်နိုင်သလောက် အသက်ပေးပြီးကို ကြိုးစားလုပ်ဆောင်နေတာ တွေ့ရတယ်။ သူတို့လည်း မြို့တွေ သိမ်းချင်ရှာမှာပဲ၊ မတတ်သာသေးလို့ ဖြစ်မှာပါ” ဟု ၎င်းဒေသခံက ပြောသည်။
အချို့အဖွဲ့တွေအနေနဲ့လည်း စခန်းသိမ်းမည်ပါက အပြတ်လုပ်စေလိုကြောင်း၊ ပစ်လိုက် ပြေးလိုက် မလုပ်စေလိုကြောင်း ၎င်းဒေသခံက အကြံပြုသည်။
“အမှန်သာ စခန်းသိမ်းမယ်ဆို ရွာနာရင် နာပစေ၊ သိမ်းပစ်လိုက်။ ခုက စစ်ကောင်စီစခန်းတွေကို တကယ်မသိမ်းနိုင်ဘဲ မစို့မပို့ သွားသွားပစ်၊ သွားသွားဆွနေတဲ့ အဖွဲ့တွေရှိတယ်။ သူတို့က ပစ်ပြီးပြေးသွားတော့ အဲဒီစခန်းက ရွာထဲ လက်နက်ကြီးနဲ့ထုတော့ ရွာပိုနာရတယ်” ဟု ၎င်းက ပြောသည်။
၂၀၂၄ ခုနှစ် တနင်္သာရီတိုင်းသည် စခန်း ၂၀ ခုနှင့် နယ်မြေအချို့ကို တော်လှန်ရေးတပ်တို့ ရရှိလိုက်ပြီး တိုက်ပွဲ ၆၀၀ ကျော်နှင့် စံချိန်တင် စစ်မီး ဟုန်းဟုန်း တောက်ကာ ပြီးဆုံးကုန်လွန်ခဲ့ပါပြီ။
၂၀၂၅ သည် ယခင်နှစ်ထက် စစ်မီးပိုတောက်နိုင်ကြောင်း တိုင်းသူတိုင်းသားများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တို့က ခန့်မှန်းနေကြသည်။
၂၀၂၅ နှစ်ကူးနေ့မှစ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေသည်။
စစ်ကောင်စီတိုက်လေယာဉ်သည် တနင်္သာရီကောင်းကင်ယံတွင် နေ့စဉ်ဝဲပျံကာ မထင်လျှင် မထင်သလို ဗုံးမိုးရွာနေသည်။
၂၀၂၅ ခုနှစ်အစ ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်-ထားဝယ်-မြိတ် အမှတ်(၈)လမ်းမ၊ ထားဝယ်-သရက်ချောင်းလမ်းပိုင်းပေါ်ရှိ ရွှေဂူတံတား စစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံး၊ ၅ ဦးအရှင်ဖမ်းမိကာ လက်နက်နှင့် စစ်သုံးပစ္စည်း သိမ်းဆည်းခြင်းဖြင့် တနင်္သာရီတိုင်း၏ နှစ်သစ်စခန်းသိမ်းအောင်ပွဲကို စဖွင့်ခဲ့သည်။
ထားဝယ်ခရိုင်အမှတ်(၁)တပ်ရင်းမှ ရဲဘော်ကမူ အောက်ပါအတိုင်း ကြွေးကြော်လိုက်သည်။
“၂၀၂၄ က တနင်္သာရီတိုင်းမှာ စစ်ရေးမီးဟုန်းဟုန်းတောက်တဲ့နှစ်ဆိုရင် အခု၂၀၂၅ က စစ်မိစ္ဆာတွေအတွက် ငရဲအတိပြီးစေရမယ်လို ကျုပ်တိုကတိပေးတယ်၊ ကြောက်ဒူးတုန်နေတဲ့ စစ်မိစ္ဆာအာဏာရူးတွေ ကျကိုကျဆုံးရမယ်”။
ဂါးဒီး
The Tanintharyi Times