“လူငယ်တိုင်းလူငယ်တိုင်းမှာ တနင်္သာရီဖယ်ဒရယ်ယူနစ်ရဲ့ အိပ်မက်တွေရှိတယ်”
“လူငယ်တိုင်းလူငယ်တိုင်းမှာ တနင်္သာရီဖယ်ဒရယ်ယူနစ်ရဲ့ အိပ်မက်တွေရှိတယ်”
NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အုပ်ချုပ်ရေးလုပ်ငန်းတွေကို တိုင်းဒေသကြီးတွေမှာပဲ အဓိကထားဆောင်ရွက်ဖို့ မူဝါဒချမှတ်ပြီးလုပ်ဆောင်နေတယ်လို့ အခုလအတွင်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောဆိုခဲ့ပါတယ်။
အဲဒီအပေါ်မှာ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးအင်အားစုတွေ၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် လုပ်ဆောင်နေကြတဲ့ သူတွေရဲ့ အမြင်ကဘယ်လိုရှိနေလဲ။ တိုင်းအတွင်းမှာ NUG ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေက အခုလက်ရှိမှာ ဘယ်လိုအခြေအနေရှိနေလဲဆိုတာတွေနဲ့ တိုင်းအတွင်းမှာဖယ်ဒရယ်နဲ့ပတ်သက်တဲ့လုပ်ဆောင်ချက်တွေကရော ဘယ်လိုအခြေအနေရှိနေသလဲ။ ဒါတွေကိုသိရဖို့ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးမှာပါဝင်နေသူတွေနဲ့ ဖယ်ဒရယ်အရေးအတွက်ဆောင်ရွက်နေသူတချို့ကို ဒီတစ်ပတ်တောင်ပိုင်းသားတို့အသံ ကဏ္ဍကနေမေးမြန်းပြီး တင်ဆက်ပေးလိုက်ပါတယ်။
“တောင်ပိုင်းသားတို့အသံ”
▪️ ကိုဝေယံစိုး (ထားဝယ်ခရိုင်နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်)
မေး - NUG ကအုပ်ချုပ်ရေးကို တိုင်းဒေသကြီးတွေမှာ အဓိကထားဆောင်ရွက်မယ်လို့ NUG ရဲ့ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်မိလဲ။
ဖြေ - ကျနော်လက်ရှိ နွေဦးတော်လှန်ရေးနဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို ပြန်ကြည့်ဖို့လိုမယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ လက်ရှိ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကနေ ချမှတ်ထားတဲ့ ဖက်ဒရယ်ပဋိညာဉ်ကို တချက်ပြန်ဖတ်ဖို့အတွက် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဦးလွင်ကိုလတ်ကို ပြောချင်ပါတယ်။
မေး - နွေဦးတော်လှန်ရေးမှာ အားလုံးက ဖက်ဒရယ်ပြည်ထောင်စုသွားမယ်လို့ ကြွေးကြော်နေတဲ့အချိန် အခုလိုမျိုး တိုင်းတွေကို NUG က အုပ်ချုပ်မယ်ဆိုတယ်ဆိုတာမျိုးပြောတဲ့အပေါ်မှာရော ဘယ်လိုထင်လဲ။
ဖြေ - နွေဦးတော်လှန်ရေးမှာ ကျနော်တို့အားလုံးက ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်လို့ ရည်မှန်းထားကြတယ်။ ဆိုတော့ အခုလိုမျိုး NUG ကနေ တိုင်းတွေကို အုပ်ချုပ်သွားမယ်ဆိုတာကတော့ ပြန်ကောက်ရမယ်ဆိုရင် ခုဏတုန်းကပြောသလိုပဲ NUCC က ချမှတ်ထားတဲ့ ဖက်ဒရယ်ပဋိညာဥ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ရာရောက်လေမယ်လို့ ကျနော်မြင်တယ်။ ပြီးတော့ ပဋိပက္ခတွေ ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်လို့ ကျနော်မြင်တယ်။ ဒီမေးခွန်းက အတော်လေးကျယ်ပြန့်တယ်။ ချုံ့ဖြေရမယ်ဆိုရင်တော့ အထူးသဖြင့်တနင်္သာရီတိုင်းသည် လူမျိုးစုပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့ ဒေသတစ်ခုဖြစ်တယ်။ ဆိုတော့ အဲ့လိုဒေသတစ်ခုကို ဗမာလူအုပ်စုအများစု ဦးဆောင်တဲ့ NUG က လာပြီးတော့ အုပ်ချုပ်မယ်ဆိုရင် ပိုပြီးတော့ လူမျိုးရေးအရရော၊ ဘာသာရေးအရရော ပဋိပက္ခတွေကြုံလာနိုင်တယ်လို့ ကျနော်မြင်ပါတယ်။
မေး - တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်းရှိ မြို့နယ် ၄၆ ခုမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ထားပြီး ရဲစခန်း ၈ ခု၊ ကြားကာလတရားရုံး ၂၈ ရုံးရှိနေပြီလို့ NUG ကဆိုထားတယ်။ တိုင်းထဲက တကယ့်မြေပြင်မှာ NUG ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေက ဘယ်လိုအခြေအနေရှိနေလဲ။
ဖြေ - ဒီမေးခွန်းအတွက်ဖြေရမယ်ဆိုရင်တော့ ပြည်သူ့အုပ်ချုပ်ရေးတို့၊ ပြည်သူ့လုံခြုံရေးတို့ ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ရှိတယ်။ ပြီးရင်တပ်ရင်းတပ်ဖွဲ့တွေရှိမယ်ပေါ့။ ဆိုတော့ လက်ရှိ NUG ကနေ ခန့်မှန်းထားတဲ့ ပသုံးလုံးသည် မြို့နယ်တိုင်းလိုလိုမှာ ရှိနေတာမျိုးတော့မဟုတ်သေးဘူး။ ပြည့်ပြည့်စုံစုံရှိနေတာမျိုးတော့ မဟုတ်သေးဘူး။ ကြားကာလတရားစီရင်ရေးဆိုတာကလည်း ပြည့်ပြည့်စုံစုံ ရှိနေတာမျိုးမဟုတ်ဘူး။ ရဲစခန်းဆိုတာကလည်း ပြည့်ပြည့်စုံစုံရှိနေတာမဟုတ်ဘူး။ ဆိုတော့ သေချာတာတစ်ခုကတော့ ရှင်းရှင်းပြောရရင် အုပ်ချုပ်ရေးလုပ်ငန်းတို့ ကာကွယ်ရေးလုပ်ငန်းတို့ဆိုသည် ရှိနေတယ် ဆိုသော်ငြားလည်း ပြည်သူလူထုကို အုပ်ချုပ်မှုအပိုင်း၊ ပြည်သူလူထုကို ကာကွယ်မှုအပိုင်းတွေမှာ ထိရောက်မှုမရှိသေးကလို့ပဲ တိုက်ရိုက်ဖြေရမယ်။ အထူးသဖြင့် ကျနော်တို့တနင်္သာရီတိုင်းမှာဆိုရင် အုပ်ချုပ်ရေး လုပ်ငန်းဆိုလည်း ဒီအတိုင်းပဲ။ အုပ်ချုပ်ရေးလုပ်ငန်းတွေသည် ပြည်သူတွေကို ဝန်ဆောင်မှုပေးရမဲ့ လုပ်ငန်းတွေဖြစ်တယ်။ ပြည်သူလူထုကိုဝန်ဆောင်မှုပေးရာမှာ ကျနော်တို့နားလည်တဲ့ ပြည်သူ့ရေးရာစီမံခန့်ခဲမှု လုပ်ငန်းတွေက သဘောတရားအရဆိုရင် ကျနော်တို့ ပြည်သူလူထုကို ကြိုပြီးတော့ကာကွယ်ဖို့၊ ပြည်သူလူထု အခက်အခဲအကြပ်အတည်းတွေ ကြုံလာချိန်ကြရင် ချက်ချင်းတုံပြန်နိုင်ဖို့အတွက် အစီအမံတွေကို ထားထားဖို့ လိုအပ်တယ်။ အဲ့လိုအပိုင်းတွေမှာလည်း အားနည်းတယ်လို့ မြင်တယ်။ ပြီးတော့ ပြည်သူ့ကာကွယ်ရေး အပိုင်းတွေနဲ့ ပတ်သက်လို့ကလည်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ ကောင်းကောင်းမွန်မွန် မစီမံနိုင်သေးဘူးလို့ မြင်တယ်။ ပြီးတော့ နောက်တစ်ခုရှိတာက လုပ်ပိုင်ခွင့်ကို ယူတဲ့အပိုင်းပေါ့ဗျာ။ တို့သည် အုပ်ချုပ်ရေးအဖွဲ့ဖြစ်တယ်။ တို့သည်ကာကွယ်ရေးအဖွဲ့ဖြစ်တယ်။ အဲ့ဒါကြောင့် တို့တွေပဲစီမံပိုင်ခွင့်ရှိတယ်။ တို့တွေပဲ တရားဝင်တယ်ဆိုတဲ့ပုံစံမျိုး ကြုံတွေ့နေရတယ်ဆိုတဲ့ အခင်းအကျင်းတွေပေါ့။ အဲ့လိုမျိုးတွေဆက်ဖြစ်နေမယ်ဆိုရင် လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အခြားသောအင်အားစုတွေကြားထဲမှာလည်း ပဋိပက္ခတွေ ပိုပြီးဖြစ်လာနိုင်တယ်။ အကွဲအပြဲတွေ ပိုပြီးဖြစ်လာနိုင်တယ်လို့ပဲ ကျနော် သတိပေးချင်ပါတယ်ဗျ။
မေး - တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးအင်အားစုတွေကြိုးပမ်းနေတဲ့ ဖယ်ဒရယ်နဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေက ဘယ်လိုအနေအထားအထိ ရောက်နေပြီလဲ။
ဖြေ - ကျနော်တို့ အခုလက်ရှိ တနင်္သာရီတိုင်းမှာ တော်လှန်ရေးအစုအဖွဲ့တွေကနေပြီး ကြိုးပမ်းနေတဲ့ ဖက်ဒရယ်က ဘယ်အနေအထားရောက်နေပြီလဲဆိုတာတော့ ကျနော့်အနေနဲ့ ပြောဖို့ခက်ပါတယ်။ လုပ်ဆောင်ခွင့်နဲ့ ပတ်သက်ပြီးလို့တော့ ကျနော်တို့နေနဲ့ ပြောပိုင်ခွင့်တော့ မရှိဘူးပေါ့။ ဒါပေမဲ့ တနင်္သာရီတိုင်းထဲမှာရှိနေတဲ့တော်လှန်ရေးအင်အားစုတွေကတော့ ဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ ထွက်ပေါ်လာနိုင်ဖို့အတွက် အင်အားစုတွေ အချင်းချင်း အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေတယ် ဆိုတာပဲ ကျနော့် တသီးပုဂ္ဂလအနေနဲ့ ဖြေလို့ ရပါမယ်။
မေး - တနင်္သာရီတိုင်းအခြေအနေအရ ဘယ်လိုစနစ်နဲ့သွားသင့်တယ်လို့ထင်လဲ။ ဘာကြောင့်လဲ။
ဖြေ - တနင်္သာရီတိုင်းမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံနေထိုင်တဲ့ ဒေသဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့တွေက လူမျိုးတစ်စု၊ အစုအဖွဲ့တစ်ခု၊ နိုင်ငံရေးပါတီတစ်ခု၊ အစရှိသဖြင့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ကို ဦးတည်ပြီးတော့ သွားတဲ့ နိုင်ငံရေးစနစ်မျိုးကို ကျနော်တို့ တနင်္သာရီတိုင်းအနေနဲ့ ရှောင်ရှားမှ ရလေ့မယ်ပေါ့။ ဆိုတော့ ပြောချင်တာကတော့ အစုအဖွဲ့အသီးသီးက ဦးဆောင်သူတွေ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးနိုင်မှ ရေရှည်သဟဇာတမျှပြီး အေးချမ်းသော ပြည်နယ်တစ်ခုကို တည်ဆောက်ပြီးသွားနိုင်မှာဖြစ်တယ်။ မဟုတ်ရင်ကျနော်တို့ အစုအဖွဲ့တစ်ခု၊ နိုင်ငံရေးပါတီတစ်ခုတည်းအောက်မှာ သွားရင်တော့ ပဋိပက္ခတွေ ပိုပြီးတော့များလာနိင်ပါတယ်။
မေး - တနင်္သာရီတိုင်းက လူမျိူးစုတွေ အနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတာမျိုးရော ရှိလား။ အဲ့ ဒီပေါ် ဘယ်လိုဆောင်ရွက်ဖို့ ရှိလဲ၊ ဒါမှမဟုတ် NUG ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ဆောင်မှာလား။
ဖြေ - နောက်ဆုံးမေးခွန်းကတော့ ကျွန်တော်တို့က အစိုးရတစ်ခုလည်းမဟုတ်ဘူး၊ လုပ်ပိုင်ခွင့်ရှိတဲ့အစုအဖွဲ့တစ်ခုလည်း မဟုတ်တဲ့အတွက် ဖြေဖို့အတွက်ခက်တယ်ပေါ့နော်။ ပြောနိုင်တာတစ်ခုကတော့ ကျွန်တော်တို့သည် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်တဲ့အချိန်မှာ တနင်္သာရီသည် ပြည်နယ်တစ်ခု သို့မဟုတ် ယူနစ်တစ်ခု အနေနဲ့ ပါဝင်မယ်ဆိုတဲ့ သံန္နိဌာန် ကတော့ တနင်္သာရီမှာပါဝင်နေတဲ့ တော်လှန်ရေးအင်အားစု အသီးသီးရဲ့ ချမှတ်လုပ်ဆောင်ထားပြီးသားဖြစ်တယ်လို့ ပြောလို့ရပါတယ်။ နောက်တစ်ခု ဖြည့်စွက်ပြီး ပြောချင်တာကတော့ တိုင်းတွေမှာလည်း သူတို့ရဲ့ နိုင်ငံရေးပေးထားချက်တွေနဲ့ သူ့ဟာနဲ့သူရှိပြီးသားဖြစ်တယ်ပေါ့။ ဒါတွေကို NUG အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လေ့လာဖို့လိုမယ်လို့တော့ မြင်တယ်။ နွေဦးတော်လှန်ရေးမှာ အရင်တုန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးထားတဲ့အတိုင်း စဥ်းစားမယ်ဆိုရင် ကျနော်တို့ ပိုပြီးတော့ ပဋိပက္ခတွေ ဖြစ်ပွားစေလိမ့်မယ်လို့ ကျနော်တို့မြင်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးမှာ သက်ဆိုင်သူတွေ(Stakeholder) အသစ်တွေ ၊ Actor အသစ်တွေ ရှိနေတယ်ဆိုတာမျိုးကိုတော့ NUG အနေနဲ့ လေးလေးနက်နက် စဥ်းစားပြီးတော့ အုပ်ချုပ်မှုပုံစံအပြောင်းအလဲကို အမြန်ဆုံးပြုပြင် ပြောင်းလဲသင့်တယ်လို့ ကျနော်ထင်တယ်။ အခုလည်း ပသုံးလုံးပြဿနာတွေက ကျနော်တို့တိုင်းမှာက မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်မဖြစ်လို့သာပဲ။ တကယ့်မြေပြင်မှာက သူတို့နဲ့ ပွတ်တိုက်မှုတွေ၊ အဆင်မပြေမှုတွေက နေရာတိုင်းလိုလိုမှာ ရှိနေတယ်ဆိုတာကတော့ ကျနော်တို့ လက်တွေ့ကြုံတွေ့နေရတဲ့ အခက်အခဲစိန်ခေါ်မှုတွေဖြစ်တယ်ပေါ့။
▪️ရိုနန် (မြိတ်ခရိုင်က သမဂ္ဂကျောင်းသားဟောင်းတစ်ဦး)
မေး - NUG ကအုပ်ချုပ်ရေးကို တိုင်းဒေသကြီးတွေမှာ အဓိကထားဆောင်ရွက်မယ်လို့ NUG ရဲ့ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်မိလဲ။
ဖြေ - ပြည်မနိုင်ငံရေးခေါင်းဆောင်အဆက်ဆက်ရဲ့ ခြေလှမ်းအတိုင်းသွားနေတယ်လို့မြင်ပါတယ်။ ယခင် စစ်အစိုးရတွေဟာ တိုင်းရင်းသားပြည်နယ်တွေကို ဗမာအများစုနေထိုင်တဲ့ဒေသလို့ သူတို့ယူဆတဲ့ တိုင်းတွေထက် နိုင်ငံရေးအဆင့်အတန်းနှင့် စီးပွားရေး၊ လူမှုရေးကိစ္စတွေမှာ တဆင့်အောက်ချပြီး သူတို့တွေးကြတယ်။ အခု ၂၀၂၁ နောက်ပိုင်း တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့အစည်းတွေအားကောင်းပြီး နိုင်ငံရေးရည်မှန်းချက်တွေ ပိုပီပြင်လာတဲ့အချိန်မှာတော့ NUG က တိုင်းတွေကို တဆင့်ပြန် အောက်ချပြီးတွေးပုံရတယ်။ ချုံပြောရရင် တိုင်းဒေသတွေကို သူတို့ပိုင်နယ်မြေတွေလို့ တွေးပုံရပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ အုပ်ချုပ်ရေးကိုအဓိကထားလုပ်ဆောင်မယ်ဆိုတာက ဘယ်အချိန်အတိုင်းအတာကာလအထိ ကို ရည်ရွယ်သလဲဆိုတာ မရှင်းလင်းနေဘူး။ ရှင်းလင်းတာက တိုင်းလို့သူတို့ သမုတ်ထားတဲ့ ဒေသတွေမှာ အုပ်ချုပ်ရေးကို တာဝန်ယူရမှာ NUG နဲ့ သူတို့လူတွေမဟုတ်ဘူး။ အဲ့ဒီဒေသက ပြည်သူလူထု အကျိုးစီးပွားကိုတကယ်ဆောင်ရွက်နေတဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေသာဖြစ်ပါတယ်။ ကြားကာလ ဖက်ဒရယ်ယူနစ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥဒေနဲ့ ဒေသခံအင်အားစုတွေရဲ့သဘောတူညီချက်အရပေါ်ပေါက်လာတဲ့ အုပ်ချုပ်ရေးယန္တရားတွေကသာတာဝန်ယူရမှာဖြစ်တယ်။ အဲ့ဒီဒေသတွေမှာ NUG ရဲ့အဓိက တာဝန်က ကြားကာလအဆင့် ဒေသန္တရစီမံမှု ယန္တရားတွေကို လုပ်ဆောင်နေတဲ့ ဒေသခံ အစုအဖွဲ့တွေကို အရင်းအမြစ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုထောက်ပံ့ရမှာသာဖြစ်တယ်။
မေး - နွေဦးတော်လှန်ရေးမှာ အားလုံးက ဖက်ဒရယ်ပြည်ထောင်စုသွားမယ်လို့ ကြွေးကြော်နေတဲ့အချိန် အခုလိုမျိုး တိုင်းတွေကို NUG က အုပ်ချုပ်မယ်ဆိုတယ်ဆိုတာမျိုးပြောတဲ့အပေါ်မှာရော ဘယ်လိုထင်လဲ။
ဖြေ - သူတို့ပြောတဲ့ ဖက်ဒရယ်ချာတာကို ပြောင်ပြောင် တင်းတင်းချိုးဖောက်တာပေါ့။ နောက်တစ်ခုကတော့ သူတို့လုပ်ဆောင်ချက်က စစ်တပ်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဘာမှမကွာခြားနေဘူး။ ဒီ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ပြည်နယ်နဲ့ ဖက်ဒရယ်ယူနစ်တွေဟာ (Bottom to Up) လို့ခေါ်တဲ့ ပြည်နယ်အားကောင်းရေးမှ သည် ပြည်ထောင်စုအားကောင်ရေးမူကိုစွဲကိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနေကြခြင်းဖြစ်တယ်။ ဒီဖြစ်စဉ်ဟာ ဗဟိုချုပ်ကိုင်မှုအာဏာကိုလွှဲပြောင်းခြင်း (Decentralization) အဆင့်လောက်မှာမဟုတ်ပဲ့ အောက်ခြေအဆင့်ထိ နိုင်ငံရေးအာဏာကိုလွှဲပြောင်းပေးအပ်ခြင်း (Devolution) အဆင့်ကို အကောင်အထည်ဖော်နေတဲ့ကာလဖြစ်တယ်ဆိုတာကို NUG အနေနဲ့ကောင်းကောင်းသိဖို့လိုပါတယ်။ ဒီနေရာမှာ တိုင်းဒေသနဲ့ ဖက်ဒရယ်ယူနစ် လို့ခေါ်တဲ့ ဒေသတွေအကုန်လုံးဟာ ဖြစ်တည်လာပုံခြင်းမတူရင်တောင် နိုင်ငံရေးအဆင့်အတန်းနှင့် ကိုယ်စားပြုခွင့်ဟာ အတူတူပဲဖြစ်တယ်။ ဒါကြောင့် တိုင်းတွေကို NUG က အဓိကထား အုပ်ချုပ်ရေးလုပ်ဆောင်မယ်လို့ပြောခြင်းဟာ အများစုလက်ခံထားတဲ့ ဖက်ဒရယ်ရဲ့ စံနှုန်းနဲ့ သဘောတူလက်ခံထားတဲ့ ဖက်ဒရယ်မူတွေကို ဂရုမစိုက်ဘူးလို့ပဲမြင်ပါတယ်။
မေး - တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်းရှိ မြို့နယ် ၄၆ ခုမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ထားပြီး ရဲစခန်း ၈ ခု၊ ကြားကာလတရားရုံး ၂၈ ရုံးရှိနေပြီလို့ NUG ကဆိုထားတယ်။ တိုင်းထဲက တကယ့်မြေပြင်မှာ NUG ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေက ဘယ်လိုအခြေအနေရှိနေလဲ။
ဖြေ - ဒီမေးခွန်းကိုဖြေဖို့က အုပ်ချုပ်ရေးယန္တရားထဲပါနေတာမဟုတ်တဲ့အတွက် အတိအကျမပြောနိုင်ဘူး။ ဒါပေမဲ့ လက်ရှိ တနင်္သာရီဒေသထဲမှာတော့ NUG ရဲ့ ပအဖလို့ခေါ်တဲ့အုပ်ချုပ်ရေးယန္တရားကို မြေပြင်မှာလက်တွေ့အကောင်အထည်ဖော်နိုင်တဲ့နေရာတွေက အနည်းအကျင်းမျှသာဖြစ်တယ်။ စနစ်တစ်ခု၊ ယန္တရားတစ်ခုအနေနဲ့သွားနေတယ်လို့ဆိုတာထက် အခက်အခဲအကျပ်အတည်းကာလမို့ ဝိုင်းဝန်းဖြေရှင်းနေကြတဲ့ပုံစံမျှသာဖြစ်တယ်။ ဥပမာ တရားစီရင်ရေးလို့ပြောရင် တချို့မြို့နယ်၊ ကျေးရွာတစ်ချို့မှာ ထိန်းသိမ်းရေးစခန်းမျိုးရှိပေမဲ့ လက်တွေ့မှာ အခြား ကရင်နီကဲ့သို့သော ပြည်နယ်တွေနဲ့ယှဉ်ရင် မြေပြင်မှာ ထိရောက်စွာ အကောင်အထည်ဖော်နိုင်တဲ့အနေအထားမရှိဘူး။ ပြီးတော့ တနင်္သာရီဒေသရဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဟာ NUG ရဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီ နဲ့အထိအတွေ့များတာကိုတော့တွေ့ရတယ်။ ချုံ့ပြောရရင် NUG ရဲ့ တနင်္သာရီဒေသမှာ အုပ်ချုပ်ရေးတည်ဆောက်မှုကို ချဉ်းကပ်တဲ့ပုံစံက ယခင်ကတည်းက ဒေသအကျိုးလုပ်ဆောင်နေတဲ့ အင်အားစုတွေကို သူတို့ ယန္တရားတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်သိမ်းသွင်းတာမျိုးလို့မြင်မိပါတယ်။
မေး - တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးအင်အားစုတွေကြိုးပမ်းနေတဲ့ ဖယ်ဒရယ်နဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေက ဘယ်လိုအနေအထားအထိ ရောက်နေပြီလဲ။
ဖြေ - တနင်္သာရီဒေသတွင်းမှာရှိတဲ့ အင်အားစုအသီးသီးဟာ ၂၀၂၁ နောက်ပိုင်းကတည်းကနေ ဒေသရဲ့ နိုင်ငံရေးဦးဆောင်မှု လေဟာနယ် ကိုဖြည့်ဖို့ နည်းလမ်းပေါင်းစုံသုံးကြိုးစားနေတာကိုတွေ့ရတယ်။ ၂၀၂၁ နောက်ပိုင်းမှာမှ နိုင်ငံရေးမျှော်မှန်းချက်အရ အပြောင်းအလဲဖြစ်ပြီး ဒီအပေါ်မှာ အားလုံးကသဘောတူတယ်ဆိုသော်ငြား ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်မလဲ၊ စုစည်းမလဲဆိုတဲ့နေရာမှာ အများကြီး တွေ့ဆုံညှိနှိုင်းခဲ့ရတာတွေရှိပါတယ်။ ယခင် နှစ်တွေထက်စာရင် တနင်္သာရီ ရဲ့နိုင်ငံရေးစုစည်းမှု ဖြစ်စဉ်တွေဟာ တိုးတက်လာတယ်လို့ဆိုရပေမဲ့ အခြားဒေသတွေနဲ့ ယှဉ်ပြန်ရင် အများကြီးနောက်ကျနေပါတယ်။ ဒါပေမဲ့ မကြာခင်မှာ တနင်္သာရီရဲ့ ကြားကာလနိုင်ငံရေးဦးဆောင်မှု ကို ဆောင်ရွက်ကြမဲ့ ဒေသအတွင်းအင်အားစုတွေအသီးသီးပါဝင်တဲ့ ပလက်ဖောင်းတစ်ခုပေါ်လာမယ်လို့ မျှော်လင့်ပါတယ်။
မေး - တနင်္သာရီတိုင်းအခြေအနေအရ ဘယ်လိုစနစ်နဲ့သွားသင့်တယ်လို့ထင်လဲ။ ဘာကြောင့်လဲ။
ဖြေ - ဒီစကားကို ထပ်ခါတလဲလဲ လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေပြောတာကြားဖူးမှာပါ။ တနင်္သာရီဟာ တောက်လျှောက် ပြည်မနိုင်ငံရေး ရေစီးကြောင်းမှာ မျှောပါနေခဲ့တယ်ဆိုတာကို၊ တကယ်လည်းဟုတ်ပါတယ်။ ဒါပေမဲ့ ၂၀၂၁ နောက်ပိုင်းကနေ ယနေ့အချိန်အထိ တနင်္သာရီဒေသမှာ တော်လှန်ရေး၊ နိုင်ငံရေး အင်အားစုအသီးသီး အဓိကတူညီတဲ့ နိုင်ငံရေးမျှော်ရည်ချက် ဘုံသဘောထားကတော့ ဖက်ဒရယ်ယူနစ် (ဝါ) ပြည်နယ်တစ်ခုအနေနဲ့ရှေ့ဆက်သွားဖို့ပဲ့ဖြစ်တယ်။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။ ဒါကို ဘာကြောင့် ဒီအဖွဲ့တွေအားလုံးလက်ခံသလဲဆိုတော့ တနင်္သာရီဟာ ထားဝယ်၊ ကရင်၊ ပသျှူး၊ မော်ကင်း (ဆလုံ) ကဲ့သို့သော လူမျိုးစု၊ ဌာနေတိုင်းရင်းသားတွေစုံလင်ကွဲပြားသလို ပထဝီအနေအထားအရ နေထိုင်ကြတဲ့ လူမှုအသိုက်အဝန်းတွေအများအပြားရှိပါတယ်။ ဒီသမိုင်းအစဉ်အဆက် ယဉ်ကျေးမှု နှင့် လူမှုစီးပွားရေးအရ အပြန်အလှန်အကျိုးပြုကြတဲ့ လူမျိုးစုတွေနဲ့ လူမှုအသိုက်အဝန်းတွေမှာ ကိုယ်ပိုင်နိုင်ငံရေးမျှော်ရည်ချက်တွေ ရှိတာကြောင့်ဖြစ်ပါတယ်။ အဓိက က တနင်္သာရီကိုရှေ့ဆက်သွားဖို့ဆိုရင် စုံလင်ကွဲပြားမှုကိုအခြေခံပြီး စုပေါင်းခေါင်းဆောင်မှုကိုတန်ဖိုးထားတဲ့ ဖက်ဒရယ်စနစ်နဲ့သွားမှသာ အနာဂတ် ဒေသတည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။
မေး - တနင်္သာရီတိုင်းက လူမျိူးစုတွေ အနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတာမျိုးရော ရှိလား။ အဲ့ ဒီပေါ် ဘယ်လိုဆောင်ရွက်ဖို့ ရှိလဲ၊ ဒါမှမဟုတ် NUG ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ဆောင်မှာလား။
ဖြေ - တနင်္သာရီ ကြမ္မာကို တနင်္သာရီဒေသက သူတွေကိုယ်တိုင်ပဲ့ ဖန်တီးယူရမှာဖြစ်ပါတယ်။ တနင်္သာရီဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ယူနစ်တစ်ခုအနေနဲ့ သွားဖို့ ဒေသခံအင်အားစုတွေဟာ တောက်လျှောက်ကြိုးစားနေကြပါတယ်။ ဒေသရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကနေတစ်ဆင့်ပေါ်ပေါက်လာတဲ့ ယန္တရားအသီးသီးနဲ့ တနင်္သာရီဒေသ ကို စီမံဖို့ လုပ်ဆောင်ကြလိမ့်မှာဖြစ်ပါတယ်။ တနင်္သာရီ ဟာ ၂၀၀၈ အခင်းအကျင်းအောက်ကလိုမျိုး ဗဟိုချုပ်ကိုင်မှုများတဲ့ အခြေအနေကို ပြန်သွားမှာမဟုတ်ဘူး။ ဆိုတော့ NUG အနေနဲ့ တိုင်းဒေသလို့ခေါ်တဲ့ နေရာတွေရဲ့ ကြားကာလဦးဆောင်မှုပုံစံတွေပေါ်ထွက်လာရေး ချဉ်းကပ်လုပ်ဆောင်တဲ့ပုံစံကို ပြောင်းလဲစဉ်းစားဖို့လိုပါလိမ့်မယ်။
▪️နော်ကောင်း (တနင်္သာရီလူမျိုးပေါင်းစုံ ကွန်ဂရက် - TNC)
မေး - NUG ကအုပ်ချုပ်ရေးကို တိုင်းဒေသကြီးတွေမှာ အဓိကထားဆောင်ရွက်မယ်လို့ NUG ရဲ့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်မိလဲ။
ဖြေ - ၂၀၀၈ အခြေခံဥပဒေကနေ (အတွေးအခေါ်သော်လည်းကောင်း) မကင်းလွတ်နိုင်သေးတဲ့ ပြောကြားချက်လို့ မြင်ပါတယ်။ NUG အနေနဲ့ ၂၀၀၈ အောက်မှ သတ်မှတ်ထားခဲ့တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအပေါ်မှာ အဲဒီတုန်းကအတိုင်းပဲ ရှုမြင်နေတယ်လို့မြင်မိပါတယ်။ ဖက်ဒရယ်ယူနစ်တွေဖြစ်တဲ့ တနည်း ပြည်နယ်နဲ့ တိုင်းတွေအပေါ် တန်းတူညီမျှ မရှုမြင်နိုင်သေးတာလို့လည်း ဆိုနိုင်ပါတယ်။
မေး - နွေဦးတော်လှန်ရေးမှာ အားလုံးက ဖက်ဒရယ်ပြည်ထောင်စုသွားမယ်လို့ ကြွေးကြော်နေတဲ့အချိန် အခုလိုမျိုး တိုင်းတွေကို NUG က အုပ်ချုပ်မယ်ဆိုတယ်ဆိုတာမျိုးပြောတဲ့အပေါ်မှာရော ဘယ်လိုထင်လဲ။
ဖြေ - အဲဒီပြဿနာဟာ လွတ်လပ်ရေးရစကတည်းက ဖြစ်ခဲ့တဲ့ ပြဿနာပါ။ တိုင်းတွေနဲ့ ပြည်နယ်တွေကို တတန်းတည်း မထားတဲ့ ကိစ္စ။ ဆိုတော့ တိုင်းတွေကိုပဲ ဘာလို့ အုပ်ချုပ်ဖို့ ကြိုးပမ်းရတာလဲဆိုတာက NUG ကိုပဲ ပြန်မေးရမယ့် မေးခွန်းဖြစ်တယ်လို့မြင်တယ်။ ဘယ်လို စဉ်းစားချက်မျိုးနဲ့ ဒီလို ဆုံးဖြတ်ချက်မျိုး ချရတာလဲဆိုတာကိုပေါ့။ နောက်တစ်ချက်ကတော့ အုပ်ချုပ်ရေးကိစ္စကို အကောင်ထည်ဖော်ဖို့ဆိုရင် အုပ်ချုပ်ရေးလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ဖို့ လွတ်မြောက်နယ်မြေတွေလိုအပ်ပါတယ်။ ဆိုတော့ NUG အနေနဲ့ တိုင်းတွေမှာ လွတ်မြောက်နယ်မြေတွေ ဖန်တီးထားနိုင်လို့ ဒီစကားကို ဆိုတာလားတော့ မသိပါဘူး။
မေး - တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်းရှိ မြို့နယ် ၄၆ ခုမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ထားပြီး ရဲစခန်း ၈ ခု၊ ကြားကာလတရားရုံး ၂၈ ရုံးရှိနေပြီလို့ NUG ကဆိုထားတယ်။ တိုင်းထဲက တကယ့်မြေပြင်မှာ NUG ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေက ဘယ်လိုအခြေအနေရှိနေလဲ။
ဖြေ - ဒေသအတွင်းမှာ အုပ်ချုပ်ရေလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာမျိုးတော့ ကြားရပါတယ်။ ဒါပေမယ့် ဘယ်အခြေအနေထိ ခရီးပေါက်နေပြီလဲဆိုတာမျိုးတော့ မသိရသေးပါဘူး။ အုပ်ချုပ်ရေး လုပ်ငန်းကို အကောင်ထည်ဖော်တဲ့ အချိန်မှာ အရေးကြီးတာက ဘယ်ဥပဒေနဲ့ အုပ်ချုပ်စီမံမလဲဆိုတာကိုပါ။ အခွန်အခပဲ ကောက်ခံတာမျိုးက အုပ်ချုပ်ရေး လုပ်ငန်းအကောင်အထည်ဖော်ခြင်းမဟုတ်ဘူးလို့ပဲ ဆိုချင်ပါတယ်။
မေး - တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖယ်ဒရယ်နဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေက ဘယ်လိုအနေအထားအထိ ရောက်နေပြီလဲ။
ဖြေ - ရွှေပြည်တော်ကတော့ မျှော်တိုင်းဝေးနေဆဲပါ။ ကရင်နီလိုမျိုး၊ ချင်းလိုမျိုး ကိုယ့် အချုပ်အခြာအာဏာကို ကိုယ်တိုင်ပဲ တည်ဆောက်ယူမလား။ တဖက်က NUG ရဲ့ အုပ်ချုပ်မှု ယန္တရားအတိုင်းပဲ လိုက်နာကျင့်သုံးမလားဆိုတာကိုကပဲ တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးအင်အားစုတွေကို ပြန်မေးရမယ့် မေးခွန်းဖြစ်နေပါတယ်။ တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးအင်အားစုတွေ ကြိုးပမ်းနေတဲ့ ဖယ်ဒရယ်နဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေက ဘယ်လိုအနေအထားရှိနေပြီလဲဆိုရင်တော့ ဆက်တော့ ရွေ့နေပါတယ်ပဲ ဆိုရမှာပါ။
မေး - တနင်္သာရီတိုင်းအခြေအနေအရ ဘယ်လိုစနစ်နဲ့သွားသင့်တယ်လို့ထင်လဲ။ ဘာကြောင့်လဲ။
ဖြေ - တနင်္သာရီဟာ လူမျိုးတမျိုးတည်း ကြီးစိုးနေထိုင်တဲ့ ဒေသမဟုတ်ပါဘူး။ တနင်္သာရီမှာ ကရင်၊ ထားဝယ်၊ မွန်၊ ဗမာ၊ မြိတ်၊ မော်ကင်း၊ ပသျှူး စတဲ့ လူမျိုးတွေ နေထိုင်တဲ့ ဒေသတခုဖြစ်ပါတယ်။ ဒီလိုဒေသမျိုးကို ဘယ်စနစ်မျိုးနဲ့ သွားသင့်သလဲဆိုရင် အဲဒီမှာ သက်ဆိုင်တဲ့ (Stakeholder) လူမျိုးစုတွေ ဆွေးနွေးတိုင်ပင်ပြီး ရလာတဲ့ ရလာဒ် (စနစ်) အဖြေနဲ့ပဲ ရှေ့ဆက်သွားသင့်တယ်လို့ မြင်ပါတယ်။ မဟုတ်ရင်တော့ မြန်မာပြည် အနှစ် ၇၀ ကနေ တနင်္သာရီ အနှစ် ၇၀ ဖြစ်လာနိုင်ပါတယ်။ ဘယ်လူမျိုးစုမှလွှမ်းမိုးထားတဲ့ လုပ်ထားတဲ့ စနစ်မျိုးနဲ့မှ တနင်္သာရီဒေသကို ရှေ့ဆက်သွားလို့ မရဘူးလို့ မြင်ပါတယ်။
မေး - တနင်္သာရီတိုင်းက လူမျိူးစုတွေ အနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတာမျိုးရော ရှိလား။ အဲ့ ဒီပေါ် ဘယ်လိုဆောင်ရွက်ဖို့ ရှိလဲ၊ ဒါမှမဟုတ် NUG ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ဆောင်မှာလား။
ဖြေ - တနင်္သာရီဒေသမှာရှိနေတဲ့ လူမျိုးစုတွေ အနေနဲ့တော့ အမျိုးသားများပြည်နယ်၊ ဒါမှမဟုတ် ဖက်ဒရယ်ယူနစ်တစ်ခု အနေနဲ့ရှေ့ဆက်သွားဖို့ ရည်ရွယ်ထားတာမျိုးရှိပါတယ်။ တဖက်မှာလည်း KNU ရဲ့ အုပ်ချုပ်ရေး ယန္တရား အသက်ဝင်ပြီးသားဒေသတွေလည်းရှိပါတယ်။ အခု အခြားတဖက်မှာလည်း NUG ရဲ့ အုပ်ချုပ်ရေး အစီအစဉ်က အကောင်ထည်ဖော်ဦးမှာဆိုတော့ ဒီအပေါ်မှာ တော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လုပ်ကိုင်နေကြတဲ့ သက်ဆိုင်သူတွေ (Stakeholder)တိုင်းက နိုင်ငံရေး စိတ်ဆန္ဒ၊ ပါးနပ်မှု ဘယ်လောက်ရှိပြီး ဘယ်လိုရှေ့ဆက်နိုင်ကြမလဲအပေါ်မှာပဲမူတည်နေပါတယ်။ ဒီနေရာမှာတခုပြောချင်တာက တနင်္သာရီရဲ့ အချုပ်အခြာအာဏာဟာ တနင်္သာရီဒေသခံ ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိရမှာပါ။ တနင်္သာရီရဲ့ မူရင်းအချုပ်ခြာအာဏာကို တနင်္သာရီကပဲ ပိုင်တယ်ဆိုတာပါ။
▪️ကိုမင်းလွင်ဦး (ထားဝယ်ခရိုင်သပိတ်ကော်မတီဝင်)
မေး - NUG ကအုပ်ချုပ်ရေးကို တိုင်းဒေသကြီးတွေမှာ အဓိကထားဆောင်ရွက်မယ်လို့ NUG ရဲ့ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်မိလဲ။
ဖြေ - ပထမဆုံးပြောချင်တာက တိုင်းဒေသကြီးတွေမှာ အုပ်ချုပ်ရေးကို အဓိကထားဆောင်ရွက်မယ်လို့ NUG ကပြောတာပေါ့ဗျာ။ ဒါကတော့ အခုမှမဟုတ်ဘူး၊ နဂိုကတည်းက မြို့နယ်အလိုက် အုပ်ချုပ်ရေးအဖွဲ့တွေက ရှိနှင့်ပြီးသားဖြစ်တယ်ပေါ့။ အဲဒါက ကျနော်တို့အမြင်နဲ့ပြောရင် ဖယ်ဒရယ်စံတန်ဖိုးတွေနဲ့ မညီဘူးပေါ့ဗျာ။ တကယ်တမ်း ဒေသန္တရ အုပ်ချုပ်ရေးကပြည်နယ်ယူနစ်တွေရဲ့ လုပ်ပိုင်ခွင့်တွေထဲမှာပဲ ရှိရမှာပေါ့။ NUG အစိုးရနေပြီးတော့ မြိုနယ်တွေမှာ အုပ်ချုပ်ရေးလိုက်ဖွဲ့တယ်ဆိုတဲ့ဟာက ဖယ်ဒရယ်စံတန်ဖိုးတွေနဲ့ သွေဖယ်မှုရှိနေတယ်ဆိုတဲ့ဟာကို ပဲ အဓိကထားပြောချင်တယ်။
မေး - နွေဦးတော်လှန်ရေးမှာ အားလုံးက ဖက်ဒရယ်ပြည်ထောင်စုသွားမယ်လို့ ကြွေးကြော်နေတဲ့အချိန် အခုလိုမျိုး တိုင်းတွေကို NUG က အုပ်ချုပ်မယ်ဆိုတယ်ဆိုတာမျိုးပြောတဲ့အပေါ်မှာရော ဘယ်လိုထင်လဲ။
ဖြေ - နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးတောင်းဆိုချက်ကိုက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဖြစ်တယ်ပေါ့ဗျာ။ ဆိုတော့ ကြားကာလ အုပ်ချုပ်ရေး၊ ဥပ ဒေ ပြုရေး၊ တရားစီရင်ရေး ကဏ္ဍတွေကို စဥ်းစားတဲ့အခါမှာ ဖယ်ဒရယ်စံတန်ဖိုးတွေနဲ့ပဲစဥ်းစားဖို့လိုတယ်။ ဆိုတော့ ကျနော်တို့မှာရှိတာဆိုလို့ ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ် အခန်း ၈ ပေါ့ဗျာ။ အဲဒီက ပုဒ်မ ၅၂ မှာ ပြဋ္ဌာန်ထားတာရှိတယ်။ ဤပဋိညာဉ်ပါ ဖယ်ဒရယ်တည်ဆောက်မှုအခြေခံဖြင့် ပြည်နယ်ဖယ်ဒရယ်ယူနစ်များရဲ့ အခြေခံပြဋ္ဌာန်ခွင့်အရ သက်ဆိုင်ရာ ပြည်နယ် ဖယ်ဒရယ်ယူနစ်များရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကဏ္ဍတွေကို လိုအပ်သလို ဖွဲ့စည်ဆောင်ရွက်သွားရမည်ဆိုတဲ့ဟာပါတယ်။ ဆိုတော့ ဖယ်ဒရယ်ဒီမိုကရေစီပဋိညာဉ် ကိုယ်တိုင်က ဖယ်ဒရယ်စံတန်ဖိုးတွေအရ ကျနော်တို့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွေကို လုပ်ရမယ်ဆိုတဲ့ဟာပါတာပေါ့။ ဆိုတဲ့အခါကျတော့ NUG ကပြည်နယ်တွေမှာ မလုပ်နိုင်လို့ တိုင်းဒေသကြီးတွေမှာ လုပ်မယ်ဆိုတဲ့ဟာက ပြည်နယ်ယူနစ်တွေရဲ့လုပ်ပိုင်ခွင့်အာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ကို တိုက်ရိုက်ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့ဟာလို့ပဲ ကျနော်တို့ကပြောရမှာပေါ့။
မေး - တနင်္သာရီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်းရှိ မြို့နယ် ၄၆ ခုမှာ ပြည်သူ့လုံခြုံရေးအဖွဲ့တွေဖွဲ့ထားပြီး ရဲစခန်း ၈ ခု၊ ကြားကာလတရားရုံး ၂၈ ရုံးရှိနေပြီလို့ NUG ကဆိုထားတယ်။ တိုင်းထဲက တကယ့်မြေပြင်မှာ NUG ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေက ဘယ်လိုအခြေအနေရှိနေလဲ။
ဖြေ - ဒီနေရာမှာတော့ ကျနော်ရဲ့ ပုဂ္ဂလအမြင်အရပဲကျနော်ပြောချင်တယ်ဗျ။ အဲလိုပြောတဲ့အခါမှာ ကျနော်တို့ တနင်္သာရီဒေသရဲ့ အခြေနေကိုပဲ ကျနော်က ပြောချင်တယ်။ ကျနော်တို့ တနင်္သာရီဒေသ အခြေအနေကို ကြည်မယ်ဆိုလို့ရှိရင် တော်လှန်ရေးအင်အားစုတွေ ထိုက်သင့်သလောက်စိုးမိုးမှုရထားတဲ့နေရာတွေမှာ တရားရုံးလည်းမရှိဘူး၊ ရဲစခန်းလည်းမရှိဘူး၊ ဘယ်သူ့တိုင်ရကောင်းမှန်းလည်းမသိဘူး။ အဲတော့ ပအဖ၊ ပလဖ၊ ပကဖ တို့ရှိတယ်လို့တော့ပြောတာပဲ။ ကျနော်တို့မြေပြင်မှာကျတော့ လူထုနဲ့တိုက်ရိုက်ထိတွေ့မှုရှိနေတဲ့ ပကဖ ၊ ပအဖတွေကလည်းပဲ ဘယ်ဥပဒေအရ သူတို့ဆောင်ရွက်နေတယ်ဆိုတာကို ဘယ်သူမှလည်းသိမှာမဟုတ်ဘူး၊ ကျနော်တို့လည်းမသိဘူ။ ဥပဒေလည်းရှိပုံမရဘူး။ အဲလိုမျိုးကျနော်တို့က မြင်တယ်။ ဥပမာလူတစ်ယောက်ကပြစ်မှုကျူးလွန်လို့ အဲဒီလူကို ပြစ်ဒဏ်ချဖို့ ဆိုရင် ဥပ ဒေ က မရှိနေဘူး။ ဒါကြောင့် သူတို့ပါးစပ်ထဲကထွက်တဲ့အမိန့်အတိုင်းပဲ စီမံနေတာပဲ။ တခါတလေဆိုရင် အပြစ်ရှိတယ်ဆိုပြီး ပစ်ခတ်သတ်ဖြတ်တာတွေ၊ ဒါတွေက လုံးဝ တရားဥပဒေမဲ့လုပ်ရပ်တွေပဲဖြစ်တယ်။ လူတစ်ယောက်အပြစ်ရှိတယ်ဆိုရင် တရားဥပဒေနည်းလမ်းကျ အပြစ်ပေးဖို့လိုတယ်။ အဲလို အပြစ်ပေးနိုင်ဖို့လည်း လွတ်လပ်မျှတတဲ့ တရားရုံးတွေရှိဖိုလိုတယ်။ လွတ်လပ်မျှတတဲ့ တရားရုံးဆိုတာကလည်း ကျနော်တို့အိမ်မက်တောင်မက်လို့အရတဲ့အနေအထား။ ဆိုတော့ ဥပဒေလည်းမရှိ၊ တရားရုံးလည်းမရှိ လုံခြုံရေးကလည်း ဘယ်သူယူထားမှန်းမသိတဲ့ နေရာမှာတရားဥပဒေစိုးမိုးရေးကလည်း မရှိနေဘူးပေါ့ဗျာ။
မေး - တနင်္သာရီတိုင်းအတွင်းမှာ တော်လှန်ရေးအင်အားစုတွေကြိုးပမ်းနေတဲ့ ဖယ်ဒရယ်နဲ့ပတ်သက်ပြီးလုပ်ဆောင်ချက်တွေက ဘယ်လိုအနေအထားအထိ ရောက်နေပြီလဲ။
ဖြေ - တနင်္သာရီဒေသအတွင်းမှာ ပွင့်ပွင့်လင်းလင်းပြောရင် တနင်္သာရီဖယ်ဒရယ်ယူနစ်ပေါ်ပေါက်ရေး နှင့်ပတ်သက်ပြီးတော့ ကြိုးစားနေကြတာတော့ အခုမှတော့မဟုတ်ပါဘူး။ စစ်အာဏာသိမ်းပြီး ၂၀၂၁ ဧပြီလလောက်ကတည်းက အင်အားစုတွေ အချင်းချင်းတွေ့ဆုံကြပြီးတော့ ဖယ်ဒရယ်ယူနစ်ကိုသွားဖို့အတွက် တိုင်ပင်ခံကောင်စီပြောပြောဘာပြောပြော ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်တဲ့ ပလက်ဖောင်းတစ်ခုကိုတည်ဆောက်ကြဆိုတဲ့ စဉ်းစားချက်တွေကြိုးပမ်းချက်တွေ ရှိကြတယ်။ လက်ရှိအခြေအနေထိလည်းကြိုးပမ်းနေတာမျိုးတွေရှိတယ်။ အဲဒီမှာ ကျွန်တော်မြင်တာက ဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေး နိုင်ငံရေးအင်အားစုတွေနဲ့ ၂၀၂၀ မှာအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်အုပ်စု တွေနဲ့ နည်းနည်းသဘောထားကွဲလွဲမှုတွေ ရှိနေတယ်လို့မြင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးသိတဲ့အတိုင်း ကြားကာလမှာ ဥပဒေပြုခွင့်အာဏာကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကနိုင်ရတဲ့ ကိုယ်စားလှယ်တွေမရှိခဲ့ဘူးဆိုတာကိုလက်ခံထားတယ်။ တစ်ဖက်ကလည်း သူတို့သာလျှင် ၂၀၂၀ မှာအနိုင်ရတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ သူတို့သာလျှင် ကြားကာလ မှာ ဥပဒေပြုခွင့် အာဏာအပြည့်ရှိတယ် ပုံစံမျိုးနဲ့ သူတိုပြုတဲ့ မူဝါဒတွေအတိုင်းပဲ ဒေသအတွင်းမှာရှိတဲ့ တော်လှန်ရေးအင်အား စုတွေက လိုက်ပြီးတော့ ဆောင်ရွက်ရမည်ဆိုတာတွေဖြစ်နေတယ်။ ကျွန်တော်တို့က အဲဒီအပေါ်မှာ မကျေလည်ကြဘူး။ ကျွန်တော်တို့မြင်တာကတော့ ဒေသအတွင်းမှာရှိနေတဲ့ တော်လှန်ရေးအင်အားစုတွေ နိုင်ငံရေးအင်အားစုတွေ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေပါ အားလုံးအတူတကွ ပဲ ကြားကာလ ဥပဒေပြုရေး တရားစီရင်ရေး အုပ်ချုပ်ရေး အဲဒီအာဏာ မဏ္ဍိုင်၃ရပ်စလုံကို ဘယ်လိုတည်ဆောက် ကြမှာလဲဆိုတဲ့ဟာက ကျွန်တော်တို့ အားလုံးရဲ့ သဘောဆန္ဒနဲ့ပဲ လုပ်နိုင်မယ်လို့ထင်တယ်။ ဘာလို့ပြောတာလဲ ဆိုတော့ ကျွန်တော်တို့မှာ ကိုးကားစရာဆိုလို့ ထွေထူးဘာမှမရှိဘူး FDC ပဲရှိတယ်။ FDC ရဲ့ ပြဌာန်းချက်တွေက ဥပဒေပြုခွင့်ကို ၂၀၂၀ မှာအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို အပ်နှင်းထားတယ်ဆိုတာ တစ်ခွန်းမှတောင်မပါဘူး။ တစ်လုံးမှလည်းမပါဘူး။ ဆိုတော့ ငါတို့က လွှတ်တော်ကိုယ်စားလှယ်တွေပဲဖြစ်တယ်။ ငါတို့ပဲဥပဒေပြုရမယ်။ ငါတို့စီမံတဲ့အတိုင်းဒေသအတွင်းမှာ ရှိတဲ့ အင်အားစုတွေကလိုက်လုပ်ရမယ်၊ လာပြီးတော့ ပူးပေါင်းပါဝင်ရမယ်ဆိုတဲ့ အယူအဆမျိုးနဲ့ ဆက်ပြီးသွားလို့မရဘူးဆိုတဲ့ အနေအထားမျိုးဖြစ်တယ်၊။ အဲဒီမှာပဲ ကြန့်ကြာနေတယ်လို့မြင်တယ်။
မေး - တနင်္သာရီတိုင်းအခြေအနေအရ ဘယ်လိုစနစ်နဲ့သွားသင့်တယ်လို့ထင်လဲ။ ဘာကြောင့်လဲ။
ဖြေ - ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင်ဗျာတော်လှန်ရေးစကတည်းက အာဏာသိမ်းပြီး သပိတ်ကော်မတီတွေ စဖွဲ့ကတည်းက ဖယ်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးဖြစ်တယ်။ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ဆိုတာက ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ ပြည်နယ်ယူနစ်တစ်ခုအနေနဲ့ ပြည်ထောင်စုမှာ ပါဝင်မယ်။ အဲဒီပြည်နယ်ယူနစ်ထဲမှာမှ ဒီမိုကရေစီ စံတန်ဖိုးတွေ၊ လူ့အခွင့်အရေးစံတန်ဖိုးတွေနဲ့ အုပ်ချုပ်ရေး တရားစီရင်ရေး စတဲ့ နိုင်ငံရေးကဏ္ဍတွေ ဒီမိုကရေစီကို အခြေခံတဲ့ နိုင်ငံရေးစနစ် နှင့်သွားမည်ဆိုပြီး စိတ်ကူးခဲ့ကြတာရှိတယ်။ ဒါကတော့ ကျန်တဲ့ အင်အားစုတွေမှာလည်းပဲ ကိုယ်စီစိတ်ကူးတွေရှိကြတာပေါ့။ ဒါပေမယ့် ဒေသအတွင်းမှာရှိနေတဲ့ ဗဟိုသဘောတူညီချက်တစ်ခုတော့ မရသေးတဲ့ အနေအထားတစ်ခုလို့ပြောရမှာပေါ့။ ဒါပေမယ့် ကျွန်တော့် အမြင်ပြောရရင် အတော်တော်များများကတော့ ထားဝယ်ပြည်နယ်တို့ မြိတ်ပြည်နယ်တို့ ဘာတို့ညာတို့ မစဉ်းစားခဲ့ကြဘူး။ မစဉ်းစားခဲ့တာကလည်း တနင်္သာရီဒေသတစ်ခုလုံးကို ပထဝီအရကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့က အတူတူနေမှကိုဖြစ်မှာ။ အတူတူနေမှလူမှုအကျိုး စီးပွားကို ပိုပြီးတော့ လုပ်နိုင်မှာပါ။ ပိုလုပ်နိုင်မှ လူထုရဲ့ သက်သာ ချောင်ချိရေး ကျန်းမာရေး ပညာရေး ကုန်သွယ်ရေးဘာညာ အဲဒါတွေအားလုံးက တနင်္သာရီဒေသ ပထဝီအခြေအနေကိုကြည့်မယ်ဆိုရင် ကျွန်တော်တို့ အားလုံးအတူတူနေမှ ဒီဒေသမှာရှိတဲ့ ပြည်သူလူတုရဲ့ အကျိုးစီးပွားက ပိုပြီးတော့ ဖြစ်ထွန်းမှာ။ ထားဝယ်ပြည်နယ် မြတ်ပြည်နယ် ဆိုတာမျိုးမစဉ်းစားကြပဲ တနင်္သာရီအမျိုးသားများပြည်နယ် တနင်္သာရီဒေသကို အခြေခံပြီးတော့ တနင်္သာရီဒေသမှာရှိနေတဲ့ တိုင်းရင်းသားလူမျိုး အားလုံး အတူယှဉ်တွဲ နေထိုင်တဲ့ ပြည်နယ်ယူနစ်မျိုးကို ကျွန်တော်တို့က လိုချင်တယ်။
မေး - တနင်္သာရီတိုင်းက လူမျိူးစုတွေ အနေနဲ့ ဖက်ဒရယ်ယူနစ်တစ်ခု တည်ထောင်ဖို့ ရည်ရွယ်ထားတာမျိုးရော ရှိလား။ အဲ့ ဒီပေါ် ဘယ်လိုဆောင်ရွက်ဖို့ ရှိလဲ၊ ဒါမှမဟုတ် NUG ရဲ့ အစီအစဉ်အတိုင်းပဲ လုပ်ဆောင်မှာလား။
ဖြေ - ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးတို့ အမျိုးသားတန်းတူရေးတို့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ ဆိုတာက NUG ပေးတဲ့ မုန့်ဖိုးလေးနဲ့ ကျေနပ်ဖို့မဟုတ်ဘူး။ ကျွန်တော်တို့ တနင်္သာရီ ပြည်နယ်ယူနစ်ရဲ့ ကံကြမ္မာကို ကျွန်တော်တို့ ပြည်နယ်သူ ပြည်နယ်သားတွေ ပြည်နယ်ထဲမှာရှိနေတဲ့ နိုင်ငံရေးအင်အားစုတွေကနေပြီးကပဲ ကြိုးစားရမှာပဲ။ ဘယ် NUG ရဲ့ မုန့်ဖိုးကိုမျှော်နေမှာလဲ မဟုတ်ဘူး။ ကျွန်တော်တို့ကိုယ်တိုင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ပဲ အမြဲတမ်းစဉ်မြဲ ကြိုးစားနေကြတယ်။ ဒါပေမယ့် နှောင့်နှေးကြန့်ကြာမှုလေးတွေတော့ ရှိတာပေါ့။ ဘယ်လိုပဲပြောပြော အတတ်နိုင်ဆုံးတော့ ကြိုးစားကြရမှာပဲ။ နောက်တစ်ခုက ကျွန်တော်တို့ဒေသမှာရှိနေတဲ့ လူငယ်အတော်များဟာကို ကျွန်တော်မြင်သလောက်ဆိုရင် ကိုယ့်ပြည်နယ်ယူနစ်ကိုယ် ကိုယ့် ပြည်နယ်သူပြည်နယ်သားများနဲ့ ထုဆစ်ပုံဖော်ဖို့ပဲ စဉ်းစားကြတာရှိတယ်။ လူငယ်တိုင်းလူငယ်တိုင်းမှာ တနင်္သာရီဖယ်ဒရယ်ယူနစ်ရဲ့ အိပ်မက်တွေရှိတယ်။ အဲဒီအိပ်မက်ကို တစ်မက်တည်းဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစားနေကြတာလည်းရှိတယ်၊ ဆက်ပြီးတော့ ကောင်ထည်ဖော်နိုင်ဖို့လည်း အလားလာရှိတယ်မြင်တယ်။
The Tanintharyi Times
