တိုက်ပွဲကြောင့် ပျောက်ဆုံးသွားတဲ့ ရွှေ၊ ငွေတွေကို ရှာဖွေအပ်နှံပေးနေတယ်လို့ AA ဆို
တိုက်ပွဲကြောင့် ပျောက်ဆုံးသွားတဲ့ ရွှေ၊ ငွေတွေကို ရှာဖွေအပ်နှံပေးနေတယ်လို့ AA ဆို
တိုက်ပွဲအတွင်းနဲ့ တိုက်ပွဲပြီးဆုံးချိန်မှာပျောက်ဆုံးသွားတဲ့ ဒေသခံအရပ်သားတွေရဲ ရွှေ ၊ငွေ လက်ဝတ်ရတနာတွေကို အာရက္ခတပ်တော် AA ကပြန်လည်ရှာဖွေပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။
ကာယကံရှင်တွေက AA ထောက်လှမ်းရေးအဖွဲ့မှာ တိုင်တန်းတာတွေရှိတာကြောင့် သွားရောက်ရှာဖွေကာ ပြန်လည်အပ်နှံပေးနေတယ်လို့ AAကဆိုပါတယ်
ပြည်သူတွေရဲ့ ရွှေ ငွေတွေကို ခိုးယူထားသူတွေကိုလည်း စုံစမ်းစစ်ဆေးပြီး အပြစ်ကျူးလွန်ခဲ့ကြောင်း ထင်ရှားသူတွေကို အပြစ်ပေးအရေးယူခဲ့သလို ခိုးယူထားတဲ့ပစ္စည်းတွေကို ပိုင်ရှင် အစစ်အမှန်ဆီ ပြန်အပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
တချို့ မပြီးပြတ်သေးတဲ့ ပျောက်ဆုံးမှုတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး ပြည်သူတွေအနေနဲ့ တိုက်ပွဲအတွင်းမှာ ရှာဖွေလို့ မရလောက်အောင် ပျက်စီးသွားတဲ့ လက်ဝတ်ရတနာတွေ မဟုတ်ဘဲ နေအိမ်တွေမှာ သိမ်းဆည်း သိုဝှက်ထားပြီး ပြန်ရှာလို့ မတွေ့ရင် သက်ဆိုင်ရာ နယ်မြေ ဒေသအလိုက် AA ရဲ့ အုပ်ချုပ်ရေးမှူးတွေဆီကို မှန်မှန်ကန်ကန် သတင်းပေးပို့နိုင်တယ်လို့လည်း ပြောပါတယ်။
AA က ရွှေ ငွေ တွေကို ရှာဖွေပေးပြီး ပြန်လည်အပ်နှံပေးတဲ့ထဲမှာ ကျိန္တလီမြို့ရှိ ခရစ်ယာန်ဘုရားကျောင်း တကျောင်းက အသင်းသားတွေ ဝှက်ထားခဲ့တဲ့ ရတနာတွေကို ပြန်လည်ရှာဖွေပေးပြီး အပ်နှံခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
အာရက္ခတပ်တော်ဟာ တိုက်ပွဲအတွင်း အာရက္ခစစ်သည်တော်ကျင့်ဝတ်နဲ့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် ဝတ္တရားကို အဆင့်ဆင့် ညွှန်ကြားထားပြီး တပ်ဖွဲ့ဝင်နဲ့ အုပ်ချုပ်ရေးဘက်က လုပ်ပိုင်ခွင့်နဲ့ အာဏာကို အလွဲသုံးစားပြုလုပ်ပြီး ပြည်သူ့ဥစ္စာတွေကို ယူသုံးတဲ့ အကျင့်ပျက်ဝန်ထမ်းတိုင်းကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်လာ ၁၃ ရက်နေ့မှာ ပြန်လည်စတင်ခဲ့တဲ့ ရခိုင်တိုက်ပွဲဟာ အခု အချိန် ၁၀ လတာအတွင်း ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏာကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲနဲ့ ပလက်ဝ ဒေသတို့ကို AA က သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ နခခ-၅ စခန်းတခုသာ ကျန်ရှိတော့တဲ့ မောင်တော အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မြို့တို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ထိုးစစ်တွေ ဆက်လက်ဆင်နွှဲနေတယ်လို့ AA က ဆိုထားပါတယ်။
မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားစဉ်မှာ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စတဲ့ မြို့က ဒေသခံတွေဟာ တိုက်ပွဲလွတ်ရာနယ်မြေကို ကြိုတင်ရှောင်ရှားခဲ့နိုင်တာကြောင့် အသက်အန္တရာယ်ဆုံးရှုံးမှု နည်းခဲ့ပေမယ့် ပြည်သူတွေ ပိုင်ဆိုင်တဲ့ ဆိုင်ကယ်၊ ကား၊ မီးခံသေတ္တာ အစရှိတဲ့ ထုထည်ကြီးမားတဲ့ ပစ္စည်းတွေ၊ နေအိမ်တွေမှာ ဝှက်ပြီး ချန်ရစ်ထားခဲ့တဲ့ ရွှေ ငွေတွေ ပျက်ဆီးတာ ပျောက်ဆုံးတာတွေကို ကြားသိခဲ့ရအပြီး AA ဘက်က အခုလို ရှာဖွေမှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
မြို့တွင်းတိုက်ပွဲပြင်းထန်ခဲ့တဲ့ ပေါက်တော၊ ရမ်းဗြဲ၊ ဘူးသီးတောင်နဲ့ အခုထိ တိုက်ပွဲပြင်းထန်နေဆဲ မောင်တောမှာတော့ လူနေအဆောက်အအုံ ပျက်စီးမှု ပိုများနေတာဟာ စစ်ကောင်စီဘက်က ဒေသခံတွေကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး ခံစစ်ပြုလုပ်တာ၊ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ပျက်စီးမှု ပိုများတယ်လို့ AA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
AA အနေနဲ့ လက်ရှိမှာ “ပြည်သူ့လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး” ဌာနကို ဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင်အသစ်တွေ ခေါ်ယူကာ ဌာနကို တိုးချဲ့ဖွဲ့စည်းနေသလို ပြည်သူလူထုပူးပေါင်းမှုနဲ့ ပိုလုံခြုံမှုရှိတဲ့ အနေအထားရောက်အောင် ကြိုးစားဆောင်ရွက်သွားမယ်လို့လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ် ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

The Tanintharyi Times
