အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန်လုပ်ဆောင်ကြဖို့ ကုလ တိုက်တွန်း

အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန်လုပ်ဆောင်ကြဖို့ ကုလ တိုက်တွန်း

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံအတွင်းမှာ ပဋိပက္ခတွေ တိုးမြှင့်ဖြစ်ပွားနေတဲ့အပေါ် သက်ဆိုင်သူအားလုံး နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရေး အစွမ်းကုန် ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ကြောင်း UN Myanmar က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ပြောခွင့်ရသူရဲ့ မြန်မာနိုင်ငံဆိုင်ရာ သတင်းထုတ်ပြန်ချက်မှာ မြန်မာပြည်စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၂ သန်းကျော်သွားပြီလို့လည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနဲ့အညီ အရပ်သားပြည်သူတွေကို အကာအကွယ်ပေးသင့်ပြီး ထိုဥပဒေကို ချိုးဖောက်မှုများအတွက် တာဝန်ရှိသူတွေကိုလည်း တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရေး လုပ်ဆောင်ရမယ်လို့ ကုလအတွင်းရေးမှူးချုပ်က ထပ်လောင်းပြောဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီတွေနဲ့ မဖြစ်မနေ လိုအပ်နေတဲ့ ဝန်ဆောင်မှုတွေကို ပေးအပ်ဆောင်ရွက်နိုင်ဖို့ လမ်းကြောင်းအားလုံးကနေ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့်ရဖို့ကိုလည်း သူက တောင်းဆိုထားပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး”စတင်ခဲ့တဲ့ အောက်တိုဘာ ၂၇ ကနေစပြီး ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်း၊ ကရင်နီပြည်၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အရပ်သား ၇၅ ဦး သေဆုံးပြီး ၉၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး UNOCHA က အခုလ ၁၄ ရက်နေ့က ထုတ်ပြန်ပါတယ်။

“၁၀၂၇ စစ်ဆင်ရေး”နောက်ပိုင်း ယင်းဒေသတွေကနေ လူဦးရေ ၂ သိန်း နေရပ်စွန့်ခွာ ထွက်ပြေးရတယ်လို့လည်း ဖော်ပြပါတယ်။

ရှမ်းမြောက်တခုတည်းမှာ အရပ်သား သေဆုံးမှု ၄၃ ဦးအထိရှိပြီး နိုင်ငံတွင်းနေရပ်စွန့်ခွာထွက်ပြေးသူ ၆၀၀၀၀ အထိ ရှိနေတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေနဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) နဲ့အညီ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် အာဆီယံ၊ ဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ ကတိကဝတ် ဆက်လက်ပြုထားပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

မနှစ်က မြန်မာပြည်အတွက် ချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၂၆၆၉ မှာ နိုင်ငံတဝှမ်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ မတရားဖမ်းဆီးထားတဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ဖို့၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို အကန့်အသတ်အထိန်းအချုပ်မရှိ ခွင့်ပြုဖို့၊ လူနည်းစု အသိုက်အဝန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီလိုလားတောင့်တမှုကို လေးစားဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

မြန်မာပြည်ကို အာဏာသိမ်းကြိုးစားမှု လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီအနေနဲ့ ကုလဆုံးဖြတ်ချက်နဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက် အပါအဝင် နိုင်ငံတကာ တောင်းဆိုမှု အားလုံးကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိကြောင်း တွေ့ရပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ စစ်ကောင်စီကနေတဆင့် အရပ်သားတွေကို လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်ဆောင်နေတဲ့အပေါ် တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေ ရှိ‌နေပါတယ်။

UN အနေနဲ့ မြေပြင်မှာ လုပ်ဆောင်နေသူတွေနဲ့ ချိတ်ဆက်ဖို့၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေဆီကို လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဆောင်ရွက်သွားဖို့ တော်လှန်ရေးအင်အားစုတွေဘက်က တိုက်တွန်းထားတာ ရှိပါတယ်။

The Tanintharyi Times