တနင်္သာရီမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့အမျိုးသမီးသုံးဦးဒဏ်ရာရ

တနင်္သာရီမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့အမျိုးသမီးသုံးဦးဒဏ်ရာရ

ပုံစာ - စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ညောင်ပင်ကုန်းရွာခံ အမျိုးသမီး။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် ဒေသခံအမျိုးသမီးသုံးဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီကနေ့မနက် ၈ နာရီခွဲဝန်းကျင်မှာ အရှေ့မော်တုန်းရွာအခြေစိုက် အမြောက်တပ်ရင်း အမတ (၃၀၆) ကနေ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာဘက်ကို ဒရုန်းအကြီးစားနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ညောင်ပင်ကုန်းရွာခံ တွေကဆိုပါတယ်။

စစ်ကောင်စီချခဲ့တဲ့ ဒရုန်းဗုံးသီးဟာ ညောင်ပင်ကုန်းရွာ ပြည်ထောင်စုလမ်းမကြီးအနီးကို ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးနားမှာ မနက်ခင်းဈေးဝယ်ဖို့စောင့်နေတဲ့ ရွာခံအမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ အဲ့နားမှာ ဈေးကားလာမှာဆိုတော့ ဈေးဝယ်ဖို့စောင့်နေတဲ့သူတွေအများကြီးပဲ။ အဲ့အမျိုးသမီးသုံးယောက်က အတူတူရပ်နေကြတာ။ ဗုံးသီးက သူတို့နားကိုသွားကျတယ်” လို့ ညောင်ပင်ကုန်းရွာခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကတော့ အသက် ၃၂ နှစ်အရွယ် မငြိမ်းငြိမ်းယု၊ အသက် ၃၆ နှစ်အရွယ် မသီသီမိုးနဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်တင်ရီတို့ဖြစ်တယ်လို့ တနင်္သာရီမြို့နယ်အတွင်းက ကျန်းမာရေးစီဒီအမ်ဝန်ထမ်းတစ်ဦးဆီကနေ သိရပါတယ်။

မငြိမ်းငြိမ်းယုမှာ ညာဘက်လက်တံတောင်ဆစ်နဲ့ ညာဘက်ခါးစောင်းမှာ ဗုံးသီးစထိမှန်ဒဏ်ရာတွေရခဲ့ပြီး မသီသီမိုးမှာ ညာဘက်တင်ပါးနဲ့ ခြေထောက်နှစ်ဖက်မှာ ဗုံးစထိမှန်ဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်တင်ရီမှာတော့ ညာဘက်ပါး၊ နားထင်၊ လက်မောင်းရင်း၊ လက်ဖမိုး၊ ပေါင်၊ ခြေသလုံးနဲ့ ဘယ်ဖက်ခြေဖမိုးတွေမှာ ဗုံးစထိမှန်ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

“ သုံးယောက်လုံးဒဏ်ရာပြင်းတယ်။ အခု မြိတ်ကိုပို့ချဖို့လုပ်နေတယ်” လို့ ညောင်ပင်ကုန်းရွာခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

တနင်္သာရီမြို့နယ်နဲ့ မြိတ်မြို့နယ်တွေမှာ စစ်ကောင်စီဘက်က အခုလထဲ အရပ်သားတွေကိုပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးသီးချတာတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“ စစ်ကောင်စီဘက်က အခုနောက်ပိုင်း သူတို့ထိန်းချုပ်နယ်မြေမဟုတ်တဲ့နေရာတွေဆို အရပ်သားဖြစ်ဖြစ် ဘာဖြစ်ဖြစ် အကုန်ဒရုန်းချနေတယ်ဗျ။ သွားတာလာတာအရမ်းသတိထားနေရတယ်” လို့ ဒီကနေ့မနက် ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ နေရာအနီးမှာရှိနေခဲ့တဲ့ ဘန်းလမွတ်ကျေးရွာအုပ်စုနေ အမျိုးသားတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာက ဒေသခံ ၄ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကျွဲထိန်းကုန်းရွာခံတွေဆီကသိရပါတယ်။

စက်တင်ဘာ ၇ ရက်၊ ၈ ရက်နဲ့ ၉ ရက်နေ့တွေမှလည်း စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်မှုကြောင့် ဘန်လင်ရွာကဒေသခံ ၂ ဦးနဲ့ ဘန်လောအနောက်ရွာက ဒေသခံ ၃ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

The Tanintharyi Times