ထားဝယ်မှာ ဧည့်စာရင်းတိုင်ဖို့အတွက် အုပ်ချုပ်ရေးမှူးတွေ တောင်းသလောက်ငွေပေး‌နေရ

ထားဝယ်မှာ ဧည့်စာရင်းတိုင်ဖို့အတွက် အုပ်ချုပ်ရေးမှူးတွေ တောင်းသလောက်ငွေပေး‌နေရ

ပုံစာ - ထားဝယ်မြို့ပေါ်ကဝဲကျွန်းထိန်သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။(ပုံဟောင်း)

ထားဝယ်မြို့ပေါ်မှာ ဧည့်စာရင်းတိုင်ဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တောင်းသမျှ ငွေကြေးကိုပေးနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ရပ်ကွက်ပေါင်း ၁၅ ခုရှိတဲ့ထားဝယ်မြို့ပေါ်မှာ ဧည့်စာရင်းအကြောင်းပြပြီး စစ်ဆေးတာနဲ့ ဧည့်စာရင်းတိုင်ခိုင်းတာတွေကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနစ်ကတည်းက လုပ်ဆောင်နေတာပါ။

အဲဒီထဲက တချို့ရပ်ကွက်တွေမှာ ဧည့်စာရင်းတိုင်ကြားချိန် အခကြေးငွေမသတ်မှတ်ဘဲ အလှူခံတာမျိုးရှိပေမဲ့ တချို့ရပ်ကွက်တွေမှာတော့ ဧည့်စာရင်းတိုင်တဲ့သူတွေဆီမှာ ငွေကြေးပမာဏကိုသတ်မှတ်ပြီး တောင်းခံနေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဆန်းချီရပ်ကွက်မှာတော့ အခုလက်ရှိ တစ်ပတ်ကိုနှစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး တစ်ခါဧည့်စာရင်းတိုင်ရင် ကျပ်သုံးထောင် တောင်းခံတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“သုံးရက်ကို သုံးထောင်တောင်းတယ်။ တစ်ရက်ကိုတစ်ထောင်နှုန်းဖြစ်နေတယ်။ တည်းခိုခန်းငှားနေသလိုတောင်ဖြစ်နေတယ်လေ” လို့ ဧည့်စာရင်းသွားတိုင်ခဲ့တဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။

ငွေကြေးပမာဏကိုပြောဆိုပြီး ဆန်းချီအုပ်ချုပ်ရေးမှူးကိုယ်တိုင်က တောင်းခံနေတာလို့လည်း မြို့ခံကဆက်ပြောပါတယ်။

မြို့ပေါ်က ဝဲကျွန်းမြို့သစ်ရပ်ကွက်၊ ကျောက်မော်ရပ်ကွက်၊ ကြက်စားပြင်စတဲ့ရပ်ကွက်တွေမှာတော့ တစ်ပတ်တစ်ကြိမ်နဲ့ ဆယ်ရက်တစ်ကြိမ် ဧည့်စာရင်းတိုင်ခိုင်းပြီး ကျပ်ငါးထောင်အထိ ပြောဆိုတောင်းခံနေတာလို့မြို့ခံတွေက ပြောပြတယ်။

“လက်ဖက်ရည်ဖိုးဆိုပြီး ပြောတယ်။ သူတို့နဲ့ရင်းနှီးရင် တစ်လကြာမှတစ်ထောင်လောက်ပေးလည်းရတယ်။ လူရဲ့အခြေအနေကို ကြည့်ပြီးတောင်းတာ။ ပမာဏသူတို့ပါးစပ်ထဲမှာပဲ။ သူတို့တောင်းတဲ့အတိုင်းပဲ” လို့ နောက်ထပ်မြို့ခံ တစ်ဦးကပြောပါတယ်။

ဧည့်စာရင်းတိုင်ရာမှာ ထားဝယ်အရှေ့တောဒေသခံတွေကိုတော့ အုပ်ချူပ်ရေးမှူးတွေက အမျိုးအမျိုးစီစစ်မေးမြန်းပြီး တခြားသူတွေထက် ငွေကြေးပိုမိုတောင်းခံတာတွေလည်း လုပ်ဆောင်တယ်လို့ ကာယကံရှင်တွေရဲ့ တဆင့်ခံပြောပြချက်အရ သိရပါတယ်။

ဒါ့အပြင် ဧည့်စာရင်းတိုင်တဲ့သူတွေ တွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံကိုလည်း အုပ်ချုပ်ရေးမှူးတွေကို ပေးထားရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ထားဝယ်ခရိုင်အတွင်း မြို့နယ်လေးခုက စစ်ဘေးရှောင်တွေဟာ နေအိမ်စွန့်ခွာရချိန်မြို့ပေါ်တွေကို အဓိကပြောင်း‌ရွှေ့လာပြီး အိမ်ငှားရမ်းနေထိုင်တာတွေနဲ့ ဆွေမျိုးအိမ်တွေမှာလာရောက်နေထိုင်တာတွေ လုပ်ဆောင်နေကြတာဖြစ်ပါတယ်။

The Tanintharyi Times