မိန်းမတွေ မထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံ

မိန်းမတွေ မထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံ

မိန်းမဆို မထိုင်ရဆိုတဲ့ ထိုင်ခုံတွေ မရှိခဲ့ဖူးပေမဲ့ မိန်းမတွေ မထိုင်ခဲ့ဖူးတဲ့ ထိုင်ခုံတွေကတော့ တော်တော် များခဲ့တာ သေချာတယ်။ စည်းကြီး ကမ်းကြီး ကျနော်တို့လူ့အဖွဲ့အစည်းကြီးကမိန်းမဆိုတာ ထိုင်ခုံနဲ့ ဘာဆိုင်လို့ လဲလို့ မာမာထန်ထန်မေးခွန်းထုတ်ခဲ့လေတော့ မိန်းမတွေကိုယ်တိုင်က ထိုင်ခုံဆိုတာ သူတို့နဲ့ဘာမှမ ဆိုင်သလို သဘောထားခဲ့ကြတယ်။

အဲဒါကြောင့်လည်း အသက်၈၀ကျော်မှ ကွယ်လွန်ခဲ့တဲ့ ကျနော့်အဘွား ထိုင်ခုံဆို သူနဲ့ဘာမှမဆိုင်သလို ဘဝတစ်သက်တာကျိုးနွံခဲ့တယ်။ သာမန်ထက် မြင့်တဲ့နေရာတစ်ခုခုဟာ မိန်းမတွေနဲ့မဆိုင်ဘူးလို့ အဘွားက စုံမှိတ် ယုံမှတ်ခဲ့တယ်။ အဘွားက ဘယ်ထိုင်ခုံမှာမှ မထိုင်၊ မြင့်မြင့်မားမား တစ်နေရာရာသည် အဘွားနဲ့မဆိုင်၊ ရပ်ထဲရွာထဲ အာဏာပါဝါ၊ ဦးစီးဦးဆောင် အဘွားနဲ့ အဝေးကြီး။

ကျနော့်အဘွားရဲ့အစ်မ ဘွားဘွားကြီးဆို ဒုတိယကမ္ဘာစစ်မတိုင်မီ တော်တော်စောစောကတည်းက မလေးရှားနိုင်ငံ၊ ပီနန်အထိသွားပြီး ဆေးလိပ်သွားလိပ်ကာ မိသားစုကြီးတစ်စုလုံးကို ရှာကျွေးခဲ့တဲ့သူ။ ပီနန်သွားတော့လည်း ဒေသခံအမျိုးသမီးအုပ်စုကြား ဘွားဘွားကြီးက ဦးဆောင်သူ။ ပီနန်မှာ ၁၀နှစ်အလုပ်လုပ်ပြီး ပြန်လာတော့လည်း ကျနော်တို့ရပ်ရွာထဲအင်မတန်စေ့စပ်သေချာတဲ့ ဒေါင်ဒေါင်မြည် အပျိုကြီးအပျိုခေါင်း။ အများရဲ့လေးစားခြင်းခံရတဲ့သူ။

အဲဒီလို ဘွားဘွားကြီးမို့ “ဘွားဘွားကြီး ငယ်ငယ်တုန်းကဘာလို့ သူကြီး ဝင်မရွေးတာလဲ”လို့ ကျနော် မေးကြည့်တော့ သူကြီးနဲ့ အမျိုးသမီး ဘာဆိုင်လို့လဲလို့ ပြန်ဖြေခဲ့ဖူးတယ်။

ဘွားဘွားကြီးဟာ ရပ်ထဲရွာထဲ ဩဇာရှိတဲ့ အမျိုးသမီးကြီးဖြစ်ပေမဲ့ အာဏာပါဝါသည် အမျိုးသမီးတို့နဲ့မဆိုင်ဘူးလို့ သဘောထားခဲ့သလို သူသည်လည်း ထိုင်ခုံတွေပေါ် ဘယ်တုန်းကမှ မထိုင်။ အိမ်ကြမ်းခင်းသည်သာ ဘွားဘွားကြီးတို့ကမ္ဘာ။

ကျနော်တို့ လူ့အဖွဲ့အစည်းကိုယ်တိုင်ကလည်း ကုလားထိုင်တွေ၊ ထိုင်ခုံတွေ အသုံးပြုခဲ့ဟန်မတူ။ ကြမ်းခင်းသည်သာ ကျနော်တို့ယဉ်ကျေးမှုလို့ ဆိုရမလား။

ဧည့်လာရင် အိမ်ကြမ်းခင်းပေါ် ဖျာခင်း၊ လူကြီးသူကြီး အမျိုးသားကြီးတွေက မြင့်မြတ်တယ်လို့ဆိုတဲ့ ဘုရားစင်ဘက်ခြမ်း အိမ်ဦးခန်းမှာ မိန့်မိန့်ကြီး။ ငယ်သူနဲ့ အမျိုးသမီးတွေက အိမ်ခြေရင်းဘက်ခြမ်း။ ဧည့်သည်ဆို ဖျာပေါ် ထိုင်မှ အိမ်ရှင်တွေက ကျေနပ်ကြပြီး ဖျာခင်းပေးလိုက်တယ်ဆိုတာ ဧည့်သည်ကို အလေးအနက်ထား ဧည့်ဝတ်ကျေခြင်းရဲ့ သင်္ကေတ။

ထိုင်ခုံက အနောက်ကမ္ဘာကနေ အရှေ့ဆီ ရွေ့လာဟန်တူတယ်။ ရှေးသရောအခါက အနောက်တိုင်းသားတွေကို ကုလားဖြူလို့ခေါ်ကြပြီး သူတို့ ထိုင်တဲ့ထိုင်ခုံမို့ ကုလားထိုင်လို့ နာမည်တွင်ခဲ့တာများလား။

ကုလားပဲထိုင် ထိုင်၊ မြန်မာပဲ ထိုင်ထိုင် ဘာပဲဖြစ်ဖြစ် ကြမ်းပြင်မှာ ထိုင်ရတာထက် ပိုသက်သောင့်သက်သာရှိတယ် မဟုတ်လား။

“မေမေကြီးတို့ငယ်ငယ်တုန်းက အင်္ဂလိပ်အရာရှိတွေအိမ်မှာပဲ ထိုင်ခုံတွေရှိတာ။ပြီးတော့မှ မြန်မာသူဌေးတွေနဲ့ မြန်မာအရာရှိကြီးတွေက အတုယူပြီး ကုလားထိုင်တွေအိမ်မှာထားကြတာ။ အရာရှိကတော်တွေပဲ ထိုင်ခုံပေါ် တက်ထိုင်ကြတာ။ကျန်တဲ့သူတွေက မိန်းမတွေ ထိုင်ခုံပေါ်တက်ထိုင် အရုပ်ဆိုးလွန်းလို့ ဘယ်သူမှ မထိုင်ကြဘူး” လို့ ကျနော့်အဘွားက ပြောပြခဲ့ဖူးတယ်။

ကျနော့်အဘိုးအဘွားတို့ကလည်း ကျေးလက်မှာ လယ်ပိုင်ရှင်တွေမို့ ထိုင်လို့ကောင်းတဲ့ ကုလားထိုင်တစ်လုံး ရှိခဲ့ဖူးတယ်။ပျဉ်းကတိုးနဲ့လုပ်ထားတဲ့ သစ်သားကုလားထိုင်။ကုလားထိုင်နဲ့ကပ်လျက်မှာ သစ်သားစားပွဲဝိုင်း တစ်ခု။စားပွဲဝိုင်းပေါ်မှာ ရေဒီယိုနဲ့ စားစရာတစ်ခုခုတင်။အဲဒီခေတ် တောသူဌေးတို့စတိုင်ကျကျ ဇိမ်ခံပုံက အဲဒီလို။

ကုလားထိုင်ဆိုတာ ကြွယ်ပိုးကြွယ်ဝ အိမ်တစ်အိမ်ဖြစ်ကြောင်း သင်္ကေတဆိုပေမဲ့ အဲဒီကုလားထိုင်ပေါ်မှာ ကျနော့်အဘိုးသာ အမြဲထိုင်လေ့ရှိတယ်။ အဲဒီကုလားထိုင်ပေါ် အိမ်လာသမျှ ဧည့်သည်တိုင်း ထိုင်လေ့မရှိ။ သက်ကြီးဝါ ကြီး ခြေရာလည်းကြီးသူ ဧည့်တို့သာ ထိုင်လေ့ရှိတယ်။

အဲဒီကုလားထိုင်ပေါ် ကျနော့်အဖေတို့ညီအစ်ကို ထိုင်ခဲ့ဖူးတယ်။ ပြီးတော့ ကျနော်တို့ ညီအစ်ကိုလည်း ထိုင်ခဲ့ဖူး။ကျနော်တို့အဘွားတွေကတော့ ဘယ်အချိန်မဆို ကြမ်းခင်းပေါ် ဒူးတစ်ချောင်းထောင်ထိုင်ကာ မီးခိုးပြောင်းတိုင်ပမာ ပြောင်းဖူးဖက်ဆေးလိပ်ကြီး တဖွာဖွာရယ်နဲ့။

ကျနော့်တို့အဘွားတွေ သေသွားတဲ့အထိ ကုလားထိုင်ပေါ် ဘယ်တုန်းကမှ မထိုင်။ အခုနောက်ကြောင်းပြန် စဉ်းစားကြည့်လိုက်တော့ အဲဒီကုလားထိုင်လုံးဝပျက်စီး သွားတဲ့အချိန်ထိ အမျိုးသမီးတစ်ဦးဦး တက်ထိုင်ခဲ့တာ ကျနော်မမြင်ခဲ့ဖူး။ ကျနော်တို့ကျေးလက်က တခြားကုလားထိုင်ရှိတဲ့ အိမ်တွေမှာလည်း အမျိုးသမီးတွေ ထိုင်နေတာ မတွေ့ခဲ့ဖူး။ ကျေးလက်ကကုလားထိုင်တစ်လုံးဟာ အင်မတန်ကိန်းခန်းကြီးတယ်လို့ ပြောရမလား။

နှစ်များစွာကြာ ကျနော်တို့မျက်လုံးထဲ ကုလားထိုင်ပေါ် အမျိုးသမီးတွေ ထိုင်နေတာကို မမြင်ခဲ့ဖူးလေတော့ ကုလားထိုင်ပေါ် အမျိုးသမီးတစ်ယောက်ယောက်ထိုင်နေတာမြင်ရင် တစ်ခုခု မှားနေသလိုမျိုး။

“ဘယ်လောက်ထိ ကိန်းခန်းကြီးသလဲဆိုရင် ဘကြီးတို့ကျောင်းက ဆရာမကြီးတွေ အိမ်အလည်လာရင် တောင်ကုလားထိုင်ပေါ် တက်မထိုင်ဘူး။ ဘယ်လိုမှလည်း ပြောလို့မရဘူး”လို့ ဘကြီးက ဆိုတယ်။

ဘကြီးက လက်လှမ်းမီသလောက် စာတွေပေတွေ မှီဝဲနေသူမို့လား မပြောတတ်။ ကျားနဲ့မ ခွဲခြားဆက်ဆံမှုမျိုးကို သူလူပျိုဘဝကတည်းက လက်မခံ။ တစ်အိုးတစ်အိမ်ထူထောင်တော့ အိမ်ဧည့်ခန်းမှာ စားပွဲနဲ့ နောက်မှီထိုင်ခုံတွေနဲ့။ လာသမျှဧည့် ထိုင်ခုံပေါ်ထိုင်ကြဖို့ ဒီလောက်တိုက်တွန်းတာတောင် မိန်းမတွေက ဘယ်လိုမှ ပြောလို့မရ ဟင်အင်းဆိုတာချည်း။

“ကိုယ့်မိန်းမကိုတောင် ထိုင်ခုံပေါ်ထိုင်ဖို့ မနည်းပြောယူရတယ်။အဲဒါတောင် အိမ်ကိုယောကျာ်းလေးဧည့်သည်လာရင် ထိုင်ခုံပေါ် တစ်တန်းတည်းထိုင်ဖို့ပြောတာ။ ယူပြီး တစ်နှစ်ကျော်မှထိုင်တော့တယ်”လို့ ဘကြီးက ဆိုတယ်။

မိန်းမကို မရမကပြောလို့ အထမြောက်ခဲ့ပေမဲ့ သူ့အမေကိုတော့ ဘယ်လိုပြောပြော၊ ပြောမရ။လူမြင်မကောင်းဘူး ဆိုတာချည်း။ အမေ့ကို ကန်တော့မလို့ ထိုင်ခုံပေါ်ထိုင်ဆိုရင်လည်း မရ။ဘုရားစင်ရှေ့ သင်ဖြူးဖျာခင်း ပြီးတော့သာ ကန်တော့ခံတဲ့အမေ။

ဘကြီး လူပျိုဘဝကတည်းက ကြုံရင်ကြုံသလို အမေ့ထမီကို ကောက်လျှော်တိုင်း အမေက မကြိုက်။ မိန်းမရတော့ ပိုလို့ဆိုး။အတူနေနေတဲ့လင်က မယားရဲ့ ထမီနဲ့ဘော်လီတွေကို ကိုင်မိလျှော်မိရင်ကို ယောကျာ်း စင်စစ်ဘဝကြီး တစ်ဆင့်နိမ့်ထိုးကျသွားတော့မှာလိုလို။တခြားလူတွေမြင်ရင် ရှင်လည်းသိက္ခာကျ၊ ကျမလည်း အပြောအဆိုခံရမယ်လို့ ဘကြီးရဲ့ မိန်းမက ဆိုသတဲ့။

အမှန်ကို ပတ်ဝန်းကျင်က ဒါမျိုးကို လက်မခံ။တစ်ခါကမိန်းမရဲ့ ဘော်လီကို ဘကြီး ဖြန့်လှမ်းနေခိုက် ဘုန်းကြီးတစ်ပါး လှမ်းမြင်သွားတယ်။အဲဒီနောက် ဘုန်းကြီးနဲ့ဆုံတော့ ယောကျာ်းတို့ မလုပ်အပ်တဲ့အရာတွေ လျှောက်လုပ်ပြီး ကိုယ့်ဘုန်းကံနဲ့ကိုယ့်ဂုဏ်သိက္ခာ ကိုယ့်ဘာသာကျဆင်းအောင် မလုပ်ဖို့ဘုန်းကြီးက ဆုံးမသ တဲ့။

ဘာကိုပြောတာလဲ နားမလည်လို့ မေးကြည့်တော့ မိန်းမဘော်လီလှမ်းတဲ့ကိစ္စ။

“ဘုရားဟောတရားတွေထဲမှာ မိန်းမဆိုတာ တစ်ဆင့်နိမ့်တယ်။မိန်းမအသုံးအဆောင်တွေဟာ ဘုန်းနိမ့်စေတယ်ဆိုရင် မိန်းမယူတဲ့ယောကျာ်းတိုင်း ဘုန်းနိမ့်နေပြီလို့ ဘကြီး ပြန်ပြောတော့ အဲဒီဘုန်းကြီး ဘကြီးကို နှစ်နဲ့ချီ စကားမပြောတော့ဘူး”လို့ ဘကြီးက ဆိုတယ်။

အခုတော့ ထိုင်ခုံဆိုတာ ကျား၊မတိုင်းရဲ့ အသုံးအဆောင်။ ထိုင်ခုံပေါ်ကို မိန်းမတွေရောက်တာ ကြာပြီဆိုပေမဲ့ ထိုင်ခုံပေါ်ရောက်ဖို့ နှစ်အတော်ကြာ အားစိုက်ခဲ့ကြရတယ်။ ကျနော်တို့ လူ့အဖွဲ့အစည်းက လွတ်လပ်တဲ့ကမ္ဘာကြီးကို မမြင်ရအောင် ပိတ်မှောင်လွန်းနေတော့ အရွေ့ တွေကလည်း သိပ်နှေးလွန်းလှတယ်။ဒါ့ကြောင့်လည်း ကုလားထိုင်ဆိုတာ မိန်းမတွေနဲ့မဆိုင်တဲ့ တားမြစ်ခံပစ္စည်း အဖြစ် နှစ်ပေါင်းများစွာ တည်တံ့ခဲ့တယ်။

ထမီတွေ၊ ဗလာစီယာတွေ အတွင်းခံဘောင်းဘီတွေကတော့ ဒီနေ့ထိတိုင် ရုန်းကန်နေရဆဲ။ အဲဒါတွေဟာ ညစ်ညမ်းတဲ့အရာမဟုတ်ဘဲ လူ့အသုံးအဆောင် ပစ္စည်းတွေသာဖြစ်ကြောင်း ဒီနေ့ထိတိုင် အာပေါက်အောင် ပြောနေလည်းလက်မခံနိုင်သေးတာ မြန်မာ့လူဦးရေရဲ့ တစ်ဝက်မကတောင် ရှိနေဦးမယ်လို့ထင်တယ်။

ယောကျာ်းဖြစ်တိုင်း အလိုလိုဘုန်းကံရှိမလာတဲ့အကြောင်းနဲ့ဘုန်းကံဆိုတာ ကိုယ့်အလုပ်၊ကိုယ့်သီလနဲ့ အများအကျိုးဆောင်နိုင်မှုသာဖြစ်ကြောင်း ဘယ်လိုနားဝင်အောင် ပြောပြရမလဲ။

ထွန်းလင်း

The Tanintharyi Times