သပြေနုခက်ဝေ

သပြေနုခက်ဝေ

တဖြည်းဖြည်းထုံသင်းလာတဲ့

နေ့သစ်ရဲ့သစ္စာတရားကို

ဘယ်လိုမသမာမှုတွေနဲ့မှတားဆီးလို့မရနိုင်ဘူး။

တောတိုးလာတဲ့

တံပိုးခရာသံတွေကြား

ငါတို့

လမ်းလျှောက်ရင်း ကကြမယ်

ကခုန်ရင်း လမ်းလျှောက်ကြမယ်။

ကော်ဇောအနီရဲရဲခင်းထားမှမဟုတ်ဘူး

ဖန်ကွဲစများပေါ်မှာလည်း

အသည်းရင့်ရင့်

ပွင့်ကြဖူးကြမယ်။

မေ့မေ့လျော့လျော့အိပ်စက်သူနေကြသူတွေလည်း

ပေါ့ပေါ့ပါးပါးအိပ်စက်ကြပါစေ။

သူတို့ရဲ့

ဖယောင်းရဲတိုက်ထဲမှာ

နေသားတကျ အိပ်မက်မက်နေကြပါစေ။

ဒီနေ့မှာ

လက်သီးတွေဆုပ်ထားလို့ရတယ်

ဆုပ်ထားတဲ့လက်သီးတွေဖြည်လို့ရတယ်

တွဲထားတဲ့လက်တွေကတော့ မြဲနေမှ။

အသွေးအသားထဲက

နိုးကြားတက်ကြွမှုကို

ကျောက်စိုင်ကျောက်သားလို

အခြေပြုထားတဲ့မနက်ခင်းတွေနဲ့

သူငယ်ချင်းရေ

လင်းလင်းချင်းချင်း

ရဲရဲရင့်ရင့် သပြေနုခက်တို့ဝေ။

နိုင်မွန်အောင်သွင်

The Tanintharyi Times