မင်းအောင်လှိုင် မောင်ပုရဲ့ အဲဒီခရု

မင်းအောင်လှိုင် မောင်ပုရဲ့ အဲဒီခရု

အခုရက်ပိုင်း နိုင်ငံအနှံ့က စစ်ရေးသတင်းတွေကြားထဲမှာ မသိမသာတိတ်ဆိတ်စွာနဲ့ တိုးထွက်လာနေတဲ့ သတင်းအကြောင်းအရာတစ်ခုရှိနေခဲ့ပါတယ်။

တိုင်းပြည်အနှံ့ စစ်ရေးတိုက်ပွဲပဋိပက္ခတွေ၊ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဘဝတွေ၊ ပေါင် ၅၀၀ ဗုံးကြောင့်သေဆုံးရမှုတွေ၊ အဓမ္မတပ်သားသစ် စုဆောင်းခံရတာတွေ၊ ပိုမိုကျပ်တည်းခက်ခဲလာမှုတွေကြားမှာ မထင်မှတ်ထားတဲ့ ဝိုက် လက်သီးတစ်လုံးအဖြစ် တစ်ချက်တည်းပွဲသိမ်းဖို့ အဲဒီအကြောင်းအရာကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဆောင်ရွက်နေခဲ့တာပဲဖြစ်ပါတယ်။

ဒါကတော့ လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကနေ သူ့အတွက် တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ ရွေးကောက်ပွဲကို မရအရ ကျင်းပနိုင်ဖို့အတွက် အလိုအပ်ဆုံးအကြောင်းအရာဖြစ်တဲ့ သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ စီမံဆောင်ရွက်နေခဲ့တာပဲဖြစ်ပါတယ်။

သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် လာမယ့် စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သတ်မှတ်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ ခန့်ကို ကောက်ယူဖို့ လျာထားတာပဲဖြစ်ပါတယ်။

ဒါက လက်ရှိ ၂၀၂၄ ခုနှစ်မှာ ရှိမယ့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နဲ့ ခန့်မှန်းအိမ်ထောင်စု ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ကောက်ယူဖို့ စီစဉ်ထားတာဖြစ်ပြီး အဲဒီလို ကောက်ယူနိုင်ဖို့ စာရင်းစစ်၊ စာရင်းကောက် ၄၀,၀၀၀ ကျော် အသုံးပြုသွားဖို့ရှိသလို ဒေါ်လာသန်းချီသုံးစွဲသွားဖို့လည်းရှိနေခဲ့တာဖြစ်ပါတယ်။

တကယ်တော့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမယ်ဆိုတဲ့ အကြောင်း ကိစ္စက အခုမှ ရုတ်တရက် အလောတကြီး ပေါ်ပေါက်ဖြစ်တည်လာတာတော့မဟုတ်ပါဘူး။ မဲစာရင်းမှားလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်အာဏာသိမ်းခဲ့ချိန်ကစပြီး ခေါင်းစဉ်ထုတ်ထားပြီးသား ကိစ္စဖြစ်သလို တစ်ဆင့်ချင်း၊ တစ် ရစ်ချင်း အကောင်အထည်ဖော် လုပ်ဆောင်လာနေခဲ့တဲ့ ကိစ္စပါပဲ။

စစ်အာဏာသိမ်းပြီးနောက် တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ်ဇွန်လထဲမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူတာကို ဆောင်ရွက်နိုင်ဖို့ဆိုပြီး ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဖွဲ့စည်းခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ အဲဒီလို ဖွဲ့စည်းမှုမတိုင်ခင်မှာ စစ်ခေါင်းဆောင်က ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြွေးကြော်ခဲ့ပေမဲ့ ရည်ရွယ်ထားသလို အကောင်အထည်ပေါ်မလာခဲ့တာမို့ ၁၀ နှစ် တစ်ကြိမ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သန်းခေါင်စာ ရင်းကောက်ယူတာကို ၂၀၂၄ ခုနှစ်ဆီရွှေ့ခဲ့ပြီး ရွေးကောက်ပွဲကိုလည်း ၂၀၂၅ မှာ ကျင်းပမယ်လို့ ထပ်မံကြွေးကြော် ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါက ရုတ်တရက်ကြည့်ရင် သွေးရူးသွေးတန်းပြောဆိုလုပ်ဆောင်နေတာလို့ ထင်မှတ်စရာဖြစ်ပေမဲ့ ၂၀၂၂ ခုနှစ် ဇွန်လထဲ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဖွဲ့စည်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲမှာ မဲစာရင်းကောက်ယူဖို့ ပရဟိတအဖွဲ့အစည်းတွေနဲ့ ပညာရေးဝန်ထမ်းတွေကို မဲစာရင်းသင်တန်းပေးတာ၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလထဲမှာ နိုင်ငံတွင်းမြို့နယ် ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခဲ့တာ ၊ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ကိစ္စရပ်တွေ၊ ပါတီဖျက်သိမ်းတာတွေ အကောင်အထည်ဖော်ခဲ့တာကိုကြည့်ရင် မဲစာရင်း ၊ သန်းခေါင်စာရင်း၊ ရွေးကောက်ပွဲ ကို ဖိုခနောင့်ဆိုင် တည်ဆောက်လာနေခဲ့တယ်ဆိုတာ သိသာစေတဲ့ အချက်ပဲဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အိမ်သန်းခေါင်စာရင်းရှိ လူဦးရေရဲ့ ဖွားသေစာရင်းတွေကို လဝကရုံးမှာ လာလုပ်ဖို့နဲ့ မှတ်တမ်းမှတ်ရာအတွက် တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ဘိုင်အိုဒေတာကောက်ယူမှုကို လူဝင်မှုကြီးကြပ်ရေးကနေ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

အဲဒီကာလတွေမှာ ဧည့်စာရင်းစစ်ဆေးမှုတွေ အတင်းအကျပ်ပိုမိုလုပ်ဆောင်ခဲ့တာ၊ ခရီးသွားလာတဲ့အခါ သတ်မှတ် အသက်ကျော်မှတ်ပုံတင်ကိုင်ဆောင်သူတွေကို အရေးယူ ငွေညှစ်တာ၊ အခြားသော အခိုင်အမာအထောက်အထားရှိ ပေမဲ့ UID လို့ ခေါ်တဲ့ ဘိုင်အိုဒေတာကောက်ယူထားမှု စာရွက်စာတမ်းအထောက်အထားရှိနေဖို့ အဓမ္မ ဆောင်ရွက် ခိုင်းစေတာတွေကိုကြည့်ရင် ရွေးကောက်ပွဲ၊ မဲစာရင်း၊ သန်းခေါင်စာရင်းကောက်ယူမှုဆိုတာတွေအတွက် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်ဟာ သွေးရူးသွေးတမ်းပြောဆိုနေတာ မဟုတ်ဘဲခရုငယ်တိုင်တက်သလို တစ်ဆင့်ချင်းတက် နေခဲ့တယ်ဆိုတာ ထင်သာမြင်သာရှိနေခဲ့တာပါပဲ။

ဒီနေရာမှာ ရွေးကောက်ပွဲအတွက် အဓိက လိုအပ်ချက်ဖြစ်တဲ့ ပါတီ၊ မဲဆန္ဒနယ်နဲ့ ရွေးကောက်ပုံစနစ်တွေရဲ့ အခင်း အကျင်းကို ကြည့်မယ်ဆိုရင် စစ်ကောင်စီလက်အောက် မှတ်ပုံတင်ပြီးခွင့်ပြုထားတဲ့ ပါတီ ၅၀ နီးပါး ရှိနေခဲ့ပြီး မဲဆန္ဒနယ်တွေအရလည်း အာဏာရှင်ခေတ်အဆက်ဆက် တည်ဆောက်ပုံဖော်ကျင်းပခဲ့တဲ့ နည်းနာတွေကကိုးကား ဖွယ် အသင့်ရှိနေခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပုံစနစ်နဲ့ ပတ်သက်လို့တော့ စစ်အာဏာသိမ်းစမှာ အချိုးကျကိုယ်စားပြုစနစ် (PR system) သုံးမယ်လို့ မျှော်လင့်ချက် အသံကောင်းထုတ်ထားခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ စတုတ္တပတ်ထဲ ပါတီတွေကို စစ်ခေါင်း ဆောင် က ခေါ်ယူပြီး ရွေးကောက်ပွဲအကြောင်း ဆွေးနွေးချိန်မှာတော့ ဘယ်စနစ်သုံးမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ထုတ်မပြောဘဲ ရွေးကောက်ပွဲ လုပ်မယ်ဆိုတဲ့အပေါ်မှာပဲ အဆုံးသတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဒီရဲ့သဘောကတော့ တစ်နှစ်နီးပါး ကျန်နေသေးတဲ့ အချိန်မှာ ရွေးကောက်ပွဲကို လိုလားပြီး ပီအာစနစ်အရ အင်အားနည်းလည်း အမတ်ထိုင်ခုံပေါ် ထိုင်လို့ရနိုင်သလို စိုင်ကော်ရင် ဝန်ကြီး၊ ရာထူးကြီးလည်း ဖြစ်နိုင်တယ်လို့ အာဏာ ငမ်းဖမ်းသူတွေအတွက် ငါးမျှားချိတ်အဖြစ် ထားရှိထားပြီး ဗဟိုမဲဆန္ဒရှင်စာရင်းများစီမံခန့်ခွဲမှုစနစ် (CVLMS) က PR (အချိုးကျစနစ်) ရော FPTP ( အကုန်နိုင် အကုန်ယူစနစ်) ရော သုံးလို့ရနေတဲ့အပေါ် အဆုတ်အတက်ရှိစေထား တဲ့ သဘောလို့ ဆိုရင်လည်း ရမှာဖြစ်ပါတယ်။

ဒီနေရာမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးတည်ထားတဲ့ သန်းခေါင်စာရင်းကောက်ယူမှုဟာ အမှန်တကယ် ဖြစ်သော တိုင်းပြည်ရဲ့ လူဦးရေစာရင်းကို ရယူလိုမှုလား ဒါမှမဟုတ် အဲဒီအပေါ် အခြေပြုပြီး သူ့ရဲ့ ရွေးကောက်ပွဲ ဂယ် ပေါက်ဆီ ထွက်နိုင်ဖို့လားဆိုတဲ့ အချက်ကို ကွဲပြားအောင် နားလည်ဖို့တော့ လိုအပ်ပါတယ်။

စစ်မှန်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုရဲ့ အဓိပ္ပာယ်ကတိုင်းပြည်ရဲ့ နေရာအနှံ့အပြားက လှည်းနေလှေအောင်းမြင်းဇောင်း မကျန်သော လူဦးရေ အချက်အလက်တွေကို ကောက်ယူဖို့ရာအတွက်ဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ်က ကောက် ယူခဲ့တဲ့ သန်းခေါင်းစာရင်း၊ ၁၀ နှစ်အကြာ လက်ရှိ ၂၀၂၄ ခုနှစ်မှာကောက်ယူဖို့ လုပ်ဆောင်နေတဲ့ သန်းခေါင်စာရင်း ရဲ့ ရည်ရွယ်ရင်းကို အဆုံးထိ နှိုက်ကြည့်ရင် စစ်ခေါင်းဆောင်တွေဟာ အာဏာထိုင်ခုံပေါ်ထိုင်ဖို့ ဘာကိုအသုံးချမလဲ ဆိုတာကို အမြဲအစီအစဉ်တကျ ရှိနေခဲ့တယ်ဆိုတာ မြင်နေရတာပဲဖြစ်ပါတယ်။

တကယ်တော့ သန်းခေါင်စာရင်းကောက်ယူတယ်ဆိုတဲ့ အကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ အကြောင်းဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ အမြဲလို ချကျွေးလေ့ရှိတတ်တဲ့ ထန်းလျက်ခဲ တစ်ခဲပါပဲ။ အဲဒီထန်းလျက်ခဲက ပြည်တွင်းပြည်ပ နိုင်ငံတကာအားလုံးဆီကို အမြဲလိုချကျွေးပြီး အော်ဟစ်နေတဲ့ အသံတွေကို တိုးတိတ်သွားစေ သလို စစ်အာဏာရှင်စနစ်ကိုတွန်းလှန်နေမှုအပေါ် အားယုတ်လျော့ပါးသွားစေတဲ့ နည်းနာလို့ ဆိုရမယ့်အရာလည်း ဖြစ်ပါတယ်။ (အဲဒီထန်းလျက်ခဲကို လိုလိုလားလားမျှော်လင့်နေကြသူတွေလည်း ရှိနေခဲ့တာ အမှန်ပဲဖြစ်ပါတယ်။)

မပြောမဖြစ် အချက်အလက်တစ်ခုအဖြစ် ပြောရရင် မြန်မာနိုင်ငံတွင်း မြို့ပေါင်း ၃၃၀ ရှိတဲ့အနက် ၂၀၀၈ ဖွဲ့စည်း ပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာခဲ့တဲ့ စစ်ဘောင်းဘီချွတ်တွေရဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ မြို့ပေါင်း ၃၂၅ မြို့ ရွေး ကောက်ပွဲ ကျင်းပနိုင်ခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၅ ရွေးကောက်ပွဲမှာ မြို့ပေါင်း ၃၃၀ အနက် ၃၂၃ မြို့ပဲ ရွေးကောက် ပွဲကျင်းပနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ မြို့ပေါင်း ၃၁၅ မြို့ပဲ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီအချက်အလက်က စစ်အာဏာရှင်လက်ထက် ပိုတည်ငြိမ်ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်တယ်ဆိုတဲ့ သဘောတရား ဆိုလိုချက်မဟုတ်ပါဘူး။ စစ်အာဏာရှင်ဟာ သူရွေးကောက်ပွဲလုပ်စေချင်ရင် ဘယ်အကြောင်းတရားကိုမဆို ဖန်တီးပြီး လုပ်ဆောင်ခဲ့တယ်ဆိုတာကို သက်သေညွှန်းဆိုပြလိုခြင်းသာ ဖြစ်ပါတယ်။ ( အဲဒီကာလတွေ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နယ်မြေတွေနဲ့ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် ဒီအချက်ကို နားလည်မှာဖြစ်ပါတယ်။)

နာမည်ကျော် စာရေးဆရာမကြီး လူထုဒေါ်အမာရဲ့ ထင်ရှားတဲ့ အသုံးတစ်ခု ရှိပါတယ်။ ‘အာဏာရှင်ဟာ ဘယ် တော့မှ အရှင်မထွက်ဘူး’ ဆိုတဲ့ဟာပါ။ သဘောကတော့ အသက်ထင်ရှားရှိနေချိန်မှာ အာဏာကိုဘယ်တော့မှ ၊ ဘယ် လိုနည်းနဲ့မှ လက်မလွတ်ဘဲဆုပ်ကိုင်နိုင်ဖို့ ရနိုင်သမျှနည်းနာတွေကို အာဏာရှင်ဟာ အသုံးပြုနေဦးမယ်ဆို တဲ့ သဘောပါပဲ။

ငယ်ငယ်တုန်းက သင်ခဲ့ဖူးကြတာ မှတ်မိကြဦးမယ် ထင်ပါတယ်၊ မပုကြွယ်နဲ့ ခရုငယ်ဆိုတဲ့ ပုံပြင်ပါ ။ ပျင်းရိတဲ့ မပု ကြွယ်ဟာ တိုင်ထိပ်ဆီထိရောက်အောင် တက်နေတဲ့ ခရုငယ်ကို ကြည့်ရင်း ကြိုးစားရမယ်ဆိုတဲ့ အသိခွန်းအားကို ရခဲ့တာမျိုးပေါ့။

အခုကတော့ မပုကြွယ်လို ခရုငယ်ကို ကြည့်ရင်း ကြိုးစားအားထုတ်မှုကို တွေးတောရမယ့်အကြောင်းမဟုတ်ဘဲ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ သူ့ထွက်ပေါက်ဆီရောက်ဖို့ ရွေးကောက်ပွဲခရုကြီးကို တစ်ဆင့်ချင်းတွန်းတင်ပြီး တိုင်းပြည်လည်ပင်းကို ရစ်အောင်၊ အစ်အောင်လုပ်ရင်း ရှင်သန်သွားဖို့ ရှိနေတဲ့အကြောင်းဆိုတာ မမေ့ဖို့ပါပဲ။ သေသေချာချာ ရှင်းအောင်၊ လင်းအောင် ပြောရရင် အာဏာရှင်ဟာ ဘယ်တော့မှ အရှင်မထွက်ဘူး ဆိုတာပါပဲ။

မာအောင်

The Tanintharyi Times