တနေ့တာ မြန်မာ

တနေ့တာ မြန်မာ

ဓာတ်ပုံ -Western News

နိုဝင်ဘာ ၁၈ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်ဆောင်မယ့်သတင်းကြောင့် ပေါက်တောမြို့က ပြည်သူတွေ နေရပ်စွန့်ခွါ

စစ်ကောင်စီက နယ်မြေရှင်းလင်းရေး လုပ်မယ်လို့ ပြောဆိုနေတာကြောင့် ပေါက်တောမြို့က ပြည်သူအများအပြား နေရပ်စွန့်ခွာ နေရတယ်လို့ Western News သတင်းဌာနကဖော်ပြထားပါတယ်။ စစ်တွေ မြို့နဲ့ ၁၆ မိုင်သာ ကွာဝေးတဲ့ ပေါက်တောမြို့ကို လွန်ခဲ့တဲ့ နှစ်ရက်ခန့်က ရက္ခိုင့်တပ်တော် AA ခတ္တထိန်းချုပ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ ပြန်လည် ထိန်းချုပ်ခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။ ပေါက်တောမြို့ တွင်းမှာ အရပ်သား အများအပြား ပိတ်မိနေသေးပြီး စစ်ကောင်စီ က နယ်မြေရှင်းလင်း လုပ်ဆောင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မြို့ပေါ်သို့ မရောက်မီအချိန်အတွင်း ပေါက်တောပြည်သူအများစုမှာ နီးစပ်ရာကျေးရွာတွေနဲ့ ဘေးကင်းရာနေရာတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူတစ်ထောငါ နီးပါးမှာ ဆက်လက်ပိတ်မိနေတယ်လို့ Western News ရဲ့ ဖော်ပြချက်အရသိရှိရပါတယ်။

စစ်တပ်က တိုက်လေယာဉ်နဲ့ဗုံးကြဲလို့ ကျိုက်မရောက ချောင်းနှစ်ခွတံတားကျိုးကျ

တော်လှန်ရေး အဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်ဖွဲ့ တို့ အကြား တိုက်ပွဲဖြစ်ပွားနေတဲ့ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာကို တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ တံတားကျိုးကျသွားပါတယ်။ အတ္တရံ တံတား (ခ) ချောင်းနှစ်ခွတံတား ကို KNLA တပ်တွေ နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေ သိမ်းဆည်းထားစဉ် စစ်တပ်က ဗုံးကြဲခဲ့တာပါ။ ချောင်းနှစ်ခွတံဝာား ဟာ ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့ မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံမြို့တို့ကို ဆက်သွယ် ထားတဲ့ တံတားလည်းဖြစ်ပါတယ်။

လောက်ကိုင်-တရုတ် နယ်စပ်စည်းမျဉ်းစစ်ရှောင်စခန်းက ဒုက္ခသည်တွေ မိုးရေထဲမှာ အိပ်နေရ

မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် တရုတ်- မြန်မာနယ်စပ် နယ်စပ်စည်းမျဥ်း (၁၂၅)က စစ်ရှောင်စခန်းမှာ ရှိနေတဲ့ စစ်ဘေးရှောင်သောင်းနဲ့ချီနေထိုင်တဲ့ တဲတွေမှာ ရေတွေဝင်နေပြီး မိုးရေထဲမှာအိပ်နေရတဲ့ သူတွေလည်းရှိနေတယ်လို့ ရွှေဖီမြေသတင်းကဖော်ပြပါတယ်။ မိုးအဆက်မပြတ်ရွာသွန်းနေပြီး စစ်ဘေးရှောင်စခန်းတွေမှာ ရေကြီးရေလျှံဖြစ်နေကာ မိုးကာတွေလည်း လုံလောက်မှုမရှိဘူးလို့ စစ်ရှောင်စခန်းမှာ နေထိုင်နေတဲ့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။ ဒါအပြင် စစ်ရှောင်စခန်းမှာ ဆန်တွေပြတ်လတ်နေပြီး ထမင်းငတ်တဲ့သူတွေလည်းရှိသလို ဖျားနာတဲ့သူတွေလည်းရှိပါတယ်။ စစ်ရှောင်စခန်းမှာ လာရောက်အကူအညီပေးသူတွေရှိနေပေမယ့် လူဦးရေများလွန်းတာကြောင့် လုံလောက်မှုမရှိဘူးလို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးစပြီးနောက်ပိုင်း လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ညီနောင် ၃ ဖွဲ့က ပိတ်ထားပြီး လောက်ကိုင်-ချင်းရွှေဟော်လမ်းလည်း သွားလာလို့မရတာကြောင့် လောက်ကိုင်မြို့မှာ ပိတ်မိနေတဲ့လူတွေ သောင်းနဲ့ချီဟာ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ နယ်စပ်စည်းမျဥ်း ၁၂၅ နဲ့ ရန်လုံကျိုင်းစစ်ရှောင်စခန်းမှာ သွားရောင်ခိူလှုံကြတာ ဖြစ်ပါတယ်။

လောက်ကိုင်မြို့က အရပ်သားတွေ စစ် ကောင်စီတပ်စခန်းနဲ့ အဝေးကိုရှောင်ဖို့ ကိုးကန့်တပ်ဖွဲ့ထုတ်ပြန်

လောက်ကိုင်မြို့တွင်းမှာ နေထိုင်တဲ့ အရပ်သားတွေအနေနဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးဌာနတွေ၊ တပ်စခန်းတွေနဲ့ ဝေးရာကို အမြန်ဆုံးရှောင်ရှားကြဖို့ ကိုးကန့်တပ်(MNDAA)က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။ လောက်ကိုင်မြို့တွင်ကျန်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့လည်း မိမိနိုင်ငံကိုပြန်ဖို့လည်း သတိထားပေးထားပြီး လောက်ကိုင်အနီးတစ်ဝိုက်တစ်ခုလုံးဟာ စစ်မြေပြင်ဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကနေ ကာကွယ်ဖို့အတွက် မိမိသဘောဆန္ဒနဲ့ နေရာပြောင်းရွှေ့တာတွေမလုပ်ဖို့လည်း သတိပေးထားပါတယ်။ ထုတ်ပြန်ထားတဲ့အချက်တွေကို မလိုက်နာရင် မိမိကိုယ်တိုင်တာဝန်ယူရမယ်လို့ ဆိုပါတယ်။လောက်ကိုင်မြို့မှာ နေရပ်ပြန်မရဘဲ ပိတ်မိနေတဲ့ ဒေသခံတွေ သောင်းနဲ့ချီရှိနေပါတယ်။

ကရင်နီပြည်မှာ ပို့မယ့်လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

ကရင်နီပြည်ပို့မယ့် RPG ဒုံးပစ်လောင်ချာ ၁၂ လက်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို အခုလ ၁၆ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ အဲဒီလက်နက်တွေကို ပင်လုံမြို့နယ် ပန်မုန့်ကျေးရွာမှာရှိတဲ့ ဂိုထောင်အဆောပ်အဦတစ်ခုကနေ ဖမ်းဆီးရမိခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နဲ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တွေရဲ့ စေခိုင်းချက်ကြောင့် ပင်လုံမြို့နယ် ကုန်းကျောင်းရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/ SSA ယူနီဖောင်းဝတ်ဆင်ထားသူ ၁၀ ဦးဆီကနေ ဒီလက်နက်တွေကို လေးကြိမ်ခွဲပြီး ယူဆောင်ခဲ့ကြောင်း ဖမ်းဆီးရမိတဲ့ တရားခံတွေက ထွက်ဆိုထားတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ပြောဆိုထားပါတယ်။ လက်နက်ခဲယမ်းတွေနဲ့အတူ တရားခံ ၇ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

တောင်ငူမှာ တိုက်ပွဲပြင်းထန်

တောင်ငူမြို့တဝိုက်မှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့သိရပြီး စစ်တောင်းမြစ်ကူးတံတားကိုလည်း စစ်ကောင်စီက သွားလာခွင့်ပိတ်ထားပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ငူမြို့နဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ်၊ သံတောင်မြို့ကြားက အရပ်အခေါ် ၄ မိုင်၊ ၅ မိုင်တဝိုက်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဝင်ရောက်တိုက်ခိုက်နေတာလို့ မြို့ခံတွေက ပြောကြပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ စစ်တောင်းမြစ်ကူးတံတားမှာ စစ်ကောင်စီကလုံခြုံရေးတပ်ဖွဲ့တွေထားရှိပြီး ကားသွားလာခွင့်ပိတ်ထားပါတယ်။

ကော့ကရိတ်က စစ်ကောင်စီဝန်ထမ်းတွေ အမြန်ဆုံးထွက်ခွာဖို့ KNU ပြော

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ထဲမှာရှိတဲ့ ကျိုက်ဒုံ၊ ကော့ကရိတ်၊ စုကလိနဲ့ ဝေါ်လေမြိုင် မြို့တွေမှာရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအောက်မှာတာဝန်ထမ်းဆောင်နေသူတွေအားလုံး (၇)ရက်အတွင်း မြို့ထဲကနေ အမြန်ဆုံးထွက်ခွာသွားပေးဖို့ ကရင်အမျိုးသားအစည်းအရုံး KNU က မနေ့ကစာထုတ်ပြန် သတိပေးထားပါတယ်။ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောတောနီး ကလည်း ကကပိုပြင်းထန်တဲ့ တိုက်ပွဲတွေဆက်ဖြစ်နိုင်တယ်လို့ KNU ရဲ့ လူမှုကွန်ရက်စာမျက်နှာကတဆင့် ပြောပါတယ်။အခုကာလမှာ စစ်ကောင်စီအနေနဲ့ လက်ရှိစစ်ခေါင်းဆောင်ကို အပြောင်းအလဲလုပ်ပြီး အခြားလူနဲ့အစားထိုးကာ ဟန်ပြအပြောင်းအလဲတွေလုပ်လာနိုင်တယ်လို့ ပဒိုစောတောနီးက ထောက်ပြပြောဆိုခဲ့ပြီး ဒီလိုတွေကြုံတွေ့ခဲ့ရင် ပြည်သူတွေရော တော်လှန်ရေးအင်အားစုတွေအနေနဲ့ပါ တွေဝေမနေဘဲ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့အတွက် ဆက်လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

The Tanintharyi Times