လူငယ်တွေရဲ့ နေရာ

လူငယ်တွေရဲ့ နေရာ

နွေဦးတော်လှန်ရေးမှာ ရေပန်းအစားဆုံးအကြောင်းအရာတွေထဲက တခုက ဂျန်ဇီး (Gen Z) ဖြစ်ပါတယ်။ ၁၉၉၆ နောက်ပိုင်းမှာ မွေးတဲ့ လူငယ်တွေဟာ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ပါဝင်ခဲ့ကြတယ်။

လမ်းတွေပေါ်မှာ အသွင်သဏ္ဍာန်မျိုးစုံနဲ့ ပြည်တွင်းကနေ နိုင်ငံတကာ ပြည်သူတွေအထိ သဘောကျခဲ့ကြရတဲ့ ဆန်းသစ်တဲ့ ဆန္ဒထုတ်ဖော်မှုတွေကနေ တဖြည်းဖြည်း ဆန္ဒပြ ပြည်သူအချင်းချင်း ကာကွယ်ပေးတဲ့ လူငယ်တွေ အဖြစ် ပြောင်းလဲလာခဲ့ကြတယ်။ အဲ့ဒီနောက်တော့ တောထဲက စစ်သင်တန်းတွေဆီရောက်သွားကြသူတွေလည်း ရှိသလို၊ ဆန္ဒပြပွဲတွေ အကြမ်းဖက် ဖြိုခွင်းခံရပြီး အကျဉ်းထောင်ထဲအထိ ရောက်သွားကြသူတွေလည်း ရှိတယ်။

နေရာမျိုးစုံမှာ တိုးတိုးတိတ်တိတ်နဲ့သော်လည်းကောင်း၊ တက်တက်ကြွကြွ ပွင့်ပွင့်လင်းလင်းသော်လည်းကောင်း ဆက်လက်ပြီး တော််လှန်ရေးမှာ ပါဝင်နေကြတုန်းပါပဲ။ တချို့လည်း တော်လှန်ရေးရဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေမှာ ဝင်ရောက်ပြီး တာဝန်တွေ ဝင်ယူကြပါတယ်။ ဒါကတော့ မျိုးဆက်တွေ အစုံပါပဲ။

ဂျန်ဇီးတွေတင် မကပဲ၊ ထောင်စုနှစ်ဖွားတွေ လူငယ်တွေလည်း ပါဝင်ကြပါတယ်။ ထောင်စုနှစ်ဖွားတွေထဲမှာ အစောပိုင်းမွေးသူတွေဆိုရင် လူငယ်ကနေ လူလတ်အဖြစ်ကို ကူးပြောင်းနေပါပြီ။

လေးနှစ်ကျော်ကာလကို ဖြတ်သန်းလာခဲ့ကြတဲ့ လူငယ်တွေ အခု ဘယ်လောက်အထိ ခရီးပေါက်ကြပါပြီလဲ။

တော်လှန်ရေးဟာ နိုင်ငံရေးကို သင်ကြားပေးတဲ့ အရေးအကြီးဆုံး သမိုင်းရဲ့ အလှည့်အပြောင်းကာလဖြစ်ပါတယ်။ ဒီကာလကို ဖြတ်သန်းကြတဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍ၊ အနာဂတ်ဟာ အသစ်တည်ဆောက်ကြမယ့် နိုင်ငံတော်ရဲ့ အနာဂတ်လည်း ဖြစ်တာမို့ လူငယ်တွေရဲ့ ရွေးချယ်မှုတွေဟာလည်း ဒီတော်လှန်ရေးရဲ့ အလှည့်အပြောင်းကို ဖော်ဆောင်ရာမှာ အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေမှာ လူငယ်တွေဟာ ပင်မနိုင်ငံရေး ရေစီးကြောင်းတွေကို ပံ့ပိုးကူညီဖို့၊ အားဖြည့်ဖို့အတွက် ကိုယ့်ကိုယ်ကို နေရာချထားကြလေ့ ရှိပါတယ်။ ဦးဆောင်မှု ကဏ္ဍမှာ စဉ်းစားကြတဲ့ အလေ့အထ နည်းပါးလေ့ရှိတာလည်း ကျနော်တို့ နိုင်ငံရေးရဲ့ သဘာဝဖြစ်မယ် ထင်ပါတယ်။

လူကြီးတွေ ဖြတ်သန်းမှုအလိုက် သူတို့တည်ဆောက်ခဲ့တဲ့ လမ်းပေါ်မှာ လူငယ်တွေဟာ ဆက်လျှောက်နေကြသလိုပဲ ပင်မနိုင်ငံရေးရေစီးကြောင်းမှာ ဦးဆောင်မှုနေရာတွေမှာ ဆက်လက်ပြီး သူတို့ အတွေ့အကြုံတွေနဲ့ ထည့်ဝင်အကျိုးပြုနေကြတုန်း ပါပဲ။ ဒါပေမယ့် ဒီဦးဆောင်မှုအခန်းကဏ္ဍကို တဖြည်းဖြည်းချင်း လက်ဆင့်ကမ်းမှုမရှိဘဲ လူကြီးတွေချည်းပဲ ဆက်လက်ပြီး ပါဝင်နေကြမယ်ဆိုရင်တော့ မျိုးဆက်တွေအကြား လက်ဆင့်ကမ်းနိုင်မယ့် အခွင့်အရေးကောင်းတခုကို ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

လူကြီးတွေဟာ သူတို့ရဲ့ ဖြတ်သန်းမှုအလိုက် ကြွယ်ဝတဲ့ အတွေ့အကြုံတွေနဲ့ ထပ်တူ အကဲဆတ်တာတွေ၊ အကဲခတ်နေရတာတွေနဲ့ပဲ ပိုနေမြဲ​ကျားနေမြဲ အခြေအနေတွေကို အပြောင်းအလဲလုပ်နိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒီနေရာမှာ လူငယ်တွေရဲ့ လတ်ဆတ်တဲ့ အတွေးအမြင်တွေနဲ့ မကုန်ခမ်းနိုင်ဘူးလို့တောင် ထင်ရတဲ့ “စိတ်မရှည်” ဘူးလို့လည်း စွပ်စွဲခံရလေ့ရှိတဲ့ စွမ်းအင်တွေ လိုအပ်ပါတယ်။

လူငယ်တွေအနေနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ ပါဝင်ကြရာမှာ ဦးဆောင်မှုကို နေရာအပေးခံရတဲ့အချိန်ထိ စောင့်ဆိုင်းနေတာမျိုးမဟုတ်ပဲဦးဆောင်မှု အရည်အသွေးကို ပြသဖို့ လိုပါတယ်။ ဦးဆောင်မှုဆိုတာ ဥက္ကဌ၊ အတွင်းရေးမှူး​ရာထူးတွေ၊ နေရာတွေမဟုတ်ပဲ အတွေးအခေါ်၊ အလုပ်အကိုင်အားဖြင့် ဦးဆောင်မှုကိုလည်း ဦးဆောင်မှုအဖြစ် မှတ်ယူနိုင်ပါတယ်။ အဖွဲ့အစည်းတွေရဲ့ အပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့ စိန်ခေါ်တွန်းအားပေးရာမှာ လူငယ်တွေ ပါဝင်နိုင်ပါတယ်။

လူငယ်တွေအနေနဲ့ ကိုယ်ပါဝင်နေတဲ့ အဖွဲ့အစည်းတွေဟာ ကိုယ့်ရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ ကိုက်ညီတဲ့ အဖွဲ့အစည်းဖြစ်ရဲ့လား၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ အဖွဲ့အစည်းဖြစ်ရဲ့လားဆိုတာလည်း မပြတ် သုံးသပ်ရင်းနဲ့ ကိုယ်လိုချင်တဲ့ အပြောင်းအလဲကိုလည်း တွန်းအားပေးနိုင်ပါတယ်။

တချိန်ချိန်မှာ အရည်အချင်းအလိုက် သမာရိုးကျ ဦးဆောင်မှုနေရာကို ရယူနိုင်မယ့် ဒီမိုကရေစီနည်းကျ လမ်းကြောင်းတခု ရှင်းရှင်းလင်းလင်းရှိရဲ့လားဆိုတာလည်း စဉ်းစားဖို့ လိုပါမယ်။

ကိုယ်ပါဝင်နေတဲ့ ပင်မနိုင်ငံရေး ရေစီးကြောင်း သို့မဟုတ် အဖွဲ့အစည်းဟာ ကိုယ့်ရဲ့ စံတန်ဖိုးနဲ့ ကိုက်ညီမနေဘူးဆိုရင်၊ ဒီမိုကရေစီနည်းကျ ပြောင်းလဲဖို့ မဖြစ်နိုင်ဘူးဆိုရင်၊ ဒီမိုကရေစီနည်းကျ ဦးဆောင်မှုနေရာကို ရောက်ရှိနိုင်ဖို့ ရှင်းလင်းတဲ့ လမ်းကြောင်း ရှိမနေဘူးဆိုရင် လူငယ်တွေကိုယ်တိုင် ခေါင်းဆောင်တဲ့ အပြောင်းအလဲကိုလည်း စဉ်းစားဖို့ လိုပါမယ်။

ဒီနေရာမှာ ခေါင်းဆောင်မှုဆိုတာ လူတဦးတယောက်ရဲ့ ကိစ္စ၊ အဖွဲ့အစည်းတခု ထောင်ပြီး ခေါင်းဆောင်လုပ်ရုံလောက်ကို ဆိုလိုတာ မဟုတ်ပါဘူး။ ကမ္ဘာ့အမြင် အတွေးအခေါ် အပြောင်းအလဲနဲ့ လူထုကို တည်ဆောက်နိုင်မှုတွေကို ဆိုလိုပါတယ်။

ကိုထင်

The Tanintharyi Times