“စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာဖို့ ရှိတယ်”

“စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာဖို့ ရှိတယ်”

-တနင်္သာရီတိုင်း နေ့စွဲစစ်ဆင်ရေး ဘယ်တော့လဲ

“နေ့စွဲအစွဲပြု စစ်ဆင်ရေး” တို့က မြန်မာ့နွေဦးတော်လှန်ရေးတိုက်ပွဲ၏ အချိုးအကွေ့ကို ဖော်ဆောင်နေကြသည်။

တိုင်းရင်းညီနောင် ၃ ဖော်၏ ၁၀၂၇ စစ်ဆင်ရေး။ ကရင်နီ(ကယား)ပြည်နယ်၏ ၁၁.၁၁ စစ်ဆင်ရေး။

ထိုစစ်ဆင်ရေးများသည် စစ်ဆင်ရေး စတင်သည့်နေ့စွဲကို အစွဲပြုမှဲ့ခေါ်ပြီး စစ်ဆင်ရေးစတင်ကြောင်း ကြေညာပြီးသည့်နေ့မှစ၍ မြို့သိမ်းစခန်းသိမ်းတိုက်ပွဲများ စိုက်လိုက်မတ်တတ် ဖော်ဆောင်အောင်ပွဲရယူလျက် ရှိသည်။

“၁၀၂၇ စစ်ဆင်ရေး”ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ပေါင်းကာ အောက်တိုဘာလ( ၁၀ လပိုင်း) ၂၇ ရက်နေ့တွင် စတင်ကြေညာခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင် စစ်ဆင်ခဲ့ကြသည်။

ရှမ်းတွင် မြို့ ၉ ခုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်ကို သိမ်းပိုက်ထားသည်။

သမိုင်းတွင်မည့် “ကွမ်းလုံ”မြို့သိမ်းတိုက်ပွဲမှသည် လောက်ကိုင်ကို သိမ်းပိုက်ရန် စစ်ဆင်နေပြီ ဖြစ်ပြီး ရခိုင်ပြည်နယ်တွင်လည်း တိုက်ခိုက်သိမ်းပိုက်ရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်နှင့် ဖော်ဆောင်နေသည်။

“၁၀၂၇ စစ်ဆင်ရေး”က စစ်ကိုင်း၊ မကွေးတို့သို့ ကူးစက်ကာ တော်လှန်ရေးတပ်ဖွဲ့များက မိမိအခြေစိုက်ဒေသများတွင် မြို့သိမ်း/စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင် အောင်ပွဲဆင်လာနိုင်ခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ်တွင်မူကား နိုဝင်ဘာလ(၁၁ လပိုင်း) ၁၁ ရက်နေ့တွင် “၁၁.၁၁ စစ်ဆင်ရေး(11.11 OPERATION)”စတင်ကြောင်း ပြည်သူသို့ အသိပေးထုတ်ပြန်သည်။

၁၁.၁၁ စစ်ဆင်ရေးကို တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့များ ဖြစ်ကြသည့် KA ၊ KDNF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ ရှမ်းတောင် PDF တို့ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

စစ်ဆင်ရေး စတင်ကြောင်းထုတ်ပြန်သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင်ပင် ပြည်နယ်အတွင်း မြို့နယ် ၄ ခုရှိ စစ်ကောင်စီတပ်စခန်း ၇ ခုကို စတင်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်နီတပ်ပေါင်းစုအဖွဲ့က ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ပြည်နယ်မြို့တော် လွိုင်ကော်ကို သိမ်းနိုင်လုလု ဖြစ်နေပြီ ဖြစ်သည်။

မြန်မာပြည်တောင်စွန်း တနင်္သာရီတိုင်းတွင်မူ “ရက်စွဲစစ်ဆင်ရေး” မကြားမိသေး။

လက်ရှိတွင်တနင်္သာရီတိုင်းအတွင်း၌ တော်လှန်ရေးတပ်သားများဖော်ဆောင်သည့် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများ မတွေ့ရသေးဘဲ ရှောင်တခင်စစ်ဆင်ရေး၊ ပြောက်ကျား စစ်ဆင်ရေးသတင်းများသာရှိနေသည်။

တနင်္သာရီမြို့နယ်မှလွဲ၍ အခြားမြို့နယ်များတွင် စစ်ကောင်စီစစ်ကြောင်းများ လှည့်လည်စစ်ကြောင်းထိုးနေဆဲ ဖြစ်ပြီး စစ်ကြောင်းထိုးခံရခြင်းကြောင့် စစ်ဘေးရှောင်ဦးရေသာ တစ်လထက်တစ်လ ပိုတိုးနေကြောင်း စစ်တမ်းများတွင် ဖော်ပြသည်။

“တနင်္သာရီတိုင်းမှာ ရှမ်းမြောက်ပိုင်းလို စစ်ရေးကြီးကြီးမားမား မဖြစ်တဲ့အပေါ် အားမလို အားမရဖြစ်တယ်” ဟု ထားဝယ်မြို့ခံ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ကပြောသည်။

တနင်္သာရီတိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်းပြီး စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့ဖူးသော်လည်း လက်နက်ခဲယမ်းမလုံလောက်မှု၊ လေကြောင်းတိုက်ခိုက်မှုစသည့် အကြောင်းအရာများကြောင့် စခန်းသိမ်းနိုင်ခါနီးမှ ပြန်ဆုတ်ခဲ့ရသည့် ဖြစ်စဥ်များရှိခဲ့ဖူးသည်။

တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်အစုအဖွဲ့ ၆၀ ထက်မနည်းရှိသည်။ ၄င်းတို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကွပ်ကဲမှုအောက်တွင်ရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် သီးခြားရပ်တည်သည့် စစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည်။

ယင်းတပ်ဖွဲ့များအနက် တချို့ တပ်ဖွဲ့များမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် KNLA၊ KNDO၊ KTLA တို့နှင့် ပူးပေါင်း လုပ်ဆောင်လျက်ရှိသည်။ တနင်္သာရီတိုင်းတွင် လက်နက်ကိုင်အဖွဲ့များသည်ဟုဆိုနိုင်သော်လည်း နောက်ပိုင်းတွင် အဖွဲ့များပူးပေါင်း၍ စစ်ကြောင်းများဖွဲ့စည်းကာ စစ်ရေးဖော်ဆောင်မှုများရှိလာသည်။

ထားဝယ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်ပကဖ)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်တပ်ရင်း(၁)တို့ ပူးပေါင်းဖွဲ့စည်းထားသည့် “ဥဩစစ်ကြောင်း”၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရောင်နီကမူ စစ်ဆင်ရေးဆောင်ရွက်ရန် လိုအပ်ချက်များ ပြင်ဆင်နေပြီး တစ်တိုင်းလုံးနှင့် စပ်ဆိုင်သည့် စစ်ဆင်ရေးအတွက် အထက်ဆင့်က ညွှန်ကြားလာလိမ့်မည်ဟု ယုံကြည်နေသည်။

“စစ်ဆင်ရေးအတွက် လိုအပ်တာတွေတော့ ပြင်ဆင်နေပါတယ်။ မကြာမီကာလတွင်းမှာ စစ်ဆင်ရေးတွေ ချိတ်ဆက်မိမိနဲ့အားကောင်းစွာ မြင်တွေ့ရပါလိမ့်မယ်ခင်ဗျ” ဟု ရဲဘော်ရောင်နီက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာ၊ တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်စတားကမူ NUG အစိုးရ၏ တစ်နှစ်တာစစ်ရေးစီမံချက်အရဆိုပါက ယခုကာလသည် တိုက်ခိုက်သိမ်းပိုက်ရေးကာလကို ရောက်နေပြီဖြစ်ရာ တနင်္သာရီတိုင်းတွင်လည်း စခန်းသိမ်းတိုက်ပွဲများ ဖြစ်လာတော့မည်ဟု ဆိုသည်။

“စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာဖို့ ရှိတယ်။ ဒီလောက်တော့ ကျွန်တော် ပြောလို့ ရတယ်ဗျ” ဟု ၎င်းက ပြောသည်။

စစ်ဆင်ရေးတစ်ခု ပြုလုပ်မည်ဆိုပါက ရန်သူ့အခြေအနေကို ထောက်လှမ်းစိစစ်ခြင်းသာမက မိမိတပ်၏ အခြေအနေကိုပါ သေခြာစွာ သုံးသပ်ကာ အထိအခိုက်အကျအဆုံး အနည်းဆုံးနှင့် အောင်မြင်သည့်စစ်ဆင်ရေးဖြစ်လာရန် ပြင်ဆင်ဆောင်ရွက်နေရခြင်းများရှိကြောင်း ရဲဘော်စတားက ပြောသည်။

အသက် ၄၄ နှစ်အရွယ်ရှိ ကော့သောင်းမြို့ခံ အမျိုးသားတစ်ဦးကမူ အခြားတိုင်းနှင့်ပြည်နယ်တို့၏ စုစည်းညီညွတ်စွာ လုပ်ဆောင်နေသော စစ်ဆင်ရေးသတင်းများကို ကြည့်ကာ မိမိတို့တိုင်းရှိ တော်လှန်ရေးအဖွဲ့တို့၏ စုစည်းလုပ်ဆောင်နိုင်မှုအပေါ် အားမလိုအားမရ ဖြစ်နေသည်။

“စုစည်းမှု အားပျော့နေသေးလို့ စစ်ဆင်ရေးတွေ မလုပ်ဆောင်နိုင်သေးဘူးလို့ ထင်တယ်” ဟု ကော့သောင်းမြို့ခံ အမျိုးသားက ပြောလာသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အများစုက တနင်္သာရီတိုင်း၏ အဓိကစိန်ခေါ်မှုမှာ လက်နက်ခဲယမ်းအလုံအလောက်မရှိမှုနှင့် အမိန့်ပေးကွပ်ကဲမှုစနစ်ခိုင်မာအားကောင်းမှုမရှိခြင်းဖြစ်သည်ဟု ဖွင့်ဟကြသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုစည်းမှုရှိစေရန် ကြိုးပမ်းနေကြသည့်တစ်ဖက်တွင် တနင်္သာရီတိုင်းတွင်း အင်အားအကောင်းဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် စစ်အာဏာသိမ်းပြီးနောက် ထူထောင်ခဲ့သည့် ကော်သူးလေတပ်မတော်တို့အကြား ပဋိပက္ခများရှိနေသည်။

ပြီးခဲ့သည့်အပတ်များအတွင်း ကော်သူးလေတပ်မတော် (KTLA) ၏ စခန်းငယ် ၆ ခုကို သိမ်းလိုက်သည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU)က တရားဝင် ပြောဆိုထားသည်။

ယင်းသို့ လုပ်ဆောင်ခဲ့သည့်အတွက် ဘုံရန်သူစစ်ကောင်စီကို တိုက်မည့်အစား တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း မသင့်မမြတ်ပြန်တိုက်နေသည်ဟု ဝေဖန်မှုတို့က ရှိနေလေသည်။

KNUတပ်မဟာ(၄)အတွင်းရေးမှူး(မြိတ်-ထားဝယ်ခရိုင်)ပဒိုအယ်နားကမူ တပ်မဟာ ၄ အနေဖြင့် KNU ဗဟိုက ချမှတ်သည့် လမ်းစဉ်နှင့် ဆုံးဖြတ်ချက်အတိုင်း သွားမည်ဖြစ်ကြောင်း ဒေသတွင်းမီဒီယာ Dawei Watch နှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

အထက်ဖော်ပြပါ ထားဝယ်မြို့ခံ သက်လတ်ပိုင်းအမျိုးသမီးကလည်း ရှမ်း၊ ရခိုင်၊ ကယားတို့ကဲ့သို့ စစ်ဆင်ရေးများအရှိန်အဟုန်မြင့် လုပ်ဆောင်နိုင်ရေး အဖွဲ့တွေအားလုံး စည်းစည်းလုံးလုံး လုပ်ဆောင်ပြီး ပြည်သူတို့လိုချင်သည့် ဒီမိုကရေစီကို အမြန်ဆုံးနည်းဖြင့် ရအောင်ယူပေးကြဖို့ တောင်းဆိုသည်။

“ကျမကတော့ တနင်္သာရီတိုင်းဘက်မှာလည်း အဲဒီလိုဖြစ်ခိုင်းချင်တယ်။ ဖြစ်ဖို့မျှော်လင့်တယ်။ ပြောချင်တာကတော့ အဖွဲ့တွေစည်းစည်းလုံးနဲ့ ဖြစ်တာကို မြင်ချင်တယ်။ ဆရာ မများကြနဲ့လို့ အကြံပေးချင်တယ်”ဟု ၎င်းအမျိုးသမီးက ပြောသည်။

တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(တိုင်းပကဖ)၏ တာဝန်ခံလည်း ဖြစ်သည့် ရဲဘော်စတားကမူ ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုများ တစ်စုတစည်းတည်းလုပ်ဆောင်နိုင်ရန် ကြိုးစားနေရပြီး အချို့အခြေအနေတို့က စစ်ဆင်ရေးကြီးများ ဖော်ဆောင်နိုင်ရေး ကြန့်ကြာမှုတို့ ဖြစ်ပေါ်စေသော်လည်း ရည်မှန်းဦးတည်ရာကို ရောက်ကိုရောက်မည်မှာ ယုံကြည်သည်ဟု ဆိုသည်။

“အခြေအနေ အချိန်အခါကို သေသေချာချာတွက်ချက်သုံးသပ်ပြီး လုပ်ရမယ့် စစ်ဆင်ရေး ဖြစ်ပါတယ်။ ကျွန်တော် အမြဲပြောလေ့ရှိတဲ့ စကားရှိပါတယ်။ ရဲဘော်တွေ ကိုင်ထားတဲ့သေနတ်ပြောင်းက ကျည်မပေါက်ဘဲနဲ့ ဒီတော်လှန်ရေး မပြီးဘူးဆိုတဲ့စကားပါပဲ။ တိုက်ကို တိုက်ရမှာပါ” ဟု ရဲဘော်စတားက ပြောသည်။

ဥဩစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရောင်နီကမူ အထက်ဆင့် ညွှန်ကြားချက်ထွက်လာသည်နှင့် စစ်ဆင်ရေးများ စတင်ဖြစ်ပေါ်လာမည်ဖြစ်ပြီး ဆင်နွှဲသည့်စစ်ဆင်ရေးတိုင်း အောင်နိုင်မည်ဟု ယုံကြည်သည်ဟုဆိုသည်။

“အဓိကကတော့ ပြည်သူထောက်ခံမှုပဲ။ ပြည်သူတွေ ထောက်ခံနေသရွေ့ အောင်နိုင်မှာ သေချာပါတယ်” ဟု ရဲဘော်ရောင်နီက ပြောသည်။

တနင်္သာရီတိုင်းထဲမှ တော်လှန်ရေးရဲဘော်များကမူ “၁၀၂၇ စစ်ဆင်ရေး”၊ “၁၁.၁၁ စစ်ဆင်ရေး” အောင်မြင်မှုအပေါ် စစ်ရေးရေချိန်အရွေ့အဖြစ် အားတက်နေကြသည်။

ရဲဘော်အချို့ကလည်း တနင်္သာရီတိုင်းအတွင်း စခန်းသိမ်းမြို့သိမ်းတိုက်ပွဲများ မဆင်နွဲနိုင်သေး၍ ပြည်သူအပေါ် မျက်နှာပူနေကြသည်။

စနိုက်ပါသေနတ်ကိုင်ထားသည့် ပြည်သူ့ကာကွယ်ရေးလက်ဖြောင့်တပ်သားတစ်ဦးက အောက်ပါအတိုင်း ဖွင့်ဟသည်။

“ပြည်သူတွေ ဆက်ပြီး သည်းခံပေးပါ။ ဆက်ပြီးနားလည်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဦးဆောင်သူတွေက တော်လှန်ရေးကိုပဲ မျက်နှာမူတဲ့တစ်နေ့ ကျနော်တို့တိုင်းမှာ ၁၀၂၇ လိုမျိုး ၁၁.၁၁ လိုမျိုး စစ်ဆင်ရေးတွေ စနိုင်ပါပြီ”။

ဂါးဒီး

The Tanintharyi Times