ပုလောအထက်တန်းကျောင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီဝါဒဖြန့်

ပုလောအထက်တန်းကျောင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီဝါဒဖြန့်

ပုံစာ - အခုလ ၂၀ ရက်နေ့မွန်းလွဲပိုင်းမှာတွေ့ရတဲ့ ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့မြင်ကွင်း

ပုလောမြို့ပေါ်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက ဝါဒဖြန့်ထားပါတယ်။

မနေ့မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ လယ်ဝိုင်းဘုန်းကြီးကျောင်း အနီး ဗုံးသီးတချို့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ပုလောမြို့ခံတွေက ပြောပါတယ်။

အဲဒီပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို NUG လက်အောက်ခံတပ်ဖွဲ့တွေက ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်လို့ ရေးသားနေကြပါတယ်။

“အသံကကျယ်တော့ ကျောင်းသွားကြိုတဲ့ မိဘတွေ လန့်သွားရုံပါ။ အရမ်းအသံကျယ်ပြီး မီးခိုးတအားထွက်တယ်။ (လူ)ထိခိုက်မှုတွေမရှိဘူး။” လို့ ပုလောမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ ဘက်ကတော့ ပုလောအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို ဒရုန်းဗုံးကြဲတာမရှိဘဲ စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ကိုသာတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

မနေ့က မွန်းလွဲ ၂ နာရီခွဲဝန်းကျင်မှာ ပုလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းက ဒရုန်းနဲ့ နှစ်ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံကိုအာနိုးဆီက သိရပါတယ်။

“မနေ့ မွန်းလွဲ ၂:၂၀ မှာတကြိမ် ၂:၄၀ မှာ တကြိမ် တိုက်ခိုက်ပါတယ်။ အထိအခိုက်မရှိဘူးလို့တော့ သိရတယ် ခင်ဗျ။” လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။

ပုလောမြို့နယ်ထွေအုပ်ရုံးနဲ့ လယ်ဝိုင်းဘုန်းကြီးကျောင်းဟာလည်း လမ်းရဲ့ တဖက်တချက် စီမှာရှိတာဖြစ်ပါတယ်။

ပုလောမြို့နယ်အတွင်းပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကတည်းက နှစ်ဖက်ပစ်ခတ်မှုတွေဖြစ်နေတာပါ။

ပုလောမြို့ပေါ်မှာ ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့နေ့မှာလည်း ဇရပ်ဆိပ်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

The Tanintharyi Times