ထောင်ထဲမှာ အင်္ကျီတစ်ထည်
ထောင်ထဲမှာ အင်္ကျီတစ်ထည်
ကိုယ့်ဘဝမှာ ဘယ်လောက်တန်တဲ့ အင်္ကျီကို ဝတ်ဖူးတယ်ဆိုပြီး ကျေနပ်ဂုဏ်ယူဖူးပါသလား။
တရားခွင်ကနေ အမိန့်ချလိုက်ပြီးတဲ့အခါမှာ သူ့ကို အဆောင်ကို ပြန်ပို့ပါတော့တယ်။အဆောင်ကို ပြန်ရောက်တဲ့အခါ တခြားသူတွေလည်း မျက်နှာမကောင်းကြတော့ပါဘူး။ ဘာလို့ဆို သူတို့လည်း လွတ်လမ်းရယ်လို့ မရှိတော့ဘဲ သိပ်မကြာခင်မှာ အမိန့်ချခံရတော့မှာပဲလို့ ခံစားမိတာကြောင့် ဖြစ်မှာပါပဲ။
ထောင်ပုံစံ ဆံပင်ညှပ်ပြီးတဲ့အခါ ရေချိုးရပါတယ်။ ဆောင်းရာသီလည်းဖြစ်၊ ညနေလည်း ဖြစ်တာကြောင့် တော်တော်ပဲ အေးနေပါတယ်။ ပြီးတဲ့အခါ ထောင်ဝတ်စုံကို ဆင်မြန်းရတော့မှာပါပဲ။ သူ့အတွက် ထောင်ဝတ်စုံတစ်စုံကို ဂိုထောင်ထဲကနေ ထုတ်ယူလာပါတယ်။ ဝတ်စုံက အသစ်မဟုတ်ပါဘူး။ ခပ်နွမ်းနွမ်းပါပဲ။ အပြာရောင်ဆေးသားတွေဟာ လွင့်ပြယ်သွားခဲ့ပြီမို့ ဖြူရော်ရော် ဖြစ်လို့နေပါပြီ။ အရင်လူတွေ ဝတ်ထားပြီးသား ဖြစ်မှာပါပဲ။
ထောင်ထဲမှာ ပုံစံဆိုတဲ့ စကားလုံးကတော့ နေရာတကာပါပဲ။ အင်္ကျီနဲ့ ပုဆိုးကိုလည်း ပုံစံလို့ ခေါ်ပြန်ပါတယ်။ ပုံစံအင်္ကျီ၊ ပုံစံပုဆိုး။ ထမင်းနဲ့ ဟင်းဟာလည်း ပုံစံပါပဲ။ ပုံစံထမင်း၊ ပုံစံဟင်း။ ဆံပင်ကလည်း ပုံစံပါပဲ။ ပုံစံကေ။ ထိုင်တဲ့အခါ၊ မတ်တပ်ရပ်တဲ့အခါ၊ သွားတဲ့အခါ၊ စကားပြောတဲ့အခါတွေမှာလည်း ပုံစံပါပဲ။ ပုံစံနဲ့ ထိုင်၊ ပုံစံနဲ့ ရပ်၊ ပုံစံနဲ့ သွား၊ ပုံစံနဲ့ ပြော။ ဆရာကြီး ကိုလေး(အင်းဝဂုဏ်ရည်) ရဲ့ “စားရတော့ ပုံစံ၊ ပါးချလို့ စုံကန်၊ ပုန်ကန်ရင် သတ်ပစ်မတဲ့” ဆိုတဲ့ ကဗျာစာသားတွေကိုတောင် သတိစရာပါပဲ။
စိတ်ညစ်စရာပါ။ ဝတ်စုံက တစ်စုံတည်းနဲ့ ဘယ်လို အဆင်ပြေနိုင်မလဲ။ ပုဆိုးကလည်း ကွင်းက ခပ်ကျဉ်းကျဉ်း။ ဝတ်ရတာ တော်တော်ကို အဆင်မပြေပါဘူး။ ပုဆိုးအဖြစ် ချုပ်ထားလို့သာ ပုဆိုးလို့ ခေါ်ရတာပါ။ အထည်စဟာ ပါးပါးကလေးပါပဲ။ အင်္ကျီဆိုတာကလည်း ချုပ်ထားပုံက မည်ကာမတ္တပါပဲ။ ခေါင်းလျှိုလို့ ရမယ့် အပေါက်တစ်ပေါက်ရယ်၊ လက်နှစ်ဖက်အတွက် အပေါက်နှစ်ပေါက်ရယ်၊ ဒါပါပဲ။ ချုပ်ရတဲ့သူတွေတော့ တော်တော်များ ခက်နေမလားလို့တောင် တွေးမိပါရဲ့။
ဒါနဲ့ပဲ ရေလဲအတွက် ပုဆိုးတစ်ထည်ကို တောင်းရပြန်ပါတယ်။ တော်တော်ဟောင်းကြေနေပြီဖြစ်တဲ့ ပုဆိုးတစ်ထည်ကို ထုတ်ပေးပြန်ပါတယ်။ ပုဆိုးရဲ့ အထက်အောက် နှစ်ဖက်စလုံးဟာ အလိပ်အလိပ်တွေ ဖြစ်နေတဲ့အထိ တွန့်ကြေလို့ နေပါတယ်။ မတတ်နိုင်ဘူး။ ရေချိုးတဲ့အခါမှာ ဝတ်ဖို့အဆင်ပြေရင် ပြီးတာပါပဲလို့ သဘောထားလိုက်ပါတယ်။
သုံးရက်လောက်တော့ သူ့ထောင်ဝတ်စုံတွေကို မလျှော်ဖြစ်ခဲ့ရပါဘူး။ လျှော်လိုက်ရင် ဝတ်စရာ တခြားမရှိတာကြောင့်ပါပဲ။ သုံးရက်မြောက်နေ့မှာ သူ အဆောင်ပြောင်းရပါတယ်။ ဘာလို့ဆိုတော့ ထောင်ကျအကျဉ်းသားတွေထားတဲ့ အဆောင်က သပ်သပ်ဖြစ်တာကြောင့်ပါ။
လက်ရှိနေနေရတဲ့အဆောင်မှာက အချုပ်သားတွေကိုပဲ ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အချုပ်သားချည်းတော့ မဟုတ်ပါဘူး။ အခန်းတစ်ခန်းစီမှာ ထောင်ကျအကျဉ်းသား တချို့ကိုလည်း မဖြစ်မနေ ထားပါတယ်။ သူတို့တွေက တန်းစီးတို့၊ ဘာယာတို့ အတွက်ပါပဲ။
ခြောက်လခုနစ်လလောက် အတူနေရသူတွေနဲ့ ခွဲရဦးမယ်ဆိုတဲ့အခါ စိတ်ထဲမှာလည်း မကောင်းပြန်ပါဘူး။ အတူနေခဲ့ရသူတွေဟာ နိုင်ငံရေးပုဒ်မတွေဖြစ်တာကြောင့် ဘဝတူတွေဖြစ်လို့ ဆက်ဆံပေါင်းသင်းရတာ အဆင်ပြေကြပါတယ်။ နေရာအသစ်မှာ အခြေအနေတွေက ဘယ်လိုရှိမယ်၊ ကြုံရမယ့်သူတွေကတော့ ဘယ်လိုလူတွေဖြစ်မလဲဆိုတာ မသိနိုင်သေးပါဘူး။ အဆောင်တွေမှာကလည်း အဆောင်မှူးတွေအပေါ်မူတည်ပြီး အကောင်းအဆိုးတွေ ရှိတတ်ပြန်ပါတယ်။ လွတ်လပ်တာ၊ ကျပ်တည်းတာ၊ အိမ်ကို ဖုန်းဆက်ခွင့်ရတာ၊ မရတာ စသဖြင့် ကွဲပြားကြပါတယ်။ လူ့သဘာဝအရမှာတော့ အသားကျပြီးသား နေရာကနေ နေရာသစ်ကို ပြောင်းဖို့မှာ ဝန်လေးတတ်ကြပါတယ်။ ဖြစ်နိုင်ရင် မပြောင်းချင်ကြပါဘူး။
ဒါကိုလည်း ထောင်ဝန်ထမ်းတွေက သိကြပါတယ်။ ဒါကြောင့်မို့ အကျဉ်းသားတစ်ယောက်ယောက်ကို အပြစ်ပေးတဲ့အခါ အဆောင်ရွှေ့ပေးလိုက်တာမျိုး မကြာခဏ လုပ်တတ်ကြပါတယ်။ အကြောင်းတစ်ခုခုကြောင့် အဆောင်ပြောင်းလာတဲ့ အကျဉ်းသားကို အဆောင်သစ်မှာရှိတဲ့ လူမိုက်၊ ဒါမှမဟုတ် တန်းစီးတွေက ပညာပေးတတ်ကြပါတယ်။ ဒီတော့လည်း အဆောင်ပြောင်းရမှာကို အကျဉ်းသားတွေက မလိုချင်ကြပါဘူး။ အဆောင်သစ်မှာ လူသစ်တွေနဲ့ မိတ်ဖွဲ့ရ၊ ပေါင်းသင်းရနဲ့ အသားကျအောင်လုပ်ဖို့က အချိန်တစ်ခု လိုအပ်ပါတယ်။
သူ့ကိုလည်း အဆောင်မပြောင်းချင်ရင် မပြောင်းဘဲနေဖို့ တန်းစီးက လာပြီး ညှိပါတယ်။ ဒီအတွက်တော့ အဆောင်မှူးဖြစ်တဲ့ ဝန်ထမ်းကို ငွေပေးရမှာပါ။ ဒါကလည်း အဆောင်မှူးတွေရဲ့ လုပ်နေကျ အလုပ်ပါပဲ။ သူ ငြင်းလိုက်ပါတယ်။
စောင်တွေ၊ အိပ်ရာခင်းတွေ၊ စာအုပ်တွေ၊ စားအိုးစားခွက်တွေ သိမ်းထုပ်ပြီး အဆောင်သစ်ဆီကို ရွှေ့ခဲ့ရပြန်ပါတယ်။ အခုအဆောင်ဟာ နှစ်ခန်းတွဲ နှစ်ထပ်ဖြစ်ပါတယ်။ သူ့ကို အပေါ်ထပ်က အခန်းတစ်ခုမှာ နေစေပါတယ်။
လွတ်ငြိမ်းခွင့်တွေ ပေးထားတာ မကြာသေးတာမို့ အခန်းတွေထဲမှာ လူက နည်းနည်းပဲ ရှိပါတယ်။ အခန်းကလည်း ကျယ်ပြောတာကြောင့် ချောင်ချောင်ချိချိပါပဲ။ အခန်းရဲ့ ခေါင်းရင်းဘက်မှာတော့ ဘုရားစင်နဲ့ တီဗီ ရှိပြီး ခြေရင်းဘက်ထောင့်မှာတော့ အိမ်သာနှစ်လုံး ရှိပါတယ်။ ဘုရားစင်ဘက်နဲ့နီးတဲ့အပိုင်းမှာ နေရာချထားပေးဖို့ တန်းစီးကို သူ ချဉ်းကပ်ရပါတယ်။ ဒီအတွက် ကော်ဖီထုပ် ပေးရပါတယ်။သ
ထောင်ထဲမှာ ပြဿနာ တော်တော်များများကို ကော်ဖီမစ်ထုပ်တွေနဲ့ပဲ ဖြေရှင်းကြရပါတယ်။ ကော်ဖီထုပ်ဟာ ငွေကြေးပါပဲ။
စတိုးဆိုင်မှာ “ကော်ဖီတစ်ထုပ်” လို့ ပြောတဲ့အခါ အထုပ် ၃၀ ဒါမှမဟုတ် အထုပ် ၅၀ ပါ အထုပ်ကြီးတစ်ထုပ်လို့ အဓိပ္ပာယ်ရမှာ ဖြစ်ပေမဲ့ ထောင်ထဲမှာကတော့ “ကော်ဖီတစ်ထုပ်” လို့ ပြောရင် တစ်ခွက်စာ ကော်ဖီတစ်ထုပ်ကို ဆိုလိုတာပါ။ အထုပ်ကြီးတစ်ထုပ်ကိုတော့ “တစ်ပါကင်” လို့ပဲ ခေါ်ကြပါတယ်။ အိပ်ရာနေရာအတွက် တစ်ပါကင် ပေးရတာပါ။ မဟုတ်ရင် နောက်မှ ရောက်တဲ့သူဟာ အခန်းရဲ့နောက်နားမှာပဲ နေရာရကြပါတယ်။ အိမ်သာက အနံ့အသက်ကိုလည်း ခံကြရပါတယ်။
အခန်းထဲမှာ အများစုကတော့ ရာဇဝတ်မှုသမားတွေပါပဲ။ ဆေးမှုတွေက အများဆုံးဖြစ်ပါတယ်။ နိုင်ငံရေးမှုကတော့ လေးငါးယောက်ပဲ ရှိပါတယ်။ နိုင်ငံရေးမှုတွေကို အမိန့်မချသေးတာကြောင့် အချုပ်ဆောင်မှာပဲ ရှိနေကြသေးတာပါ။
လူတချို့က လာပြီး မိတ်ဆက်စကားပြောကြရင်း အခုမှ ထောင်ကျခါစ လူသစ်ဖြစ်တဲ့ သူ့ကို ထောင်ရဲ့ အထာတွေ သင်ကြားပေးကြပါတယ်။ တန်းစီးက ဘယ်လို စရိုက်ရှိတယ်၊ စည်းကမ်းထိန်းတွေ၊ စာရေးတွေက ဘယ်လိုသဘောရှိတယ်၊ ဘယ်နေရာက ဘယ်သူကဖြင့် ဘယ်လို စသဖြင့်ပါပဲ။ ဘာပစ္စည်းလိုချင်ရင်တော့ ဘယ်သူ့ဆီကနေ ရနိုင်တယ်၊ ဘယ်လမ်းကြောင်းကနေ သွင်းနိုင်တယ် စတာတွေရောပါပဲ။
ထောင်ဝတ်စုံတစ်စုံလောက် လိုချင်တဲ့အကြောင်း သူ ပြောဖြစ်ပါတယ်။ အရပ်ထောင်ထောင်မောင်းမောင်းနဲ့ အကျဉ်းသားတစ်ယောက်က သူ့ဆီမှာ ရှိတယ်လို့ ဆိုပါတယ်။ အင်္ကျီအတွက် ကော်ဖီခုနစ်ထုပ်၊ ပုဆိုးအတွက်လည်း ခုနစ်ထုပ် ပေးရလိမ့်မယ်တဲ့။ သူ အံ့ဩတကြီး ဖြစ်ရပါတယ်။ ကော်ဖီခုနစ်ထုပ်ဆိုတော့ အဲဒီတုန်းက ပေါက်ဈေးနဲ့ဆို ကျပ်ခုနစ်ရာပါပဲ။ ထောင်ထဲမှာ အင်္ကျီတစ်ထည်ဟာ အဲဒီလောက်ပဲ တန်ကြေးရှိသလား။ တကယ်တော့ အဲဒီလိုလည်း မဟုတ်ပါဘူး။
အကျဉ်းသားတွေလွတ်သွားတဲ့အခါ ထောင်ဝတ်စုံတွေကို ခင်မင်ရင်းနှီးသူတွေကို ပေးထားခဲ့ပါတယ်။ အများစုကတော့ မလွတ်ခင်မှာကတည်းက ကြိုတင်ပြီး တောင်းထားကြတာပါ။
နှစ်စေ့ခါနီးအကျဉ်းသားတွေဟာ ကိုယ်လွတ်မယ့်ရက်ကို ထောင််ရဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းဆီမှာ စုံစမ်းမေးမြန်းကြည့်နိုင်ကြပါတယ်။ ဒီအတွက်လည်း ကော်ဖီထုပ်တချို့ ပေးကြရပါတယ်။ အဲဒီလိုမျိုး လွတ်နီးအကျဉ်းသားတွေဆီကနေ ကျန်ရစ်မယ်သူတွေက သူတို့လိုချင်တဲ့ ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို တောင်းထားကြပါတယ်။ လွတ်သွားတဲ့အကျဉ်းသားကလည်း ခင်ရာမင်ရာလူတွေကို သူပိုင်ပစ္စည်းတွေ ပေးထားရစ်ခဲ့ပါတယ်။ အမွေခွဲသလိုပါပဲ။
အခု အင်္ကျီလာရောင်းတဲ့ အကျဉ်းသားဟာလည်း အဲဒီလိုပါပဲ။ စကားစမြည်ပြောဖြစ်ရင်း အဲဒီလူဟာ ဆေးမှုနဲ့ ၁၀ နှစ် ကျနေတယ်လို့ သိရပါတယ်။ တခြားတစ်ယောက်ယောက်ဆီကနေ ရထားတဲ့ အင်္ကျီနဲ့ ပုဆိုးတွေကို ပြန်ပြီးရောင်းတာပါ။ အသစ်တွေတော့ မဟုတ်ပါဘူး။ သူ တစ်စုံ ဝယ်လိုက်ပါတယ်။ ဝတ်စုံတစ်စုံအတွက် ကုန်ကျစရိတ်ဟာ ကော်ဖီ ၁၄ ထုပ်စာဆိုတော့ တန်ဖိုးကြီးလွန်းနေမလား။ ဒါက ထောင်က ပေးတဲ့ ဝတ်စုံဖြစ်တာကြောင့် ပုံပန်းမကျ၊ အသားလည်းမကောင်း၊ အသစ်လည်း မဟုတ်လို့ အဲဒီလောက်ပဲ ပေးရတာပါ။
အပြင်မှာဝတ်တဲ့ ရှပ်အင်္ကျီအတိုင်း ချုပ််ထားတဲ့ ထောင်ဝတ်စုံတွေလည်း ရှိပါတယ်။ ထောင်ဝန်ထမ်းတချို့က ရောင်းပါတယ်။ အဲဒါတွေကတော့ ကျပ်တစ်သောင်းခွဲဝန်းကျင်လောက် ပေးရတတ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်လည်း ကိုယ့်အိမ်ကနေကိုယ် မှာပြီး ဝတ်ကြသူတွေလည်း ရှိပါတယ်။ ဒါကိုလည်း ခွင့်ပြုပါတယ်။ အပြာရောင်ဖြစ်ဖို့ပဲ လိုတာပါ။ လည်ကတုံး၊ စတစ်ကော်လာ၊ လက်ရှည်၊ လက်တို စသဖြင့် အင်္ကျီပုံစံတွေ မတူ၊ အပြာရောင် အနု၊ အရင့်၊ အတောက်၊ အဖျော့ စတာတွေ မတူလည်း ရပါတယ်။ နောက်တော့ သူလည်း အိမ်ကို ပို့ခိုင်းရပါတယ်။ ပြီးတော့ အပ်ချုပ်ဘုတ်မှာ တာဝန်ကျတဲ့ အကျဉ်းသားဆီမှာလည်း ကော်ဖီထုပ်ပေးပြီး ချုပ်ခိုင်းနိုင်ပါသေးတယ်။
ထောင်ထဲမှာ အကျဉ်းသားတော်တော်များများက မိသားစုနဲ့ အဆက်အသွယ်မရကြတာကြောင့် ထောင်ဝင်စာပစ္စည်းတွေလည်း မပို့နိုင်ကြပါဘူး။ ထောင်ကလည်း ပြည့်စုံလုံလောက်အောင် မထောက်ပံ့ပေးပါဘူး။ ထောင်ထဲမှာ လိုအပ်တဲ့ အသုံးအဆောင်တွေအတွက် ပိုက်ဆံလိုပါတယ်။ ပိုက်ဆံတော့ မကိုင်ကြရပါဘူး။ ကော်ဖီထုပ်ဟာ ပိုက်ဆံပါပဲ။ ဒီတော့ ကော်ဖီရဖို့ ကြုံရာကျပန်းနည်းနဲ့ ရှာဖွေတတ်ကြရပါတယ်။
တချို့က အဝတ်လျှော်တယ်။ လျှော်ခက တစ်ထည်ကို ကော်ဖီတစ်ထုပ် ဖြစ်ပါတယ်။ နှိပ်တတ်သူက အနှိပ်သည်လုပ်ကြပါတယ်။ တစ်နာရီ နှိပ်ပေးရင် ကော်ဖီထုပ် ငါးထုပ်ရပါတယ်။ စိုက်ခင်းရေလောင်းရင် တစ်မနက်ခင်းကို ကော်ဖီသုံးထုပ်ရပါတယ်။ တာဝန်ကျ အကျဉ်းသားတွေက ကိုယ်မလုပ်ချင်တဲ့အခါ အဲဒီလို လူငှားပြီး လုပ်ခိုင်းကြရတာပါ။ လုပ်အားခတွေက အဲဒီလောက်ပဲ တန်ကြေးရှိကြပါတယ်။ ငွေကြေးတန်ဖိုးအရ ဘာမှ တန်ဖိုးမရှိတဲ့ ဘဝတွေပါပဲ။
တချို့အကျဉ်းသားတွေဟာ ကော်ဖီထုပ်မတတ်နိုင်ကြတာမို့ ထောင်ကပေးတဲ့ဝတ်စုံကိုပဲ မျှော်လင့်ကြရပါတယ်။ ဒါပေမဲ့ ထောင်ကလည်း ခြောက်လလောက်နေမှ တစ်ခါ ပေးတာပါ။ ပေးတဲ့အခါမှာလည်း အစုံလိုက်မဟုတ်ဘဲ အင်္ကျီနဲ့ ပုဆိုးကို ခွဲပြီး ပေးတာမျိုးလည်း ကြုံရပြန်ပါတယ်။ အင်္ကျီရတဲ့အခါ ပုဆိုးမရ၊ ပုဆိုးရတဲ့အခါ အင်္ကျီမရ။ ထောင်ကပေးတာတွေဟာ အရည်အသွေးမကောင်းတာကြောင့် ခဏနဲ့ပဲ စုတ်သွားလေ့ရှိပါတယ်။ ချုပ်ရိုးတွေ ပြုတ်ထွက်တာ၊ ပြဲလွယ်တာ၊ အရောင်ပြယ်တာ မြန်တာ စသဖြင့်နဲ့ ခြောက်လမပြည့်ခင်မှာပဲ ဝတ်လို့မရနိုင်အောင် ဖြစ်သွားတတ်ပါတယ်။ ဒီတော့ ဝယ်ပြီး မတတ်နိုင်ကြသူတွေအဖို့ ဒုက္ခတွေ့ကြရပါတယ်။

တချို့တွေရဲ့ အင်္ကျီတွေ၊ ပုဆိုးတွေဟာ ဖာရာတွေ အထပ်ထပ်၊ ဒဏ်ရာကို ဖြစ်သလို ချုပ်သီထားတဲ့ ချုပ်ရိုးကြောင်းတွေ အလီလီနဲ့ ဖြစ်နေကြပါတော့တယ်။ တချို့တွေဆို ဝတ်စုံအပိုမရှိကြပါဘူး။ ရေချိုးပြီးတဲ့အခါ ကိုယ့်အင်္ကျီပုဆိုးတွေ နေလှန်းထားချိန် သူများဆီက ခဏယူဝတ်ကြရပါတယ်။ တစ်ခါတလေမှာလည်း အဲဒီလို နေလှန်းထားချိန်မျိုးမှာ ပျောက်သွားတတ်ပြန်ပါသေးတယ်။ ဖိနပ်တွေမှာလိုပါပဲ၊ အကျဉ်းသားတွေဟာ အင်္ကျီတွေ၊ ပုဆိုးတွေမှာလည်း အမှတ်သင်္ကလေးတွေ ရေးမှတ်ထားကြရပါတယ်။ ဒါပေမဲ့လည်း ပျောက်ချင်တဲ့အခါ ပျောက်ကြရတာပါပဲ။ ဝတ်စရာ၊ လဲစရာမရှိကြတော့ တွေ့ရာ ကြုံရာ ဆွဲယူဝတ်လိုက်ကြတာ ဖြစ်မှာပါပဲ။
ဝတ်စုံနဲ့ပတ်သက်ပြီး ညည်းတွားသံတွေကို ခဏခဏ ကြားနေရပါတယ်။ ဝန်ထမ်းတွေ မကြားနိုင်ဘူးထင်တဲ့အခါ ထောင်ပိုင်တွေ၊ အုပ်စိုးသူတွေ ကိုလည်း ဆဲရေးနေတတ်ပါတယ်။ ဖမ်းတုန်းကတော့ ဖမ်းထည့်ထားပြီး ဝတ်စရာတောင် လုံလောက်အောင် မထားပေးနိုင်ဘူး ဆိုပြီးပေါ့။
ရင့်ပြည့်
The Tanintharyi Times

