“မျောက်ကျောက်ခေတ်မှာ မျောက်ကျောက်ကို သံသယထားပြီး စစ်ဆေးတာအကောင်းဆုံးပဲ”

“မျောက်ကျောက်ခေတ်မှာ မျောက်ကျောက်ကို သံသယထားပြီး စစ်ဆေးတာအကောင်းဆုံးပဲ”

ထားဝယ်မြို့ပေါ်မှာ မျောက်ကျောက်သံသယလူနာ နှစ်ဦးတွေ့ခဲ့တဲ့အပြင် တချို့နေရာတွေမှာလည်း ရေကျောက်ရောဂါ၊ အရေးပြားရောဂါဖြစ်ပွားနေတဲ့အတွက် မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ထိတ်လန့်စိုးရိမ်တာတွေရှိလာနေပါတယ်။ ဒီတစ်ပတ်တောင်ပိုင်းသားအသံအစီအစဥ်မှာ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ဆရာဝန်တစ်ဦးရဲ့ မှတ်ချက်နဲ့ လူထုရဲ့စိုးရိမ်ချက်တွေကို ဖော်ပြလိုက်ပါတယ်။

မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး လူထုကြား ဘယ်လိုစိုးရိမ်ချက်တွေရှိနေတယ်ဆိုတာကို ဒီတပတ်ရဲ့ တောင်ပိုင်းသားတို့အသံကဏ္ဍကနေ တင်ဆက်ပေးလိုက်ပါတယ်။

တောင်ပိုင်းသားတို့အသံ

  • ထားဝယ်မြို့ပေါ်က ဆရာဝန်တစ်ဦး

မေး - မျောက်ကျောက်သံသယလူနာတွေ့တယ်လို့ သတင်းတွေထွက်နေတယ်။ တကယ်တမ်း လက်တွေ့မှာ ဘာတွေဖြစ်နေတာလဲ။
ဖြေ - ပထမတစ်ယောက်လည်း ရေကျောက်နဲ့ပဲ ပြီးသွားတယ်။ သွေးစစ်ပြီးပြီ မျောက်ကျောက်လို့ မထွက်ဘူး။ ရေကျောက်ထက်နဲနဲဆိုးတဲ့ပုံစံမျိုးတော့ဖြစ်တယ်။ နောက်ထပ်ထပ်တွေ့တာမျိုးတော့ မကြားရသေးဘူး။

မေး - မျောက်ကျောက်နဲ့ ရေကျောက်နှစ်ခုက ဘယ်လိုကွာခြားတာလဲ။ ဘယ်လိုခွဲခြားသိနိုင်မလဲ။
ဖြေ - မျောက်ကျောက်က အသားဖုတွေလိုမျိုးအရင်တက်တယ် ရေကျောက်က ရေကြည်အိတ်လေးတွေလိုမျိုးတက်တာ။ ကွာတာတော့ တော်တော်ကွာတယ်။ မျောက်ကျောက်မှာကျတော့ ရေကျောက်ထက်တော့ ပိုဆိုးတာပေါ့။ တကိုယ်လုံးကိုက်ခဲမယ်. ဝမ်းလျှောတာချင်းတူရင်တောင် သူများထက်ဆိုးမယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် လက္ခဏာ အားလုံးတူတာတော့ မရှိဘူး။ ရေကျောက်က နာပြီးအချိန်တန်ရင် သက်သာသွားတယ်။ မျောက်ကျောက်ကတော့ ရက်နှစ်ဆယ်လောက်ထိခံရတုန်းပဲ။ ကိုယ်ခံအားကောင်းရင် လက္ခဏာ တွေက အရမ်းမခံစားရဘူး ကိုယ်ခံအားနဲ့ လည်း ဆိုင်တယ်၊။

မေး - ကိုယ့်ကိုကိုယ်မျောက်ကျောက်လို့သံသယဝင်လာပြီဆိုရင် ဘာဆက်လုပ်သင့်လဲ။
ဖြေ - ဆေးရုံဆေးခန်းသွားဖို့တစ်နည်းပဲရှိတယ်။ ဆရာဝန်နဲ့တွေ့ စစ်ဆေးစရာရှိတာစစ်ဆေးရမယ်။ ဖြစ်လာရင် မျောက်ကျောက်ခေတ်မှာ မျောက်ကျောက်ကို သံသယထားပြီး စစ်ဆေးတာအကောင်းဆုံးပဲ။

‌မေး - ဆေးရုံဆေးခန်းမနီးတဲ့ဒေသနေပြည်သူတွေက ဘယ်လိုလုပ်ရင်ကောင်းမလဲ။
ဖြေ - ဆေးပညာနားလည်တဲ့သူကို ပြတာတခုပဲ လုပ်လို့ရမှာ။ ကိုယ့်ဟာကိုယ်လုပ်ရင်းပိုဆိုးလာတာမျိုးလည်း ဖြစ်နိုင်တာဆိုတော့လေ။ စစ်ရှောင်စခန်းတွေဆို ပိုတောင်ဂရုစိုက်ရမယ်။ ကိုယ့်မှာ မျောက်ကျောက်ဖြစ်နေမန်းမသိဘဲနဲ့ ထိမိကိုင်မိပြီး ပိုဆိုးလာတာပဲရှိမယ်။ ကိုယ့်ဟာကိုယ်သံသယရှိလာရင် တခြားသူနဲ့ ခွဲနေ ဆရာဝန်နဲ့တွေ့ပြီး စစ်ဆေးတာ အကောင်းဆုံးပဲ။

မေး - လူအများစုစည်းနေထိုင်ရတဲ့ စစ်ဘေးရှောင် စခန်းတွေ မှာ မျောက်ကျောက် အပါအဝင်အရည်ပြားရောဂါဖြစ်မလာအောင်ဘယ်လိုကာကွယ်ရမလဲ၊ ဖြစ်လာခဲ့ရင် ဘယ်လိုမျိုး ထိထိရောက်ရောက်ဖြေရှင်းနိုင်မလဲ
ဖြေ - ကာကွယ်ဖို့နည်းလမ်းကတော့ ပြောရခက်တယ်။ ဖြစ်မှပဲကောင်းကောင်းသိမယ့်ပုံစံမျိုး။ ပြီးတော့ သူက အချင်းချင်းထိရာကနေ အစားအသောက်အတူတူစားတာကနေ ဖြစ်တာဆိုတော့ အထိအတွေ့နည်းအောင်ဂရုစိုက်နေရမယ်။ မျောက်ကျောက်ကို ကုလို့ရတဲ့ ဆေးကလည်း မြန်မာနိုင်ငံမှာ ရှိနေပြီလား မရှိဘူးလားတောင် သေချာတဲ့သတင်းက ဆရာဝန်အသိုင်းအဝိုင်းမှာတောင် မရသေးဘူး။

  • သရက်ချောင်းမြို့ခံ ကုန်စုံဆိုင်အရောင်းဝန်ထမ်းအမျိုးသမီးတစ်ဦး

မေး - မျောက်ကျောက်နဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေကြားနေရလဲ။
ဖြေ - ထားဝယ်မှာမျောက်ကျောက်တွေ့တယ်ဆိုကတည်းက ဆန်၊ ဆီ၊ ကြက်သွန် လာဝယ်ကြတာ သိသိသာသာပဲ။ ကိုဗစ်တုန်းကလိုဖြစ်မှာကိုစိုးရိမ်နေကြတာထင်တယ်။ mask တွေလည်း ဝယ်ကြတယ်။

မေး - မျောက်ကျောက်လူနာတွေရှိနေတယ်လို့သတင်းတွေထွက်လာနေတယ်။ ဒီအပေါ်မှာဘယ်လိုစိုးရိမ်မှုတွေရှိလဲ။
ဖြေ - စိုးရိမ်တာတော့ရှိတာပေါ့။ ကိုဗစ်တုန်းကလိုမျိုးဖြစ်မလား။ ဖြစ်လာရင်ဆေးကုပေးမယ့် ဆရာဝန်ကရှိပါ့မလား။ ဆေးတွေကလည်း ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ခေတ်လေ။ အဘက်ဘက်က စဉ်းစားကြည့်ရင် သက်ပြင်းချဖို့ပဲ တတ်နိုင်တယ်။

မေး - မျောက်ကျောက် သံသယလူနာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနတွေက တရားဝင်သတင်းထုတ်ပြန်တာမျိုးသိပ်မတွေ့ရဘူး။ အဲဒီအပေါ်ဘာပြောချင်လဲ။
ဖြေ - ဝန်ကြီးဌာနတွေကို အရေးတယူစောင့်ကြည့်တာမျိုးမရှိတော့ ပြောချင်တာတော့သိပ်မရှိဘူး။ တခုခုဆိုရင် တယ်လီကျန်းမာပေ့ချ်မှာပဲသွားသွားမေးတာ။

မေး - တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ မျောက်ကျောက်ကူးစက်ခံရတာရှိလာရင်ဘယ်လိုလုပ်မယ် တွေးထားလဲ။
ဖြေ - ကိုယ်ခံအားကောင်းအောင်နေမယ်။ အခြေအနေဆိုးလာမှပဲ ဆေးရုံဆေးခန်းပြေးမယ်။ အဓိကက ကိုယ်ခံအားကောင်းဖို့အရေးကြီးတယ်လို့တွေးထားတယ်။ ဆေးရုံဆေးခန်းတွေကိုမယုံတောဘူး။

မေး - ဆေးရုံဆေးခန်းတွေကိုဘာလို့မယုံတော့တာလဲ။
ဖြေ - အာဏာသိမ်းပြီးကတည်းက ဆရာဝန်ကြီးတွေမရှိတော့ဘူးလေ။ နာ့စ်အငယ်တွေပဲရှိတယ်ပြောတယ်။ အရည်အချင်းရှိတဲ့ဆရာဝန်တွေကလည်း CDM လုပ်သွားတာဆိုတော့ ဆေးရုံဆေးခန်းတွေကို မယုံတော့ဘူး။

မေး - မျောက်ကျောက်မဖြစ်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေသိထားလား။
ဖြေ - ကိုဗစ်တုန်းကလိုပဲ mask တပ်ရမယ်၊ လက်ဆေးရမယ် ဆိုတာပဲ မှတ်မိတယ်။ တူမတွေကိုလည်း ဒါတွေပဲပြောထားတာ။

  • ထားဝယ်မြို့ခံ အိမ်ထောင်ရှင်အမျိုးသား

မေး - မျောက်ကျောက်နဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေကြားနေရလဲ။
ဖြေ - အခုတော့ ငြိမ်နေတယ်။ လူတွေက မျောက်ကျောက်ကို စိတ်ဝင်စားဖို့မအားတော့ဘူး။ ရေကြီးတဲ့ ကိစ္စတွေ စစ်မှုထမ်းကိစ္စတွေနဲ့ပဲ နပန်းလုံးနေရတာ။ ဖြစ်လာရင်လည်း ကျောကော့ခံလိုက်တော့မယ်။

မေး - မျောက်ကျောက်လူနာတွေရှိနေတယ်လို့သတင်းတွေထွက်လာနေတယ်။ ဒီအပေါ်မှာဘယ်လိုစိုးရိမ်မှုတွေရှိလဲ။
ဖြေ - ပထမဆုံးအနေနဲ့ ကိုယ့်မိသားစုမှာဖြစ်လာမှာမျိုးစိတ်ပူတယ်။ ကိုဗစ်ကိုတောင်ကျော်လာတာပဲဆိုတဲ့စိတ်နဲ့ အားခဲထားတယ်။ လမ်းကြောင်းအခြေအနေအရ အသွားအလာလည်း သိပ်မရှိတော့ဘူးဆိုတော့ ထိန်းမရအောင်ကူးစက်မှာတော့မစိုးရိမ်ရဘူး။

မေး - မျောက်ကျောက် သံသယလူနာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနတွေက တရားဝင်သတင်းထုတ်ပြန်တာမျိုးသိပ်မတွေ့ရဘူး။ အဲဒီအပေါ်ဘာပြောချင်လဲ။
ဖြေ - ပထမတစ်ယောက်တွေ့တုန်းကတော့ အော်လံလေးနဲ့ လိုက်အော်နေတယ် ဘာတွေအော်နေမှန်းတော့ မသိဘူး။ မင်္ဂလာဈေးမှာ မျောက်ကျောက်အကြောင်း လက်ကမ်းစာစောင်ဝေနေတာ တခါတွေ့တယ်။ ကျန်းမာရေးဌာနဘက်ကလည်းလည်း ဝန်ထမ်းအင်အား မလုံလောက်လို့ထင်တယ်။ ဘာမှလုပ်နေတာတော့မတွေ့ရဘူး။

မေး - တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ မျောက်ကျောက်ကူးစက်ခံရတာရှိလာရင်ဘယ်လိုလုပ်မယ် တွေးထားလဲ။
ဖြေ - အရင်ဆုံး ကိုယ့်ဟာကိုယ်ပဲ ဆင်ခြင်ရမယ်။ လူအများကြီးထဲ သွားလာတာမျိုးတွေရှောင်မယ်။

မေး - မျောက်ကျောက်မဖြစ်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေသိထားလား။
‌ဖြေ - အဓိက လူတွေထိတွေ့မှုနည်းအောင်နေရမယ် တစ်ခုခုလုပ်ပြီးတိုင်းလက်ဆေးရမယ်လို့တော့ သိထားတယ်။

  • ကော့သောင်းမြို့ခံ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး

မေး - မျောက်ကျောက်နဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ဘာတွေကြားနေရလဲ။
ဖြေ - WHO ကကြေညာချက်တွေထွက်ပြီးတော့ စစ်ဘေးအပြင် ကပ်ဘေးပါလာတော့မယ်ဆိုပြီး ပူကြ ညည်းကြတာပေါ့။ မျောက်ကျောက်အတွက် ဆေးမရှိဘူးဆိုပြီးလည်းပြောကြတယ်။

မေး - မျောက်ကျောက်လူနာတွေရှိနေတယ်လို့သတင်းတွေထွက်လာနေတယ်။ ဒီအပေါ်မှာဘယ်လိုစိုးရိမ်မှုတွေရှိလဲ။
ဖြေ - တကယ်မျောက်ကျောက်သာဆိုရင်တော့ ငွေဈေးတွေကမောက်ကမဖြစ်ပြီး စီးပွားရေးတွေရပ်လိုက်ရမှာပဲစိတ်ပူတယ်။ ကိုဗစ်တုန်းကလည်း မိသားစုစီးပွားရေးတွေ အကုန်ရပ်လိုက်ရတာလေ။

မေး - မျောက်ကျောက် သံသယလူနာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကျန်းမာရေးဌာနတွေက တရားဝင်သတင်းထုတ်ပြန်တာမျိုးသိပ်မတွေ့ရဘူး။ အဲဒီအပေါ်ဘာပြောချင်လဲ။
ဖြေ - ကိုဗစ်ကို နမူနာယူပြီး အဘက်ဘက်ကပြင်ဆင်ထားသင့်တာ။ ထုတ်ပြန်ချက်အဆင့်လောက်ကိုတော့ ပြောမနေတော့ဘူ။ ကောသောင်းလို့ နယ်စပ်ဒေသမှာ ပိုလို့တောင်လုပ်ရမှာ။ အခုက ဆိုရှယ်မီဒီယာမသုံးတဲ့ လူကြီးတွေရင် မျောက်ကျောက်ကို သိမှာတောင်မဟုတ်ဘူး။ လိုက်ကြေညာနေတာမျိုးလည်းမရှိဘူးလေ။

မေး - တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်မှာ မျောက်ကျောက်ကူးစက်ခံရတာရှိလာရင်ဘယ်လိုလုပ်မယ် တွေးထားလဲ။
ဖြေ - ဖြစ်လာရင်တော့ ရနောင်းမှာပဲ သွားကုမယ်လုပ်ထားတယ်။ ရနောင်းဘက်ကဝင်ခွင့်မပေးဘူးဆိုရင်တော့ မပြောတတ်တော့ဘူး။ ပြည်တွင်းမှာပဲ ဖြစ်သလိုကုရမှာပေါ့။

The Tanintharyi Times