မဇောကျေးရွာအုပ်စုကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ဒရုန်းနဲ့တိုက်ခိုက်နေ

မဇောကျေးရွာအုပ်စုကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးပြီး ဒရုန်းနဲ့တိုက်ခိုက်နေ

ပုံစာ - မဇောကျေးရွာအုပ်စု လမ်းတစ်နေရာ။ (ပုံဟောင်း)

မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စုကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး ဒေသခံတွေနေထိုင်တဲ့ အနီးဝန်းကျင်တွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မဇောကျေးရွာအုပ်စု၊ မဇောပြင်ကြီးရွာကို စစ်ကြောင်းထိုးလာပြီးနောက် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်တွေမှာ လက်မဲရွာနဲ့ တောင်ပုရွာတွေဘက်ကို ဒရုန်းဗုံးသီးချခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကစလို့ မဇောပြင်ကြီးရွာထဲကို စစ်ကောင်စီနဲ့ ပျူစောထီးအင်အား စုစုပေါင်း ၁၀၀ နီးပါးက စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေဟာ မဇောပြင်ကြီးရွာက အထက်တန်းကျောင်းနဲ့ ဘုန်းကြီးကျောင်းထဲမှာ ဒီကနေ့အထိ ဝင်ရောက်တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့လည်း နေ့တိုင်းနီးပါး ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်မှာ မဇောပြင်ကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မဇောကျေးရွာအုပ်စု၊ လက်မဲရွာဘက်ကို တိုက်ခိုက်ရေးဒရုန်းတွေနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ပြင်ကြီးရွာခံတွေဆီက သိရပါတယ်။

“ ဗုံးသီးက ရွာပြင်ဘက်ကိုကျတယ်။ ရွာကလူတွေကတော့ လက်နက်ကြီးတွေပစ်နေကတည်းက ရွှေ့ကုန်ပြီ။ ကျနော်တို့ကတော့ အခြေအနေ စောင့်ကြည့်နေရတုန်းပဲ” လို့ ပြင်ကြီးရွာ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

မနေ့က စက်တင်ဘာ ၁၇ ရက်၊ မနက် ၉ နာရီ ဝန်းကျင်မှာ မဇောပြင်ကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ တောင်ပုရွာဘက်ကို ခြေလျင်စစ်ကြောင်းထိုးခဲ့ပြီး မဇောလမ်း၊ စစ်ကောင်စီတိုးဂိတ်ကနေ တောင်ပုရွာ အနီးဝန်းကျင်ကို ဒရုန်းတွေနဲ့ ဗုံးသီးချခဲ့တယ်လို့ မဇောရွာဒေသခံတွေက ပြောပါတယ်။

တောင်ပုရွာအနီးက ရာဘာခြံထဲကို ဒရုန်းဗုံးသီးတွေကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ ဒေသခံတွေဆီကသိရပါတယ်။

မနေ့က ည ၇ နာရီဝန်းကျင်မှာလည်း အရှေ့တောင်ရွာ၊ ဘုန်းကြီးကျောင်းကို စစ်ကောင်စီဘက်က ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့ပြီး အရေးပေါ်စစ်ရှောင်တွေရဲ့ အနီးတဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မဇောကျေးရွာအုပ်စုနေဒေသခံတွေက ပြောပါတယ်။

“ ဘုန်းကြီးကျောင်းအနီးတဝိုက်ကိုပဲ ချနေတာ။ စစ်ရှောင်တွေပဲရှိနေတာကို သူတို့ဘက်က တမင်လိုက်ချနေသလိုပဲ” လို့ အရှေ့တောင်ရွာဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု ကြေးနန်းတိုင်လမ်းမကြီးကနေ တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာအထိ လမ်းတလျှောက်မှာ စစ်ကောင်စီဘက်က လုံခြုံရေးချထားလို့ ဒေသခံတွေအနေနဲ့ သတိထားသွာနေရတယ်လို့ ပြောပါတယ်။

ပြင်ကြီးရွာ၊ ဘုန်းကြီးကျောင်းအနီးမှာလည်း စစ်ကောင်စီစစ်ဆေးရေးဂိတ်ချထားပြီး ဖြတ်သွားဖြတ်လာယာဥ်တွေကို စစ်ဆေးတာ ၊ ပိုက်ဆံကောက်တာတွေလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာတွေကြောင့် မဇောကျေးရွာအုပ်စုထဲက ကြေးနန်းတိုင်၊ မြင်သာ၊ မဇောပြင်ကြီး၊ ရှမ်းထိန်၊ လက်မဲ၊ အရှေ့တောင်၊ တောတန်း၊ ကရင်သကန်နဲ့ တောင်ပုရွာက ဒေသခံအများစု ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

The Tanintharyi Times