“ဘယ်ဒရုန်းမှ လာလို့ မရစေရဘူး”လို့ ကြွေးကြော်နေတဲ့ ခလရ-၂၈၃ တပ်ရင်းဌာနချုပ် အပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲနေရာ တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ
“ဘယ်ဒရုန်းမှ လာလို့ မရစေရဘူး”လို့ ကြွေးကြော်နေတဲ့ ခလရ-၂၈၃ တပ်ရင်းဌာနချုပ် အပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲနေရာ တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရ
ကြာအင်းဆိပ်ကြီးမြို့ရှိ ခလရ-၂၈၃ တပ်ရင်းဌာနချုပ်၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ဆေးရေးဂိတ်၊ ခလယ် တံခွန်တိုင် ရဲစခန်းတို့ အပါအဝင် စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ အများအပြားကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဇွန်လ၂၉ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ တပတ်တာအတွင်း ဒရုန်းများနဲ့ နေ့စဉ် ဗုံးမိုးရွာချ တိုက်ခိုက်ခဲ့ပါတယ်။
“ခလရ ၂၈၃ တပ်ရင်းဌာနချုပ် အပါအဝင် ကြာအင်းဆိပ်ကြီးထဲက စစ်ကောင်စီစခန်းတွေမှာ ဒရုန်းတွေ မလာနိုင်အောင် ဂျန်ပါ သေချာ တပ်ဆင်ထားတယ်ဆိုပြီး ဒီကောင်တွေ လေကြီးနေတာ။ ဘယ်ဒရုန်းမှ လာလို့မရစေရဘူးလို့ သူတို့ ကြွေးကြော်ထားလို့ ကျနော်တို့ ဇွန် ၂၉ ရက်နေ့ကနေစပြီး နေ့တိုင်း ဒရုန်းနဲ့ ဗုံးမိုးရွာပေးလိုက်တယ်။ ဒီကောင်တွေ တော်တော်တော့ လန့်သွားတယ်၊ အသံကို မထွက်တော့ဘူး”လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ငွေမောင်းသံကို ပြောပါတယ်။
ဒီလို တိုက်ခိုက်ရာမှာ ၈၁ မမ ဗုံးသီး၊ ၆၀ မမဗုံးသီး အစစ် ၅၀ ကျော် အပါအဝင် လက်လုပ်ဗုံးသီး များစွာကိုပါ အသုံးပြုပြီး နေ့စဉ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တပတ်အတွင်း အကြိမ်ပေါင်း ၂၀ ကျော် တိုက်ခိုက်နိုင်ခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ငွေမောင်းသံကို ပြောပြပါတယ်။
ဒရုန်းများနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီရဲ့ ခလရ ၂၈၃ တပ်ရင်းဌာနချုပ်အတွင်းရှိ အဆောက်အအုံများ အပါအဝင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ အခြေပြုတပ်စွဲရာ အဆောက်အအုံများ ကြေမွပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အမြှောက်တပ် အမတ-၃၁၈ မှ စစ်ဗိုလ် ၁ ဦးနဲ့ စစ်သား ၁ ဦး သေဆုံးကာ စစ်သား ၅ ဦးထက် မနည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ကနဦး စုံစမ်းသိရှိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ကျေးရွာတွေ ထဲကို ရမ်းသမ်း ပစ်ခတ်ခဲ့ပြီး KNLA၊ SOF နဲ့ Cloud Wings ပူးပေါင်း တပ်ဖွဲ့တွေဘက်မှာ လူ၊ ပစ္စည်း ထိခိုက် ဆုံးရှုံးမှု တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် အပါအဝင် အကြမ်းဖက် စစ်တပ်နဲ့ ၎င်းတို့ လက်ပါးစေ ဝန်ထမ်းတွေအနေနဲ့ ဒေသခံ ပြည်သူတွေအပေါ် ဥပဒေမဲ့ ဖိနှိပ်အနိုင်ကျင့်တာ၊ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေကို မလုပ်နိုင်တော့တဲ့အထိ စစ်အာဏာရှင်တွေကို အမြစ်ဖြတ် ချေမှုန်းသွားပါမယ်လို့ KNLA/ SOF နဲ့ Cloud Wings ဒရုန်းပူးပေါင်းတပ်တွေက တော်လှန်ပြည်သူတွေကို အသိပေးထားပါတယ်။
နောင်ဘို
The Tanintharyi Times

