ရေကြီးရေလျှံနဲ့ သတိပြုစရာ ကျန်းမာရေး

ရေကြီးရေလျှံနဲ့ သတိပြုစရာ ကျန်းမာရေး

ယခုကာလမှာ မထင်မှတ်ထားတဲ့ ကုန်းမြင့်ဒေသတွေမှာတောင် ရေကြီး၊ရေလျှံတွေကြောင့် အသက်တွေ ဆုံးရှုံးနေကြရတာကို ဝမ်းနည်းစွာကြားသိနေရပါတယ်။အသက်မဆုံးရှုံးသူတွေမှာလည်း ဒုက္ခမျိုးစုံကို ရင်စည်းခံစား ရတဲ့ ကာလကြီးပင် ဖြစ်ပါတယ်။

ရေကြီးရေလျှံဖြစ်ရင် ဘေးဒုက္ခတွေအပြင်
သတိပြုစရာ ကျန်းမားကိစအချို့လည်း ရှိပါတယ်။ရေကြီးရေလျှံတဲ့ ဒေသတွေမှာ အများအားဖြင့် ဝမ်းပျက်ဝမ်းလျှော၊အသည်း ရောင်အသားဝါ၊ယားယံနာဖြစ်ခြင်း၊သွေးလွန်တုပ်ကွေး၊အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်တဲ့ အအေးမိခြင်း၊ အစာမကြေခြင်း၊လေထိုးလေအောင့်ဖြစ်ခြင်းစတာတွေအပြင် မြွေကိုက်ခံရခြင်း၊ဓာတ်လိုက်ခံရခြင်းတို့ ကြုံတွေ ခံစားရနိုင်ပါတယ်

(၁)သောက်ရေ၊သုံးရေ

သောက်ရေ၊သုံးရေက လူသားတို့အတွက်
အင်မတန်အရေးကြီးပါတယ်။ရေဆိုတာ ရှိနေရုံနဲ့မရ သန့် ရှင်းနေဖို့လည်း လိုပါတယ်။

ဝမ်းပျက်ဝမ်းလျှောဆိုတာ သောက်သုံးရေမသန့်ရှင်းခြင်း၊အစားအစာမသန့်ရှင်းခြင်း၊သုံးရေမသန့်ရှင်းခြင်း ၊လက်မသန့်ရှင်းခြင်းတွေကနေဖြစ်ပွါးတာပါ။

ရေကြီးရေလျှံပြီးသောဒေသတွေမှာ ရေကျပြီးတဲ့နောက်မှာ ရေကိုကျိုချက်ပြီးမှသောက်သုံးသင့်ပါတယ်။ ရေကျသွားတဲ့ နေရာတွေမှာ ပိုးမွှားများကင်းစင်စေဖို့ အတွက် ထုံးဖြူးထားနိုင်ပါတယ်။ရေစိုထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေလည်း ပေါက်ဖွားနိုင်တာမို့ မနှာမြောဘဲ လွှင့်ပစ်သင့်ပါတယ်။

သောက်ရေမသန့်ရှင်းရင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်နိုင်သလို သုံးရေမသန့်ရှင်းတာကြောင့်လည်း ဝဲယားနာဖြစ်တတ်ကြပါတယ်။

ဝဲယားနာဆိုတာက ခန္ဓာကိုယ်အရေပြားပေါ်မှာ နေရာဌာနမရွေးပေါက်တတ်တယ်။ ဝဲယားနာလက္ခဏာတွေက လက်ချောင်း၊ခြေချောင်းကြား၊ချိုင်းကြား၊ပေါင်ခြံ၊တင်ပါး၊လိင်င်္အဂါတဝိုက်နဲ့ အရေပြားအတွန့်ရှိတဲ့ နေရာအားလုံးမှာ ယားယံခြင်းကို ခံစားရခြင်းဖြစ်ပါတယ်။
ကလေးငယ်များမှာမူ လက်ချောင်း၊ခြေချောင်းတွေးသာမက မျက်နှာတွေမှာလည်းတွေ့နိုင်ပါတယ်

(၂) အစားအစာ စားသုံးမှု

အစားမတော်တစ်လုပ်ဆိုတဲ့အတိုင်း အစားအစာကလည်း ကျွန်မတို့ကျန်းမာရေးအတွက် အများကြီး မူတည်နေပါတယ်။
ရေစိုထားတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ ပေါက်ဖွားနိုင်တာမို့ မနှာမြောဘဲ လွှင့်ပစ်သင့်ပါတယ်။

အေးစက်နေတဲ့အစာတွေကို စားမဲ့အစား ပူပူနွေးနွေးစားသင့်ပါတယ်၊ မလတ်ဆတ်တဲ့အစားအစာ (ရက်လွန်စာ)တွေ၊ ထမင်းသိုး၊ဟင်းသိုးတွေကို မစားသင့်ပါဘူး။

အစားအစာအစိုတွေထက် အစာခြောက် တွေ(ခေါက်ဆွဲခြောက်၊ငါးသေတ္တာ)ကို စုဆောင်းထားသင့်ပါတယ်။ အစားအစာတွေကို ကျက်အောင်ချက်ပြုတ်ပြီးမှ စားသုံးသင့်ပါတယ်

(၃) ဝတ်စားဆင်ယဉ်မှု

လူမှာအဝတ်ဆိုတဲ့ အတိုင်း လူသားတို့ရဲ့ကျန်းမာရေးက အဝတ်အစားဝတ်ဆင်မှုပေါ်မှာလည်း အများကြီး မူတည်နေပါတယ်။

ရေကြီးတဲ့ ဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အအေးမိဖျားနာခြင်း၊အဆုတ်အအေးမိခြင်းတို့ ကင်းဝေးစေဖို့ အလို့ငှာ အနွေးထည်၊ စောင်၊ခြင်ထောင်တွေကို မိမိတို့နဲ့အတူ ဆောင်ထားသင့်ပါတယ်။

ငယ်လွန်းတဲ့ ကလေးတွေမှာမူ ခြင်ကိုက်ခြင်းကြောင့် သွေးလွန်တုပ်ကွေးရောဂါကို ခံစားရနိုင်တာကို မေ့မထား သင့်ပါဘူး။
စိုစွတ်နေတဲ့ ရေစိုနေတဲ့ အဝတ်တွေကို ကြာရှည်ဝတ်ထားခြင်းကိုလည်း သတိမူသင့်ပါတယ်။

(၄)ကြိုတင်ပြင်ဆင်ခြင်း

ရေကြီးနေတဲ့ ဒေသတွေမှာ ဓာတ်လိုက်ခြင်းအန္တရာယ်ကနေ ကင်းဝေးစေဖို့အလို့ငှာ လျှပ်စစ်မီးတွေပိတ်ထားခြင်း အသုံးမပြုခြင်းတို့ကို လုပ်ဆောင်ထားသင့်ပါတယ်။

မိမိတို့မှာ ကလေးငယ်တွေရှိပါကလည်း ရေထဲသွားပြီး ဆော့ကစားခြင်းမပြုဖို့မှာထားသင့်ပါတယ်။

ရေစီးသန်တဲ့အခါ လူပါမျှောပါသွားနိုင်ကြောင်းမိမိတို့ကလေးတွေကို ပြောပြထားသင့်ပါတယ်။
ရေလွှမ်းချိန်မှာ ချိုင့်ခွက်နဲ့ မြောင်းတွေအတွင်းကို ချော်ကျရာမှ ရေနစ်နိုင်ကြောင်းကိုလည်း သတိထား သင့်ပါတယ်။

ရေကျသွားပြီးနောက်မှာလည်း မိမိတို့အသုံးအဆောင်၊အဝတ်ထုတ်တွေကို ယူဆောင်ရာမှာ သတိပြုယူဆောင်သင့်ပါတယ်။လူကြီးမပါဘဲ ကလေးတွေကိုပဲ ယူဆောင်ခိုင်းခြင်းမပြုလုပ်သင့်ပါဘူး။

အဝတ်အစား၊ အသုံးအဆောင်တွေရဲ့အောက်မှာ မြွေအပါအဝင် အဆိပ်ရှိသတ္တဝါတွေကိန်းအောင်းနေနိုင်တာကို သတိပြု သင့်ပါတယ်။

ဒါ့အတူ ခြင်မပေါက်ဖွားစေဖို့ အိမ်တွင်းနဲ့ အိမ်ပတ်လည်ရှိ ရေဝပ်သောနေရာတေံကို ရှင်းလင်းမြေ ဖို့ပေးဖို့ လိုပါတယ်။

မိမိတို့တစ်ကိုယ်ရေသန့်ရှင်းရေးကို တတ်နိုင်သလောက်ဂရုပြုသင့်တဲ့ ကာလဖြစ်တာကိုမေ့မထားသင့်ပါဘူး။

အရေးကြီးဆုံးက မိုးလေဝသအခြေအနေကို အမြဲမပြတ်သတိပြုစောင့်နားထောင်သင့်ပါတယ်။ လိုအပ်လာပါက မိမိတို့အိမ်ကို စွန့်ခွာပြီး အန္တရာယ်ကင်းတဲ့ နေရာဆီ ပြောင်းရွှေ့နေထိုင်သင့်ပါတယ်။ မသန်စွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေကို ဦးစားပေးပို့ဆောင်သင့်ပါတယ်။

မိမိတို့အိမ်တွေမှာ အသုံးပြုနိုင်တဲ့ အိမ်သုံးဆေးဝါးပါတဲ့ ဆေးသေတ္တာကိုအနီးကပ် ဆောင်ထားပါ။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times