လူတိုင်း ဘဝတိုင်းဟာ

လူတိုင်း ဘဝတိုင်းဟာ

ပါပလာကြိုက်တဲ့ ကိုယ့်အတွက် ကံကောင်းတယ်လို့ ဆိုရမလားပါပဲ။ အိမ်နား နေ့စဉ်ဖြတ်သွားရင်း ပါပလာရောင်း‌တဲ့ မာမူကြီး တစ်ယောက်ရှိတယ်။

အစကတော့ သူက ကိုယ့်အိမ်ဘက်နား မဟုတ်ဘဲ ကားလမ်းတစ်ဖက်ခြမ်း ပလက်ဖောင်းကနေ သူ ပါပလာ ရောင်းချမယ့် မြို့ထဲဈေးကွက်နေရာတွေဆီကို သွားရောင်းတာမျိုးပေါ့။

တစ်ရက် သူဈေးရောင်းအသွား ကိုယ့်အိမ်ဘက်အခြမ်း ဒီဘက်ပ‌လက်ဖောင်းကနေ တွေ့မြင်အသံကြားမိရင်း ခေါ် ဝယ်စားဖြစ်ရာက ဒီနေရာကို သူနေ့စဉ်ဖြတ်သွားပြီး ရောင်းချနေတယ်ဆိုတာကို သိရမိတယ်။

ဒါနဲ့ ဒီနေရာကနေ နေ့စဉ် ဖြတ်သွားဖြစ်တယ်ဆိုရင် ကြုံကြိုက်တဲ့အခါ ပါပလာဝယ်လို့ရအောင် ကားလမ်း ဒီဘက်အခြမ်း ပလက်ဖောင်းဆီဘက် ကူးလာပြီး အော်ရောင်းသွားပေးပါလို့ သူ့ကို စကားဆိုမိတယ်။

အဲဒီနောက်ပိုင်း သူက အမြဲလို ကိုယ့်အိမ်ဘက်ခြမ်း ပလက်ဖောင်းဆီဘက် ကားလမ်း ကူးလာတတ်တယ်။

ပလက်ဖောင်းဘေး ကိုယ့်အိမ်နားရောက်ရင် ကိုယ်ကြားအောင် ‘ပါပလာ’ လို့ အသံကို နဂိုထက် မြှင့်အော်ပြီး သတိပေးတတ်တယ်။ ကိုယ်ကလည်း အသံကြားတယ်ဆို ထွက်ပြီး အမြဲဝယ်ဖြစ်တယ်။

ကြားရက်တွေ နေ့တိုင်း ပုံမှန်လာတတ်ပေမဲ့ စနေ ၊ တနင်္ဂနွေတော့ သူမလာတတ်ဘူး။

မြို့ထဲကို နေ့တိုင်း သူလာပြီး ပါပလာရောင်းတတ်တယ်လို့ပဲ ထင်ထားမိတော့ စနေ၊ တနင်္ဂနွေရက်တွေဆို သူ့ကို ကိုယ်က မျှော်နေမိတတ်တယ်။ နောက်ပိုင်းမှ အဲဒီရက်တွေဆိုရင် သူက မြို့ထဲကို မလာဘဲနဲ့ သူနေတဲ့ နေရာအနီး ဝန်းကျင်မှာပဲ ပါပလာ လှည့်ရောင်းလေ့ရှိတယ်ဆိုတာကို သိလာရတယ်။

သူက မြို့တွင်းနဲ့ အတော်ကလေးကို လှမ်းတဲ့ မြို့စွန်နေရာ ဇနပုဒ်လေးတစ်ခုမှာ နေတာ။ အဲဒီသူနေတဲ့ နေရာကနေ မြို့ထဲအထိ လိုင်းကားစီးလာပြီး မြို့ထဲတစ်လျှောက် လမ်းလျှောက်ရင်း ‘ပါပလာ’ လိုက်ရောင်းတာ။ သူ့ပါပလာကလည်း အတော့်ကို စားကောင်းတာမို့ အတော်လည်း ရောင်းရရှာတယ်။ ကိုယ် ကိုယ်တိုင်လည်း အတော်လေး ကြိုက်မိတယ်။

အဲဒီလို မာမူကြီးက ကားလမ်းကူးလာပြီး ကိုယ့်အိမ်နား ပလက်ဖောင်းဘက်ဆီ အရောက် ‘ပါပလာ’ လို့ အသံမြှင့် အော်၊ ကိုယ်ကလည်း ကြုံရင် ကြုံသလို ဝယ်စားနဲ့ ရှိနေခဲ့တာ လေး၊ ငါးလ မကတော့ဘူး။

ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ကတော့ မာမူကြီးရဲ့ ‘ပါပလာ’လို့ အော်ရောင်းသံ မကြားရမိတာကို သတိထားဖြစ်တယ်။ ဟိုးရက်ပိုင်း မိုးတွေဆက်တိုက်ရွာချိန်တုန်းက အခုလိုပဲ၊ တစ်ဖြတ် အသံပျောက်သွားပြီး မိုးစဲပြီးနေပြန်ပွင့် တယ်ဆို မာမူကြီး ရဲ့ ‘ ပါပလာ’ အော်‌ရောင်းသံကို ပုံမှန်ပြန်ကြားရခဲ့တယ်။

အခုကတော့ မာမူကြီး အသံမကြားရတာ တစ်ပတ်ဆယ်ရက်လောက် ရှိလာခဲ့တယ်။

နေထိုင်များမကောင်းလို့လား၊ ဘာများအဆင်မပြေရှိလဲ မသိဘူးလို့ တွေးရင်း၊ မျှော်ရင်းရှိနေတုန်း တစ်ရက်တော့ ပါပလာသည် မာမူကြီးရဲ့ အော်သံ ပြန်ကြားရတာနဲ့ အိမ်ရှေ့ထွက်ပြီး ပါပလာ ဝယ်ဖြစ်တယ်။

‘ပါပလာ’ လို့ အော်သံမကြားရဘဲ အသံပျောက်နေတဲ့ တစ်ပတ်ဆယ်ရက်အတွင်းလောက်မှာ ပါပလာသည် မာမူကြီးရဲ့ ပုံစံက အရင်လို တက်ကြွပြုံးရွှင်မှုတွေ နည်းသွားသလို ခံစားရမိတယ်။ ဆံပင်တွေ ပွယောင်းယောင်းနဲ့ မုတ်ဆိတ် ကျင်စွယ်တွေလည်း အရင်လို ရိတ်သင်မထားဘဲ မသပ်မရပ်ရှိနေခဲ့တာ သတိထား ဖြစ်မိတယ်။

ဘာလို့ပျောက်နေတာလဲလို့ မေးမိတော့ ဆီ၊ အစ်ကိုလေး၊ ဆီ တဲ့ ။

ပါပလာကြော်ဖို့ လိုအပ်တဲ့ ဆီရဖို့အတွက် သူတို့က အခြားသူတွေလို အလွယ်တကူ တန်းစီဝယ်ယူလို့မရတော့ တန်းစီဝယ်ယူလို့ရနိုင်တဲ့ နေရာတွေဆီမှာ ညဘက် အိပ်ရေးပျက်ခံ ဆီတိုးရ၊ ဆီရပေမဲ့ ညဘက်အိပ်ရေးပျက်တော့ အ သက်အရွယ်အရ မနက်ကို ပါပလာကြော်ပြီး မြို့ထဲလှည့်ရောင်းဖို့ အင်အားမရှိဖြစ်ပြီး မရောင်းနိုင်နဲ့ ပျောက်နေတာလို့ ဆိုရှာတယ်။

ဆီက တခြားသူတွေလို ဘာလို့တန်းစီမရတာလဲဆိုတော့ အစ်ကိုလေးကလည်း သန်းခေါင်စာရင်းတို့ မှတ်ပုံတင်တို့လေ အစ်ကိုလေးရဲ့တဲ့။

အဆမတန် ဈေးတွေတက်ပြီး လိုသလောက်ဝယ်ယူမရသလို ၅၀ ကျပ်သားလောက် ရဖို့အရေး နေပူမရှောင် မိုးရွာမရှောင် တန်းစီတိုးနေရတဲ့ အဖြစ်အပျက်ကြီးထဲ မာမူကြီးလည်း ရှောင်လွှဲမရပေမဲ့ တစ်လျှောက်လုံးသော အာဏာရှင် စနစ်ဆိုးကြီးထဲ ခွဲခြားဆက်ဆံ ခံထားရတဲ့ အကျိုးအကြောင်းမှာ ထပ်မံ ဖယ်ကျဉ်ခံရခြင်းဟာ မာမူကြီးအတွက် ပါပလာကို ပုံမှန်ရောင်းချနိုင်ဖို့ အားနည်းစေခဲ့ပုံရပါတယ်။

မာမူကြီးက အဲဒီလိုပြောတော့ ဟိုးတစ်ရက်၊ အိမ်နားက ဘီယာဆိုင်ရှေ့ ဗယာကြော်ရောင်းတဲ့ အမျိုးသမီးပြောတာကိုလည်း သတိရသွားမိတယ်။ အဲဒီတုန်းကလည်း ဆီတွေဈေးတက်နေတာ ရောင်းလို့ ကိုက်ရဲ့လားလို့ မေးမိရင်း ဆီက အပြင်က ဝယ်ရောင်းရတာ ဆရာလေးရယ် ပြောလို့ ဘာကြောင့်လဲ မေးမိတုန်း အခု မာမူကြီး ပြောသလို ပြန်ပြောတာကြုံရတာကို သတိရမိသွားတာပါ။

ပါပလာ ဈေးတက်လားလို့ မေးတော့ တခြားသူတွေတက်ပြီ အစ်ကိုလေးကိုတော့ မတက်ပါဘူးတဲ့ ။ မဟုတ်တာ တက်ပါ ၊ တက်ဈေးပြောပါဆိုတော့။ အရင်ဈေးပဲ ယူပါ အစ်ကိုလေး။ မာမူကို့ ဆေးလိပ်တစ်လိပ်လောက်ပဲ တိုက် ပါ၊ အဖြူ (စီးကရက်) မသောက်ရတာ ကြာလို့ သောက်ချင်လို့ပါတဲ့။

အဲဒါနဲ့ ‌သောက်လက်စ လက်ကျန်စီးကရက်ဘူးကို မာမူကြီးကို အကုန်ပေးပြီး၊ ပါပလာ သုံးလေးထုတ်ယူဖြစ်ပေမဲ့ မုန့်ဖိုးဆိုပြီး ငွေစတချို့ပေးဖြစ်ခဲ့တယ်။ ရောက်ရင်‌ ဝယ်ရအောင် အော်ပါလို့လည်း ထပ်မှာ ဖြစ်ခဲ့တယ်။

အခုတော့ အိမ်နားက ဘီယာဆိုင်ရှေ့မှာ ရှိတဲ့ဗယာကြော်သည်လည်း မတွေ့တော့ဘူး။ မာမူကြီးရောက်မလာတာလည်း နောက်ထပ် လေးငါးဆယ်ရက်ကြာ ရှိခဲ့ပေါ့။

ညီမင်းဆက်

The Tanintharyi Times