နမ့်ခမ်း မှာ စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင် အပါအဝင် မြို့ခံ ၁၁ ဦး သေဆုံး
နမ့်ခမ်း မှာ စစ်ကောင်စီဗုံးကြဲလို့ ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင် အပါအဝင် မြို့ခံ ၁၁ ဦး သေဆုံး
တအာင်းတပ်မတော် TNLA ရဲ့ တပ်မဟာ ၁ စစ်ဒေသနယ်မြေ နမ့်ခမ်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေ နဲ့ ကိုယ်ဝန်ဆောင်မိခင်အပါအဝင် မြို့ခံ ၁၁ ဦးသေဆုံးခဲ့တယ်လို့ TNLA က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီ က ပေါင်ငါးရာဗုံး နဲ့ ညအချိန်မတော်ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကလေးငယ်နှစ်ဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ် ဦး အပါအဝင် မြို့ခံ ၁၁ ဦး သေဆုံးခဲ့ရကြောင်း TNLA က ဆိုပါတယ်။
ဒီကနေ့ မနက် ၁ နာရီကျော်အချိန်မှာ နမ့်ခမ်းမြို့ ညဈေးအနီးနဲ့ ကျားဖြူခန်းမအနီးမှာ ရှိတဲ့ ပြည်သူနေအိမ်တွေပေါ်ကို စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ လူအများအပြား သေကြေပျက်စီးစေနိုင်တဲ့ ဖျက်အားပြင်းလက်နက်ဖြစ်တဲ့ ပေါင် (၅၀၀) ဗုံး နှစ်လုံးကို အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။
အခု ဗုံးကြဲတိုက်ခိုက်မှုမှာ ကလေးငယ် ၂ ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၅ ဦး စုစုပေါင်း ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရတဲ့အပြင် နေအိမ် ၆ လုံးပါ ပျက်စီးသွားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းမှာကတည်းက တအာင်းတပ်မတော် TNLA အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ နမ့်ခမ်းမြို့ဟာ တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ မြို့ဖြစ်ပြီး TNLA အုပ်ချုပ်တဲ့နောက်ပိုင်း စစ်ကောင်စီက ပထမဆုံးအကြိမ် လာရောက်ဗုံးကြဲတာလို့ ဆိုပါတယ်။
အခု စက်တင်ဘာလထဲမှာ မန်တုံနဲ့ သီပေါမှာလည်း စစ်ကောင်စီက လေကြောင်းကနေ လာရောက်ဗုံးကြဲခဲ့ပြီး စက်တင်ဘာ ၄ ရက်နေ့က သီပေါမြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ ပြည်သူ ၁ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ဇွန်လကုန်ကတည်းက ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် တအာင်းတပ်မတော် TNLA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီးနောက် TNLA ထိန်းချုပ်ရာ စစ်ဒေသတွေဖြစ်တဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း မြို့တို့မှာ အရပ်သားပစ်မှတ်တွေကို ဦးတည်ပြီး လူအများအပြားကို သေစေနိုင်တဲ့ ပေါင် (၅၀၀) ဗုံးတွေနဲ့ စစ်ကောင်စီက နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
The Tanintharyi Times