ပုလောက ရဲစခန်းနဲ့ ခြေလျှင်တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
ပုလောက ရဲစခန်းနဲ့ ခြေလျှင်တပ်ရင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်
ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ စစ်ကောင်စီတပ်ရင်း၊ စစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းတွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာတွေ လေးရက်ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
ပုလောမြို့အခြေစိုက်တပ်ရင်း ခလရ (၂၈၅) ကို အခုလ ၆ ရက်နေ့က ဒရုန်းနဲ့ဗုံးသီးကြဲချခဲ့ပြီး မနေ့ကမနက်ပိုင်းမှာတော့ ပုလောမြို့ပေါ်က ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတာတွေ နှစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ပုလောပကဖက ဆိုပါတယ်။
ခလရ (၂၈၅) တပ်ရင်းကို ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ ရာသီဥတုအခုအခြေအနေကြောင့် ဗုံးသီးက တပ်စခန်းအပြင်ဘက်သာ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ပုလောရဲစခန်းကိုတိုက်ခိုက်ရာမှာတော့ ရဲစခန်းကိုတိုက်ရိုက်ထိမှန်ခဲ့တယ်လို့ ပကဖရဲ့ တာဝန်ခံက ပြောပြပါတယ်။
“ရဲစခန်းအဆောက်အဦ အနောက်ခြမ်းနဲ့ ဂိတ်နားတွေကို ကျပါတယ်။ ဗုံးသီးတွေကတော့ လက်လုပ်ဗုံးသီးတွေပါပဲ။ ပုလောရဲစခန်းမှာတော့နှစ်ပွင့်နဲ့အရာရှိတစ်ယောက် ဒဏ်ရာရတယ်ဆိုတာပဲ သိရတယ်” လို့ ပုလောပကဖရဲ့ တာဝန်ခံ ကိုလူထူးက ပြောပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ခလရ (၂၈၅) တပ်ရင်းဟာ တပ်နဲ့တစ်မိုင်ခွဲလောက်သာဝေးတဲ့ ကျောင်းနိမ့်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ မနေ့ကညဘက် ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပေမဲ့ ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးပါဘူး။
အဆိုပါ ခလရ (၂၈၅) တပ်ရင်းမှာ စစ်ကောင်စီတပ်သားတွေ အင်အား ထပ်တိုးထားပြီး ထပ်တိုးလာသူတွေက ပလောက်မြို့က စစ်ကောင်စီရဲ့ အမှတ်-၁၂ အတန်းမြှင့်လေ့ကျင့်ရေးသင်တန်းကျောင်းက စစ်မှုထမ်းသင်တန်းဆင်းလာတဲ့သူတွေ ဖြစ်နိုင်တယ်လို့ တော်လှန်ရေးရဲဘော်တွေက ခန့်မှန်းကြပါတယ်။ အဲ့ဒီတပ်သားသစ်တွေ စက်သေနတ်နဲ့ လက်နက်ကြီးပစ်ခတ်တာတွေ လေ့ကျင့်နေကြတယ်လို့လည်း ပုလောပကဖ တာဝန်ခံက ပြောပြပါတယ်။
ပုလောက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာတွေကို ပုလော ပကဖရဲ့ Drone တပ်စိတ် (Shadow Squad)နဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
အခုလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့တွေကလည်း ပုလောမြို့နယ်ထဲက ပလမြို့ရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်တို့ကို ပုလော ပကဖရဲ့ Drone တပ် စိတ် (Shadow Squad)က ဒရုန်းနဲ့ ဆယ် ကြိမ်တိတိဗုံးသီးတွေ ကြဲချခဲ့သေးတယ်လို့ ပုလောပကဖဆီက သိရပါတယ်။

အဲဒီလိုဗုံးကြဲခံရပြီးနောက် စစ်ကောင်စီတပ်သားတွေက ရဲစခန်းအနီးဝန်းကျင်က ဒေသခံပြည်သူ့နေအိမ်တွေပေါ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ပုလောမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဒရုန်းနဲ့ဗုံးကြဲတဲ့ဖြစ်စဉ်က ပြီးခဲ့တဲ့လကလည်း ရှိခဲ့ပါတယ်။
ပုလောမြို့တဝိုက်မှာ ပုလော-လက္ကူးလမ်းပေါ်က စစ်ဆေးရေးဂိတ်၊ မကျည်းကုန်းစစ်ဆေးရေးဂိတ်၊ ပုလောတံတားဂိတ်၊ နန်းတောင်ရွာကစစ်ဆေးရေးဂိတ်တွေရှိပြီး နေ့စဉ်အစစ်အဆေးတင်းကြပ်နေတယ်လို့ ဒေသခံနဲ့ပြည်သူ့ကာကွယ်ရေးရဲဘော်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

The Tanintharyi Times
