ကုလအေဂျင်စီတို့ မျက်နှာမူရာ အရပ်
ကုလအေဂျင်စီတို့ မျက်နှာမူရာ အရပ်
အာဏာသိမ်းမှု ၃ နှစ်တာကာလအတွင်း မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို ထိတွေ့ဆက်ဆံ အဖက်လုပ်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတချိုကို ပြပါဆိုရင် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေလို့ပဲ လက်ညိုးထိုးပြရမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာ ကုလသမဂ္ဂကြီးဟာ မျိုးစုံသော ထုတ်ပြန်ချက်ပေါင်းကုဋေကုဋာနဲ့ စစ်ကောင်စီကို ရှုတ်ချ၊ ကန့်ကွက်နေသလို တစ်ဖက်မှာလည်း သူ့ရဲ့လက်အောက်ခံ အေဂျင်စီတချို့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ထိတွေ့ဆက်ဆံမှုတွေ ရှိနေခဲ့တာပဲဖြစ်ပါတယ်။ အဲဒီလို ထိတွေ့ဆက်ဆံမှုအတွက် သူတို့ အသုံးပြုတဲ့အရာကတော့ လူသားချင်းစာနာထောက်ထားမှုဆိုတာနဲ့ ထောက်ပံ့ကူညီရေးဆိုတဲ့ သည်းခြေကြိုက်စကားလုံးပဲ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလနှောင်းပိုင်းကာလအလွန်တွေမှာ တော်လှန်ရေးကို ဦးဆောင်သူတွေနဲ့ လူထုဟာ စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်နေတဲ့ အရာတွေကို သပိတ်မှောက်ဆန့်ကျင်ဖို့ တိုက်တွန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ စစ်ကောင်စီနဲ့ ပတ်သက်ဆက်စပ်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို လူမှုရေးပြစ်ဒဏ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီကာလအတွင်း ပြည်တွင်းမှာ အခြေစိုက်ရှိနေတဲ့ ကုလ လက်အောက်ခံအဖွဲ့အစည်းတချို့ဟာ သူတို့လည်းစစ်ကောင်စီနဲ့ မပတ်သက်ဘူးဆိုတာမျိုး၊ စစ်ကောင်စီနဲ့ ပတ်သက်နေတဲ့ ဝန်ထမ်းတချို့ကိုလည်း အလုပ်က ရပ်ဆိုင်းတယ်ဆိုတာမျိုး လုပ်ဆောင်ခဲ့ပါတယ်။
ဒါပေမဲ့ ကြောင်ကြာကြာ ရေမငုတ်ဆိုသလို ဒီလိုလုပ်ဆောင်ပြမှုဟာ ဟန်ပြရုံသပ်သပ်၊ လူထုနဲ့တသားတည်းရှိနေတယ်လို့ အထင်ခံရရုံသပ်သပ် လုပ်ဆောင်ခဲ့တယ်ဆိုတာ အဲဒီကာလတွေအလွန် ၂၀၂၂ နှစ်စပိုင်းမှာ စစ်ကောင်စီနဲ့ တိတ်တဆိတ် MoU ထိုးကြတာတွေ၊ စစ်ကောင်စီထံ အခွန်ပေးဆောင်ကြတာတွေ၊ စစ်ကောင်စီနဲ့တွေ့ဆုံပြီး အလုပ်ခန့်အပ်လွှာအပ်နှင်းတာတွေက မြင်သာထင်သာဖြစ်လာစေခဲ့ပါတယ်။
ဒီနေရာမှာ ဖြည့်စွက်တွေးတောချက်တစ်ခု၊ ဒါမှမဟုတ် အခြားဘက်ကဖြစ်တဲ့ အမြင်တစ်ခုအရ ကုလလက်အောက်ခံ အေဂျင်စီတွေအနေနဲ့ စစ်ကောင်စီနဲ့ အခုလိုမဆက်ဆံ၊ မပတ်သက်ဘဲ သူတို့ရဲ့အလုပ်တွေကို ဘယ်လိုလုပ်ဆောင်မလဲလို့ မေးခွန်းထုတ်စရာ ရှိနိုင်ပါတယ်။ အဲဒီအတွက် အဖြေသဘော ခွန်းတုံ့ပြန်ပြောရရင် အခုလို စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေချိန်မှာရော ကုလလက်အောက်ခံအေဂျင်စီတွေ အနေနဲ့ သူတို့ရဲ့မူလအလုပ်ကို ထိထိရောက်ရောက်၊ တိတိကျကျ၊ သေချာဂဏ၊ လုပ်ဆောင်နိုင်တာမှ မဟုတ်တာဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
ဒီအချက်နဲ့ ပတ်သက်လို့ သက်သေသဘော ထပ်လောင်းအတည်ပြုပြောရရင် စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခု နှစ် ဇူလိုင်လကစပြီး ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံမှာရှိနေပြီး စစ်ကောင်စီနဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့ ကုလအေဂျင်စီ ၁၆ ခုရှိနေတာဖြစ်ပါတယ်။ အဲဒီအထဲကမှ ထင်သာမြင်သာ အေဂျင်စီတွေဖြစ်တဲ့ UNICEF, UNWOMEN , UNOCHA, ILO, UNHCR, UNFAO, IOM တို့ရဲ့ လုပ်ငန်းလုပ်ဆောင်နေမှု ရလဒ်တွေဟာ စစ်ကောင်စီလက်အောက်မှာ သူတို့ဟာ သူတို့အလုပ်ကို အမှန်တကယ်ပဲ လုပ်နိုင်သလားဆိုတာရဲ့ အဖြေကို ထင်းထင်းကြီး မြင်နေရစေတာ ဖြစ်ပါတယ်။
ဥပမာ သာဓကပြရရင် ယူအန်အိုချာလို့ ခေါ်တဲ့ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths ဟာ အခုနှစ် ဩဂုတ်လထဲ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ OCHA အကြီးအကဲ လာရောက်ချိန်က မြန်မာပြည်မှာ မိုခါမုန်တိုင်းတိုက်ခတ်ပြီး နောက် ၃ လနီးပါး အကြာမှာဖြစ်ပြီး မုန်တိုင်းဒဏ်သင့် ဧရိယာတွေဖြစ်တဲ့ ရခိုင်၊ စစ်ကိုင်း ၊ မကွေး၊ ကရင်နီ၊ ချင်း ဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေချိန် ဖြစ်ပါတယ်။
Martin ဟာ ရ ခိုင်ပြည်နယ်ကို သွားရောက်ခဲ့သလို စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ Martin ဩဂုတ်လထဲ မြန်မာပြည်ကို လာရောက်ပြီးနောက်ပိုင်း (UNOCHA) ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် မစ္စတာ ဆာဂျက်မိုဟာမက်ဆာဂျစ် (Mr. Sajjad Mohammad Sajid) ဟာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး၊ လူကယ်ပြန်ဝန်ကြီးတွေနဲ့ စက်တင်ဘာလ ပထမပတ်မှာ တွေ့ဆုံခဲ့ပါတယ်။ ခေါင်းစဉ်ကတော့ စစ်ကောင်စီနဲ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေအပေါ် ညှိနှိုင်းဆွေးနွေးဖို့လို့ ဆိုခဲ့ပါတယ်။ အဲဒီနောက် နိုဝင်ဘာလ ဒုတိယပတ်ထဲမှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။
ဒါပေမဲ့ ကူညီထောက်ပံ့ပေးရေးကိစ္စတွေဟာ စစ်ကောင်စီရဲ့ ပိတ်ပင်တားမြစ်မှု ခံနေရဆဲဆိုတာ လက်ရှိအချိန်ထိ ပြန်လည်ထူထောင်ရေးမစနိုင်သေးတဲ့ ရခိုင်ပြည်နယ် အပါအဝင် စစ်ကိုင်း၊ မကွေး ၊ ချင်း၊ ကရင်နီဒေသက မုန်တိုင်း ဒဏ်သင့်ပြည်သူတွေနဲ့ တိုင်းပြည်အနှံ့ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေတဲ့ ပြည်သူ ၂ ဒသမ ၅ သန်းရဲ့ အခြေအနေက မီးမောင်းထိုးပြ မြင်နေရတာဖြစ်ပါတယ်။
တစ်ဆက်တည်းပြောရရင် စစ်အာဏာသိမ်းပြီးနောက် ၁၀ လနီးပါးအကြာ ခရစ်စမတ်နေ့မတိုင်မီ တစ်ရက်အလိုမှာ စစ်ကောင်စီတပ်ဟာ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင်း ကလေး ၄ ဦး အပါအဝင် လူ ၃၅ ဦးထက်မနည်းကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယူနီဆက်လို့ခေါ်တဲ့ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က မြန်မာနိုင်ငံကလက်မှတ်ထိုးထားတဲ့ ကလေးသူငယ်များ အကာအကွယ်ပေးရေး ဆိုင်ရာပဋိညာဉ်စာချုပ်အရ ပဋိပက္ခဖြစ်နေတဲ့ ကာလအတွင်း အရပ်သားတွေ၊ အထူးသဖြင့် ကလေးငယ်တွေကို ဦးစားပေးကာကွယ်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ကျူးလွန်သူနေရာမှာ စစ်ကောင်စီတပ်ကို ဖယ်ချန်ထားခဲ့ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီကာလတွေနောက်ပိုင်း ကလေးငယ်ပေါင်းများစွာဟာ စစ်ကောင်စီတပ်ရဲ့ ကျူးလွန်သတ်ဖြတ်မှုကိုခံနေခဲ့ရပေမဲ့ ကလေးငယ်တွေရဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီး အထူးပြုလုပ်ဆောင်နေတဲ့ ယူနီဆက်အဖွဲ့ရဲ့ ထိရောက်တဲ့ အကာ အကွယ်ပေးနိုင်မှု လုပ်ဆောင်ချက်တွေက ရေပေါ် အရုပ်ရေးသလို ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ဒီအချက်ကို ပိုပြီးသေချာစေတဲ့အကြောင်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလထဲ စစ်ကောင်စီတပ်ရဲ့ ၄၅ မိနစ်ကြာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ပစ်ခတ်မှုကြောင့် ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းက ကလေးငယ်တွေသေဆုံးမှုအပေါ် ယူနီဆက်ရဲ့ ထုတ်ပြန်ချက်ပါပဲ။ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ၃ ရက်ကြာမှ ထုတ်ပြန်လာတဲ့ အဲဒီ ထုတ်ပြန် ချက်မှာ စစ်ကောင်စီတပ်ရဲ့ အမည်နာမကို ထည့်သွင်းအသုံးပြုဖို့ ချန်လှပ်ထားခဲ့တဲ့အထိပါပဲ။ ဒါက ကလေးသူငယ်တွေ အရေးထက် စစ်ကောင်စီနဲ့ မျက်နှာမပျက်ရေးက ပိုအရေးကြီးတယ်ဆိုတာကို ပြသချက်လည်း ဖြစ်ပါတယ်။
ဒီနေရာမှာ ကုလအေဂျင်စီတွေရဲ့ လုပ်ငန်းစဉ်လည်ပတ်မှု မူရင်းအကျိုးအကြောင်းကိုလည်း ချန်ရစ်ထားခဲ့လို့ မဖြစ်ပါဘူး။ ဒါက ကုလအေဂျင်စီတွေဟာ မြန်မာနိုင်ငံမှာဖော်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်ရင် ရန်ပုံငွေစနစ်ကို အသုံးပြုနေတယ်ဆိုတာပါပဲ။ နားလည်လွယ်အောင် ပြောရရင် အလှူ့လက်ဖက်နဲ့မျက်နှာလုပ်ဆိုသလို နိုင်ငံတကာအစိုးရတွေ အလှူရှင်တွေရဲ့ လှူဒါန်းမှုငွေကြေးတွေကိုပြန်လည်မျှဝေသုံးစွဲတာမျိုးဖြစ်ပါတယ်။ ( ယူအန်အိုချာဆိုရင် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် အလှူရှင်တွေထံ အမေရိကန်ဒေါ်လာ ၈၈၇ သန်းထိ တောင်းဆိုထားတာဖြစ်ပါတယ်) ဒီလို အလှူရှင်တွေဆီက ငွေကြေးအထောက် အပံ့ရဖို့အတွက် သက်ဆိုင်ရာနိုင်ငံအတွင်းမှာ ထောက်ပံ့ကူညီပေးရေးလုပ်ငန်းတွေ ဖော်ဆောင်ရတာဖြစ်ပါတယ်။ အဲဒီလို ဖော်ဆောင်နိုင်ဖို့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းရဲ့ ခွင့်ပြုချက်၊ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာ၊ နေထိုင်ခွင့်ဗီဇာစတာတွေ လိုအပ်တာပဲဖြစ်ပါတယ်။
ဒီလိုအပ်ချက်တွေမရှိဘဲ နိုင်ငံတွင်းမှာ ထောက်ပံ့ကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်လို့ မရတာမို့ ကုလအေဂျင်စီတွေဟာ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေရတာဖြစ်တယ်လို့ ဆိုလာရင်တော့ ဒါဟာ မုသားစကားသာဖြစ်တယ် လို့ ဆိုရမှာပါ။
ယူအန်အိုချာရဲ့ အကြီးအကဲဥက္ကဌတဖြစ်လည်း ကုလအထွေထွေအတွင်းရေးမှူးချုပ်ရုံးရဲ့ အဆင့်မြင့်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ Martin Griffiths မြန်မာနိုင်ငံကို လာရောက်ချိန်မတိုင်မီကတည်းက ကုလလက်အောက်ခံ အေ ဂျင်စီတွေ စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့အပေါ် အရပ်ဘက်အဖွဲ့အစည်းတွေက ကန့်ကွက်နေခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ တ ကယ်ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ ထောက်ပံ့ရေးဆိုင်ရာကိစ္စ ရပ်တွေအတွက် NUG, EROs နဲ့ CSOs တို့နဲ့ ပူးပေါင်းလုပ်ကိုင်ဖို့တောင်းဆိုနေခဲ့ကြတာဖြစ်ပါတယ်။ Mr. Martin မြန်မာပြည်ကို လာရောက်ချိန်မှာလည်း အရပ်ဘက်အဖွဲ့အစည်းပေါင်း ၅၀၀ ကျော်က ကန့်ကွက်ခဲ့ပြီး စစ်ကောင်စီ လက်အောက်မှာ ထိရောက်တဲ့ ကူညီထောက်ပံ့မှုလုပ်ငန်းတွေဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒါ့ပြင် မြေပြင်မှာ လိုအပ်နေတဲ့ အကူအညီ၊အထောက်အပံ့လုပ်ငန်းတွေအတွက် မိတ်ဖက် နိုင်ငံတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အလှူရှင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပူပေါင်းပံ့ပိုးကူညီကြဖို့ အမျိုးသား ညီညွတ်ရေးအစိုးရကိုယ်တိုင်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက တိုက်တွန်းတောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။
တကယ့်တကယ်တမ်းမှာလည်း မြေပြင်မှာ လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ပြန်လည် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ ကြီးကြပ်ညွှန်ကြားမှုအောက်မှာ ထိထိရောက်ရောက် အကောင် အထည်ပေါ်လာမှာ မဟုတ်ဘူးဆိုတာ သေချာနေခဲ့တာပဲဖြစ်ပါတယ်။ အာဏာရှင် ခေတ်အဆက်ဆက်ရဲ့ လက်အောက်မှာ ပူးပေါင်းလုပ်ကိုင်လာခဲ့ကြတဲ့ ကုလအေဂျင်စီတွေအတွက် ဒါက အမှန်တရားဆိုတာ ငြင်းချက်ထုတ်စ ရာ မရှိလောက်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် မြေပြင်မှာ အမှန်တကယ် လိုအပ်နေတဲ့ ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ဘယ်နည်းနဲ့မဆို မြန်မြန်ဆန်ဆန်ရောက်ရှိရေးနဲ့ ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူတွေကို ပံ့ပိုးစောင့်ရှောက်မှုပေးနိုင်ရေးက အခရာပါပဲ။
အဲဒီအရေးထက် ကုလအေဂျင်စီတချို့ဟာ စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားမှာ ပူးပေါင်းပါဝင်ပြီး စစ်ကောင်စီကို လူရာဝင် သက်ဆိုးရှည်အောင် ပံ့ပိုးနေခဲ့သလားဆိုတာက မေးခွန်းထုတ်စရာပါပဲ။ ထို့နည်းတူ တကယ်ထိရောက်တဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတဲ့ ပြည်သူလူထုဆီ အမြန်ဆုံးရောက်ရှိဖို့ အရေးထက် အေဂျင်စီရန်ပုံငွေရရှိရေးနဲ့ ရန်ပုံငွေရရှိအောင် လုပ်ငန်းစဉ် ဆောင်ရွက်ခြင်းဆိုတဲ့ ဝတ္တရားမှာပဲ ရပ်တည်နေခဲ့သလားဆိုတာလည်း မေးခွန်း ထုတ်စရာပါပဲ။
တကယ့်တကယ်တော့ အလုပ်မဖြစ်မှန်းသိလျက် စစ်ကောင်စီနဲ့ပူးပေါင်းပြီး ပြည်သူကိုမျက်နှာမမူဘဲ ရှိနေခြင်းကကို ဒီမေးခွန်းတွေအတွက် အဖြေလို့တောင် ဆိုရမှာပဲဖြစ်ပါတယ်။ ပြီးတော့ ဒီအချက်က စစ်ကောင်စီကို ကျော်လွန် အတိုက်အခံလုပ်ပြီး တကယ်ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေ သေချာဂဏဖြစ်ဖို့နဲ့ ပြည်သူရဲ့အကျိုးစီးပွားဟာ ဦးစားပေးအဆင့်မှာ ရှိမနေဘူးဆိုတာကို ပြသတဲ့ ပြဒါးတိုင်လည်း ဖြစ်ပါတယ်။
မာအောင်
The Tanintharyi Times

